ဆီးရီးယားမှာ ဂျီဟတ်ဝါဒီတွေရဲ့ လက်နက်တိုက် ပေါက်ကွဲမှု ဖြစ်ပြီး သုံးဦး သေဆုံး 

ဆီးရီးယားမှာ ဂျီဟတ်ဝါဒီတွေရဲ့ လက်နက်တိုက် ပေါက်ကွဲမှု ဖြစ်ပြီး သုံးဦး သေဆုံး 
Photo - AFP

မေ ၄

ဆီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်း အီဒလစ်ပြည်နယ်က ဂျီဟတ်ဝါဒီတွေရဲ့ လက်နက်တိုက်မှာ တနင်္လာနေ့က ပေါက်ကွဲမှုဖြစ်ပြီး တိုက်ခိုက်ရေးသမားနှစ်ဦးနဲ့ အရပ်သားတစ်ဦး သေဆုံးတယ်လို့ စစ်ပွဲစောင့်ကြည့်ရေးအဖွဲ့က ပြောပါတယ်။ 

ပေါက်ကွဲမှုကြောင့် လက်နက်ဂိုထောင်ဟာ မွမွကြေပြီး အနီးက လယ်ကွင်းတွေမှာလည်း မီးလောင်ကျွမ်းတယ်လို့ ဖူအာမြို့အနီး ဖြစ်ပွားရာဆီ ရောက်ရှိနေတဲ့ အေအက်ဖ်ပီသတင်းထောက်က သတင်းပေးပို့ပါတယ်။ 

ဂျီဟတ်ဝါဒီတွေ ဒုံးကျည်နဲ့ ဖောက်ခွဲရေးပစ္စည်းတွေ ထုတ်လုပ်ရာ လက်နက်ဂိုထောင် ပေါက်ကွဲမှုဖြစ်ကြောင်း ဆီးရီးယား လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က ပြောပါတယ်။ 

ပေါက်ကွဲမှုအတွင်း ဂျီဟတ်ဝါဒီ နှစ်ဦးနဲ့ အနီးနားမှာ နေထိုင်တဲ့ အမျိုးသမီးတစ်ဦး သေဆုံးတယ်လို့ ဗြိတိန်အခြေစိုက် အဲဒီအဖွဲ့က ဆိုပါတယ်။ 

ပေါက်ကွဲရတဲ့ အကြောင်းရင်းကို လတ်တလော ချက်ချင်း မသိရသေးပေမယ့် လေကြောင်းတိုက်ခိုက်မှုကြောင့် ဖြစ်တန်ရာများတယ်လို့ စစ်ပွဲစောင့်ကြည့်ရေး အဲဒီအဖွဲ့က ပြောပါတယ်။ 

အဲဒီ လက်နက်တိုက်ကို မည်သည့် ဂျီဟတ်အုပ်စုက ပိုင်ဆိုင်ကြောင်းကို စောင့်ကြည့်ရေးအဖွဲ့အနေနဲ့ လက်ငင်းမှာ အတည်မပြုနိုင်သေးပေမယ့် အီဒလစ်ပြည်နယ်ကို ကြီးစိုးထားတဲ့ Hayat Tahrir al-Sham အုပ်စုရဲ့ ထိန်းချုပ်မှုအောက်မှာတော့ ရှိတာမဟုတ်ကြောင်း ပြောပါတယ်။ 

ဆီးရီးယားမှာ အယ်ခိုင်ဒါဩဇာခံအဖွဲ့ဟောင်းက ခေါင်းဆောင်တွေ ပါဝင်တဲ့ HTS အဖွဲ့ဟာ နယ်မြေအများစုကနေ ပြိုင်ဖက်ဂျီဟတ်အုပ်စုတွေကို ဖယ်ရှားရှင်းလင်းနေပေမယ့် အုပ်စုငယ်တွေ ကျန်ရှိနေဆဲ ဖြစ်ပါတယ်။ 

ဆီးရီးယားအစိုးရကတော့ သမ္မတ ဘာရှာအာဆတ် အစိုးရ အုပ်ချုပ်မှုကို ဆန့်ကျင့်တဲ့ နောက်ဆုံးဒေသဖြစ်တဲ့ အီဒလစ်နယ်မြေကို ပြန်လည်သိမ်းပိုက်ရေး သံန္ဒိဌာန် ချထားပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly