ထိန်းချုပ်မှုကင်းမဲ့နေခဲ့သည့် တရုတ်ဒုံးပျံ အိန္ဒိယသမုဒ္ဒရာထဲ ကျသွားခဲ့

ထိန်းချုပ်မှုကင်းမဲ့နေခဲ့သည့် တရုတ်ဒုံးပျံ အိန္ဒိယသမုဒ္ဒရာထဲ ကျသွားခဲ့
Photo - AFP

မေ ၉

ထိန်းချုပ်မှုကင်းမဲ့နေခဲ့သည့် တရုတ်ဒုံးပျံတစ်စင်း၏ ကြီးမားသော အပိုင်းကြီးတစ်ခုသည် ကမ္ဘာ့လေထုထဲ ပြန်လည်၀င်ရောက်ခဲ့ပြီး မေလ ၉ ရက်တွင် အိန္ဒိယသမုဒ္ဒရာထဲ ကျကာ တစ်စစီဖြစ်သွားခဲ့ပြီ ဖြစ်ကြောင်း တရုတ် အာကာသအေဂျင်စီက ပြောသည်။

ယင်းမတိုင်မီက အလေးချိန် ၁၈ တန်ရှိ အဆိုပါ ဒုံးပျံအစိတ်အပိုင်း မည်သည့်နေရာသို့ ကျရောက်လာမည်လဲ ဆိုသည်နှင့်ပတ်သက်ပြီး စိတ်ပူပန်စရာ ကောလာဟလ ထင်ကြေးပေးမှုများ ထွက်ပေါ်ထားခဲ့သည်။

တရုတ် ဒုံးပျံ Long March 5 B ၏ အထိန်းအကွပ်မဲ့ ကျလာနေသော ဒုံးပျံအစိတ်အပိုင်းကြောင့် အန္တရာယ် အနည်းအကျဥ်းမျှသာ ရှိသည်ဟု ပေကျင်းရှိ တာ၀န်ရှိသူများက ပြောသည်။ တရုတ် အာကာသစခန်းသစ်၏ ပထမမော်ကျူးကို သယ်ဆောင်သွားသော အဆိုပါ ဒုံးပျံကို ဧပြီ ၂၉ ရက် ကမ္ဘာဂြိုလ်ပတ်လမ်းထဲ လွှတ်တင်ခဲ့သည်။

“၂၀၂၁ မေလ ၉ ရက်မှာ စောင့်ကြည့်လေ့လာ စိစစ်အကဲဖြတ်မှု လုပ်ခဲ့ရာမှာ ဒုံးပျံရဲ့ နောက်ဆုံးအဆင့် အာကာသအပျက်ထည်ဟာ လေထုထဲ ပြန်၀င်လာခဲ့ပါပြီ” ဟု တရုတ်၏ လူလိုက်ပါနိုင်သော အာကာသ အင်ဂျင်နီယာရုံးက ထုတ်ပြန်သည်။ ထို့ပြင် ဒုံးပျံ ကျဆင်းမှုနှင့်ပတ်သက်ပြီး မော်လ်ဒိုက်အနီး အိန္ဒိယသမုဒ္ဒရာထဲ မြေပုံညွှန်းတစ်ခုကိုလည်း ယင်းက ထုတ်ဖော်ခဲ့သည်။

ထို့ပြင် ဒုံးပျံ၏ အပိုင်းအများစုသည် တစ်စစီ ဖြစ်သွားခဲ့ပြီး ပြန်လည် ၀င်ရောက်မှုအတွင်း ပျက်စီးသွားခဲ့ကြောင်း ယင်းက ဖြည့်စွက်ပြောသည်။

တစ်ချိန်တည်းမှာပင် အမေရိကန် စစ်ဘက် ဒေတာအချက်အလက်များကို အသုံးပြုသည့် စောင့်ကြည့်လေ့လာမှုအဖွဲ့ Space-Track ကလည်း အဆိုပါ တရုတ်ဒုံးပျံ ပြန်လည်၀င်ရောက်မှုကို အတည်ပြုသည်။

ကမ္ဘာမြေ၏ ၇၀ ရာခိုင်နှုန်းကို ရေထုက ဖုံးလွှမ်းထားသည့်အတွက် မည်သည့် အာကာသအပျက်ထည်မဆို သမုဒ္ဒရာထဲသို့သာ ကျဆင်းလိမ့်မည်ဟု ကျွမ်းကျင်သူတစ်ချို့၏ ကြိုတင်ခန့်မှန်းချက်များနှင့် ယခု ဒုံးပျံ ဆင်းသက်မှုက တူညီနေခဲ့သည်။

သို့သော် ယင်းကဲ့သို့ ကြီးမားသော အရာ၀တ္ထုတစ်ခု အထိန်းအကွပ်မဲ့ ဆင်းသက်ကျရောက်လာမှုကြောင့် ထိခိုက်ပျက်စီးမှု၊ သေကျေဒဏ်ရာရမှုများ ဖြစ်နိုင်ခြေ ရှိသည်ဆိုပြီး စိုးရိမ်ပူပန်မှုများကိုလည်း ထွက်ပေါ်ထားစေခဲ့သည်။

အမေရိကန်နှင့် ဥရောပ အာကာသ အာဏာပိုင်များသည် အဆိုပါ တရုတ်ဒုံးပျံကို စောင့်ကြည့်ထောက်လှမ်းခဲ့သူများထဲတွင် ပါ၀င်ခဲ့ပြီး ယင်းဒုံးပျံ မည်သည့်နေရာကို မည်သည့်အချိန်တွင် ကျဆင်းနိုင်သလဲ ဆိုသည်ကို တွက်ချက်ရန် ကြိုးပမ်းခဲ့ကြသည်။

အမေရိကန် ကာကွယ်ရေး၀န်ကြီး လွိုက်ဒ် အော်စတင်က အမေရိကန်စစ်တပ်အနေဖြင့် အဆိုပါ တရုတ်ဒုံးပျံကို ပစ်ချရန် အစီအစဥ်မရှိကြောင်း ပြောခဲ့ပြီး တရုတ်နိုင်ငံသည် ယင်းဒုံးပျံ ကျဆင်းမှုနှင့်ပတ်သက်ပြီး ပေါ့ဆလွန်းသည်ဟု ၎င်းက ပြောခဲ့သည်။

ယမန်နှစ်ကလည်း အခြား Long March ဒုံးပျံတစ်စင်း၏ အပျက်အစီးသည် အိုင်ဗရီကို့စ်နိုင်ငံ ကျေးရွာများသို့ ကျရောက်ခဲ့ရာ အဆောက်အအုံဆိုင်ရာ ထိခိုက်ပျက်စီးမှု ဖြစ်ပေါ်စေခဲ့သော်လည်း လူ သေဆုံး၊ ဒဏ်ရာရမှုများတော့ မရှိခဲ့ပေ။

“သမုဒ္ဒရာထဲ ပြန်ကျလာမှုက အချက်အလက်တွေအရ အမြဲတစ်စေ ဖြစ်နိုင်ခြေအများဆုံး ဖြစ်ပါတယ်” ဟု ဟားဗက် အခြေစိုက် နက္ခတ္တဗေဒပညာရှင် ဂျိုနသန် မက်ဒိုး၀ဲလ်က တွစ်တာတွင်ရေးခဲ့သည်။

“မော်လ်ဒိုက်နိုင်ငံထဲမှာ အပျက်အစီး ကျတဲ့ သတင်းတွေ ကျွန်တော်တို့ မရဘူးဆိုရင်တော့ တရုတ်ဟာ သူ့ရဲ့ လောင်းကြေးထပ်မှုမှာ အနိုင်ရခဲ့ပုံ ရပါတယ်၊ ဒါပေမယ့် ဒါက တကယ်ပဲ အဆင်အခြင်မဲ့နေပါတယ်” ၎င်းက ပြောခဲ့သည်။

ထို့ပြင် ယခုလိုမျိုး အဖြစ်မျိုးကို ထပ်မဖြစ်စေရန်အတွက် တရုတ်အနေဖြင့် Long March-5B ကို ပြန်လည်ဒီဇိုင်းဆွဲသင့်ကြောင်း မက်ဒိုး၀ဲလ်က ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required