တရုတ်နှင့် ကွဲလွဲမှုများကို ပြန်လည်စေ့စပ်ရန် ခက်ခဲလာကြောင်း နယူးဇီလန်ဝန်ကြီးချုပ် ပြောကြား

တရုတ်နှင့် ကွဲလွဲမှုများကို ပြန်လည်စေ့စပ်ရန် ခက်ခဲလာကြောင်း နယူးဇီလန်ဝန်ကြီးချုပ် ပြောကြား

နယူးဇီလန်ဝန်ကြီးချုပ်က အော့ကလန်မြို့တွင် ကျင်းပသော တရုတ်စီးပွားရေးထိပ်သီးဆွေးနွေးပွဲတွင် တရုတ်နှင့် နယူးဇီလန်တို့အကြား သဘောမတူသော၊ မတူနိုင်သော၊ တူလိမ့်မည်မဟုတ်သည့် ကိစ္စရပ်များရှိသော်လည်း ယင်းကွဲပြားခြားနားမှုများက နှစ်နိုင်ငံအကြား ဆက်ဆံရေးကို သက်ရောက်စေနိုင်မည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။

“တရုတ်နိုင်ငံရဲ့ အခန်းကဏ္ဍက ကမ္ဘာမှာ ကြီးထွား ပြောင်းလဲလာချိန်မှာ ကျွန်မတို့စနစ်တွေကြားက ကွာဟချက်တွေ၊ အကျိုးစီးပွားတွေနဲ့ ဒီစနစ်တွေကို ဖြစ်ပေါ်စေတဲ့ တန်ဖိုးတွေက ပိုပြီးစေ့စပ်ဖို့ ခက်ခဲလာတယ်ဆိုတာကို ဒီမှာတက်ရောက်လာတဲ့လူတိုင်းက သိရှိနေမှာပါ ” ဟု သူမက ပြောကြားခဲ့ပြီး “ဒါက ကျွန်မတို့နဲ့ အင်ဒို-ပစိဖိတ်ဒေသမှာရှိတဲ့ အခြားနိုင်ငံတွေအတွက်လည်း စိန်ခေါ်မှုတစ်ခုဖြစ်သလို ဥရောပနဲ့ အခြားဒေသတွေကလဲ ကိုင်တွယ်ဖို့ခက်ပါလိမ့်မယ်”

အမေရိကန်နှင့် သြစတြေးလျတို့အပါအဝင် နယူးဇီလန်၏ မဟာမိတ်များနှင့် တရုတ်နိုင်ငံတို့ ဆက်ဆံရေးယိုယွင်းလာစဉ် နယူးဇီလန်ဝန်ကြီးချုပ်အနေဖြင့် ယခုကဲ့သို့ ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

နယူးဇီလန်အနေဖြင့် သြစတြေးလျ၊ ဗြိတိန်၊ ကနေဒါနှင့် အမေရိကန်ပြည်ထောင်စုတို့ပါဝင်သော Five Eyes ထောက်လှမ်းရေးနှင့် လုံခြုံရေးအဖွဲ့ကို အသုံးပြု၍ တရုတ်ကို ဝေဖန်ရန် တွန့်ဆုတ်နေခြင်းကြောင့် အဖွဲ့ဝင်မဟာမိတ်နိုင်ငံများ၏ ဖိအားပေးမှုများနှင့် ရင်ဆိုင်နေရကြောင်း သြစတြေးလျအသံလွှင့်ကော်ပိုရေးရှင်း (ABC) က သတင်းဖော်ပြသည်။

နယူးဇီလန်နိုင်ငံခြားရေးဝန်ကြီး နာနာရီအာ မဟူတာက Five Eyes ထောက်လှမ်းရေးအဖွဲ့၏အခန်းကဏ္ဍကို တိုးချဲ့ခြင်းအတွက် စိတ်မသက်မသာခံစားရကြောင်း ပြီးခဲ့သည့်လက ပြောကြားခဲ့သည်။

ပြီးခဲ့သည့် လအနည်းငယ်က နယူးဇီလန်ကုန်သွယ်ရေးဝန်ကြီး ဒါမီအန် အိုကော်နာက သြစတြေးလျအနေဖြင့် တရုတ်အစိုးရအား ပိုမိုလေးစားမှုပြရန် နယူးဇီလန်နှင့် တရုတ်တို့၏ လွတ်လပ်သောကုန်သွယ်ရေး သဘောတူညီချက်အား ထပ်မံအဆင့်မြှင့် လက်မှတ်ရေးထိုးအပြီးတွင် တိုက်တွန်းခဲ့သည်။

အမေရိကန်နှင့် သြစတြေးလျတို့ကဲ့သို့မဟုတ်ဘဲ နယူးဇီလန်အရာရှိများသည် ပစိဖိတ်ဒေသတွင် တရုတ်၏ သြဇာလွှမ်းမိုးမှုကို တိုက်ရိုက်ဝေဖန်ခြင်းမပြုဘဲ သတိထားလုပ်ဆောင်နေသည်။ (ANI) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly