စစ်အုပ်စု အာဏာသိမ်းတာကြောင့် ဗျာများနေရဦးမယ့် ဗဟိုဘဏ် - စီးပွားရေးဆောင်းပါး

စစ်အုပ်စု အာဏာသိမ်းတာကြောင့် ဗျာများနေရဦးမယ့် ဗဟိုဘဏ် - စီးပွားရေးဆောင်းပါး
ပုံစာ - ဖေဖော်ဝါရီ ၁၁ ရက်နေ့က ဗဟိုဘဏ်ရှေ့တွင် စစ်အာဏာရှင်စနစ်အလိိုမရှိကြောင်းဆန္ဒပြနေစဉ် (Photo - AFP)

ဧပြီ ၃၀

“အခု ကိုယ်ထည့်ထားတဲ့ငွေတောင် ထုတ်ချင်တိုင်း ထုတ်လို့မရဘဲ ဖြစ်နေတာကို နောက်ထပ် ဘဏ်အကောင့်ဖွင့် ငွေထည့်ရင် လိုသလောက် ထုတ်ပေးမယ်ဆိုတာ ဖြစ်နိုင်ပါ့မလား" ဟု ပုဂ္ဂလိကပိုင် ဘဏ်နှစ်ခုတွင် အကောင့်ဖွင့်ထားသူ အရပ်ဘက်အဖွဲ့အစည်းတစ်ခု၌ လုပ်ကိုင်နေသူက ပြောသည်။

ဧပြီလ ၂၇ က ထုတ်ပြန်လိုက်သည့် ဗဟိုဘဏ်၏ ကြေညာချက်အပေါ် ယခုကဲ့သို့ တုံ့ပြန်လိုက်ခြင်း ဖြစ်သည်။

“ပြည်သူများအနေဖြင့် လက်ဝယ်ရှိငွေသားများကို လုံခြုံမှုအတွက် ဘဏ်များတွင် အပ်နှံလိုပါက အထူးကိစ္စရပ်အနေဖြင့် ၂၀၂၁ ခုနှစ်၊ မေလ ၃ ရက်နေ့မှစပြီး ဘဏ်များတွင် ဘဏ်စာရင်းအသစ်များ ဖွင့်လှစ်၍ ငွေသားအပ်နှံထည့်သွင်းခွင့်ပြုမည်ဖြစ်ပြီး၊ ထိုစာရင်းအသစ်မှ ငွေသားပြန်လည်ထုတ်ယူလိုပါက အပ်နှံငွေသားပမာဏအတွင်း ကန့်သတ်ချက်မရှိဘဲ ထုတ်ယူခွင့်ပြုမည် ဖြစ်ပါသည်" ဟု ဗဟိုဘဏ်က ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

လက်ရှိတွင် ပြည်သူများအနေဖြင့် ပုဂ္ဂလိကဘဏ်များတွင် ၎င်းတို့ အပ်နှံထားသည့် ငွေများအား အကန့်အသတ်ဖြင့်သာ ထုတ်ယူခွင့်ပြုထားသည့်အချိန်တွင် ပုဂ္ဂလိကဘဏ်များတွင် အကောင့်သစ်ဖွင့် ငွေသိမ်းကြရန် ဗဟိုဘဏ်က တိုက်တွန်းလာခြင်းမှာ မည်သို့မှ လက်ခံနိုင်ဖွယ်ရာမရှိကြောင်းလည်း အဆိုပါ လူငယ်က ဆိုသည်။

လတ်တလောတွင် ပုဂ္ဂလိကဘဏ်များ၌ အကန့်အသတ်ဖြင့် ငွေထုတ်ပေးနေသည့်ကြားကပင် ပြည်သူများက နေ့စဉ်ရက်ဆက် ဘဏ်နှင့် ATM စက်များတွင် အချိန်ပေးကာ ငွေသားထုတ်ယူမှုများ ဆက်တိုက်ရှိနေပြီး ငွေသွင်းသည့်သူ မရှိသလောက် နည်းပါးနေသည့်အ ချိန်တွင် ဗဟိုဘဏ်က ယခုကဲ့သို့ သတင်းထုတ်ပြန်ထားခြင်းလည်း ဖြစ်သည်။

ယခုကဲ့သို့ ဗဟိုဘဏ် ထုတ်ပြန်လာခြင်းမှာ ပုဂ္ဂလိကဘဏ်များတွင် ပြည်တွင်းသုံးကျပ်ငွေ နည်းပါးလာသည့်အတွက်ကြောင့် ဖြစ်နိုင်ပြီး ဘဏ်များအပေါ် ယုံကြည်ချက်ကျဆင်းလာခြင်းကြောင့်လည်း ဖြစ်နိုင်ကြောင်း သုံးသပ်မှုများ ရှိသည်။

“ဗဟိုဘဏ်က ငွေထုတ်ရောင်းတယ်ဆိုတာ နှစ်ပိုင်းရှိနိုင်တယ်။ တစ်ခုက ပြည်တွင်းသုံးငွေ နည်းနေတာ။ နောက်တစ်ခုက ဒေါ်လာစျေးက အပြင်မှာ ၁၆၀၀ ကျော်နေပြီ၊ ဒါကို ဆွဲချချင်လို့လည်း ဖြစ်နိုင်တယ်" ဟု ပြည်တွင်းငွေကြေးစျေးကွက်တွင် လုပ်ကိုင်နေသူတစ် ဦးက ဆိုသည်။

ဗဟိုဘဏ်က ယင်းသို့ ထုတ်ပြန်ခဲ့သည့် ဧပြီလ ၂၇ ရက်တွင်ပင် စျေးပြိုင်စနစ်ဖြင့် တစ်ဒေါ်လာလျှင် ၁၅၆၀.၁ ကျပ်နှုန်းဖြင့် အမေရိကန်ဒေါ်လာ ခြောက်သန်း (မြန်မာကျပ်ငွေ သန်း ကိုးသောင်း သုံးထောင် ခြောက်ရာကျော်ဖိုး) ရောင်းချခဲ့သည်။ ထို့ပြင် ဧပြီလ ၂၂ ရက်ကလည်း အမေရိကန်ဒေါ်လာ ခြောက်သန်းဖိုး ထုတ်ရောင်းထားခဲ့သေးသည့်အတွက် တစ်ပတ်အတွင်း အမေရိကန်ဒေါ်လာ ၁၂ သန်းအထိ ရောင်းချထားခြင်း ဖြစ်သည်။

စစ်တပ် အာဏာသိမ်းနောက်ပိုင်း ဗဟိုဘဏ်က ထုတ်ပြန်ချက်များ

စစ်အုပ်စုဘက်က ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းပြီးနောက်ပိုင်း ငွေစက္ကူများနှင့် ဘဏ်များ ဖျက်သိမ်းမည်ဟူသည့် သတင်းများထွက်ပေါ်လာခဲ့သည့်အတွက် ပုဂ္ဂလိကဘဏ်များတွင် ငွေထုတ်ယူမှု မြင့်မားလာသည်။ ထို့ကြောင့် ဖေဖော်ဝါရီလ ၁ ရက်တွင် ဘဏ်များအား ပုံမှန်အတိုင်း ဆက်လက်လည်ပတ်ရန်နှင့် ဖေဖော်ဝါရီလ ၃ ရက်တွင် "ပြည်သူများအနေဖြင့် ငွေကြေးနှင့် ဘဏ်လုပ်ငန်းဆောင်ရွက်မှုများအပေါ် စိုးရိမ်မှုများမရှိဘဲ ယုံကြည်စိတ်ချစွာဖြင့် ဆက်လက်သုံးစွဲနိုင်ပါကြောင်းနှင့် ဘဏ်ဝန်ဆောင်မှုများ ပုံမှန်ဆောင်ရွက်ရန် ဘဏ်များသို့လည်း ညွှန်ကြားပြီးဖြစ်ပါကြောင်း" ဗဟိုဘဏ်က ထုတ်ပြန်ခဲ့ရသည်။ ယင်းသို့ ထုတ်ပြန်သည့်နေ့ကပင် ဗဟိုဘဏ်က တစ်ဒေါ်လာလျှင် ၁၃၈၂.၆ ကျပ်နှုန်းဖြင့် အမေရိကန်ဒေါ်လာ ၆၈ သိန်းကို ထုတ်ရောင်းပေးခဲ့သည်။

သို့သော် ယင်းထုတ်ပြန်ချက်ပြီးနောက်ပိုင်းတွင်လည်း ပုဂ္ဂလိကဘဏ်များတွင် ငွေအပ်နှံထားသူများက ဆက်တိုက်ဆိုသလို ငွေထုတ်လာခဲ့သည့်အတွက် ထုတ်ယူနိုင်သည့် ငွေပမာဏအား ကန့်သတ်ခဲ့ရသည်။ ထိုသို့ ကန့်သတ်ထားသည့်ကြားကပင် ငွေထုတ်ယူမှုများ ဆက်တိုက်ရှိလာခဲ့သည့်အတွက် ဧပြီလ ၄ ရက်တွင် "ဘဏ်များအပေါ် ပြည်သူလူထုယုံကြည်မှု ပျက်ပြားစေရန် ရည်ရွယ်ချက်ဖြင့် ဘဏ်အချို့ကို အရေးယူပိတ်သိမ်းမည်ဆိုသည့် သတင်းမှားများကို မသမာသူများက ထုတ်လွှင့်လျက်ရှိကြောင်း ကြားသိရပါသည်။ အဆိုပါ သတင်းမှားများကြောင့် ပြည်သူအချို့သည် စိုးရိမ်ပူပန်ပြီး၊ ဘဏ်များမှာ ငွေကြေးများကို လိုအပ်သည်ထက် ပိုမိုထုတ်ယူခြင်း၊ ဘဏ်များသို့ အပ်နှံမည့်ငွေကြေးများကို ဆိုင်းငံ့ထားခြင်း စသည်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း ကြားသိရပါသည်။ မြန်မာနိုင်ငံတော် ဗဟိုဘဏ်သည် ဘဏ်များအားလုံး စနစ်တကျ လုပ်ငန်းများဆောင်ရွက်ရန် အနီးကပ် ကြပ်မတ်ဆောင်ရွက်လျက်ရှိပြီး ဘဏ်များအားလုံး သတ်မှတ်ချက်များနှင့်အညီ ခိုင်မာစွာ ဝန်ဆောင်မှုပေးလျက်ရှိကြပါသည်။ ပြည်သူလူထုအနေဖြင့် စိုးရိမ်ပူပန်မှုမရှိဘဲ ဘဏ်များအပေါ် စိတ်ချယုံကြည်စွာ ဘဏ်ဝန်ဆောင်မှုများကို ပုံမှန်ရယူသုံးစွဲနိုင်ကြပါကြောင်း ထုတ်ပြန်အပ်ပါသည်" ဟု ဗဟိုဘဏ်က ထပ်မံထုတ်ပြန်ခဲ့ရသည်။

ဗဟိုဘဏ်က ထုတ်ပြန်ချက်များထုတ်၍ ငွေထုတ်ယူမှုမြင့်မားခြင်းကို ထိန်းချုပ်ရန် လုပ်ဆောင်နေသည့်ကြားကပင် ATM စက်များတွင်ပင် နေရာတစ်နေရာလျှင် ကျပ် ၅၀၀၀ မှ ၁၀၀၀၀ ထိပေး၍ လူစားထိုး နေရာယူခိုင်းကာ၍ ငွေထုတ်ယူမှုများ ရှိလာခဲ့သည်။

ထို့ပြင် အချို့သော ပုဂ္ဂလိကဘဏ်များတွင် ရာခိုင်နှုန်းတစ်ခုသတ်မှတ်၍ ငွေသားနှင့် ဘဏ်အကောင့် Bank Transfer လဲလှယ်မှုများ ရှိလာခဲ့သည်။ ငွေသားလက်ဝယ်ရှိသူများက ငွေလိုအပ်နေသူများအား ရာခိုင်နှုန်းတစ်ခုသတ်မှတ် အမြတ်ယူ၍ ငွေသား ထုတ်ပေးခြင်းမျိုး လုပ်လာခဲ့သည့်အတွက် ဗဟိုဘဏ်က ဧပြီလ ၁၅ ရက်တွင် ယခုကဲ့သို့ ထုတ်ပြန်၍ တားမြစ်ခဲ့ရသည်။

“လုပ်ငန်းရှင်အချို့သည် ဘဏ်များသို့ ငွေသားအပ်နှံမှုမပြုဘဲ လက်ဝယ်ငွေသားထားရှိ၍ ငွေသားလိုအပ်ချက်ရှိသူများနှင့် ချိတ်ဆက်ပြီး ရာခိုင်နှုန်းတစ်ခု အကျိုးအမြတ်ရယူဆောင်ရွက်သော စျေးကွက်ဖြစ်ပေါ်လာသည်ကို သိရှိရပါသည်။ ထိုကဲ့သို့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ထုတ်ဝေသော ငွေစက္ကူကို အကျိုးအမြတ်ရယူလိုခြင်းငှာ ရောင်းဝယ်ဖောက်ကား ဆောင်ရွက်ခြင်းသည် မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥပဒေ၊ အခန်း (၁၆) တားမြစ်ချက်များ၊ အပိုဒ် ၉၉ (ခ) နှင့် ငြိစွန်းလျက်ရှိပါသဖြင့် ဆောင်ရွက်ခြင်း မပြုကြပါရန်နှင့် လိုက်နာဆောင်ရွက်ခြင်း မရှိပါက ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း" ဟု ဗဟိုဘဏ်ထုတ်ပြန်ချက်တွင် ပါရှိသည်။

ပုဂ္ဂလိကဘဏ်များ အကျပ်အတည်း

ဗဟိုဘဏ်က ငွေကြေးစျေးကွက် တည်ငြိမ်ရေးအတွက် လုပ်ဆောင်နေသော်လည်း ပုဂ္ဂလိကဘဏ်များတွင်လည်း အကျပ်အတည်းနှစ်ရပ်နှင့် ရင်ဆိုင်နေခဲ့ရသည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဘဏ်ဝန်ထမ်းများ CDM ဝင်ကုန်သည့်အတွက် ဝန်ထမ်းမလုံလောက်ခြင်းနှင့် နေ့စဉ်ရက်ဆက် ထုတ်ပေးနေရသည့် ဘဏ်အပ်ငွေများအား အလျဉ်မီ ထုတ်ပေးနိုင်ရန်အတွက် ငွေသားအကန့်အသတ် ရှိလာခြင်း ဖြစ်သည်။ ဘဏ်များတွင် ဝန်ထမ်းများ မလုံလောက်တော့သည့်အတွက် ဘဏ်ခွဲအများစု ပိတ်ထားခဲ့ရကာ ပုံမှန်ဝန်ဆောင်မှုများ မပေးနိုင်တော့သည့် အခြေအနေသို့ ရောက်ရှိခဲ့ပြီး ဝန်ထမ်းများ ရုံးပြန်တက်ရန် ဖိအားပေးမှုပြုလုပ်သည့် အချို့သော ပုဂ္ဂလိကဘဏ်များမှာ လူထုက ပြစ်ဒဏ်ပေးသည့်အနေဖြင့် စုပြုံငွေထုတ်မှုများ ပိုမိုများပြားလာခဲ့သည်။ ထို့ပြင် အချို့သော မြို့နယ်များရှိ ဘဏ်များတွင် ပေါက်ကွဲမှု များပါ ရှိလာခဲ့သည်။
တစ်ဖက်တွင်လည်း ငွေသွင်းမှုမရှိဘဲ ငွေထုတ်ယူမှုများသာ ဆက်တိုက်ရှိလာသည့်အတွက် အကန့်အသတ်ဖြင့် ငွေထုတ်ပေးနေသည့် ကြားကပင် ငွေသားလက်ဝယ်ထားရှိနိုင်မှုအတွက် အခက်အခဲများ ဆက်တိုက်ကြုံနေကြရသည်။ ယခင်က ဘဏ်အချင်းချင်း ဖြစ်စေ၊ ဗဟိုဘဏ်နှင့် ချိတ်ဆက်၍ ဖြစ်စေ ငွေကြေးလည်ပတ်မှု အကျပ်အတည်း မရှိစေရန်အတွက် လုပ်ဆောင်လေ့ရှိသော်လည်း လတ်တ လောအခြေအနေအရ ပုဂ္ဂလိကဘဏ်တိုင်းလိုလိုတွင် အဆိုပါအခက်အခဲနှင့် ရင်ဆိုင်နေခြင်း ဖြစ်သည်။

ဘဏ်နှင့် ငွေကြေးဝန်ဆောင်မှုလုပ်ငန်းမှာ ယုံကြည်မှုအပေါ်တွင် အခြေခံ၍ လည်ပတ်ရသည့် လုပ်ငန်းအမျိုးအစားဖြစ်ပြီး စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ဗဟိုဘဏ်က ခိုင်းစေသည့်အတိုင်း အကန့်အသတ်ဖြင့် ငွေထုတ်ပေးခြင်း၊ ငွေထုတ်ယူနိုင်သည့် နေရာများ အား ဘဏ်များကိုယ်တိုင် ကန့်သတ်ထားခြင်းများကြောင့် ဘဏ်စာရင်းဖွင့် ငွေအပ်နှံထားသူများဘက်က ယုံကြည်ချက် လျော့ကျလာ ခြင်းနှင့်လည်း ရင်ဆိုင်နေရသည်။

နေရာရွှေ့လာသည့် ရင်းနှီးမြှုပ်နှံမှုနှင့် တန်ဖိုးကျလာသည့် ကျပ်ငွေ

ကိုဗစ် ကူးစက်မြန်ရောဂါကြောင့် စီးပွားရေးလုပ်ငန်းများ တန့်နေခဲ့ပြီး စစ်တပ်အာဏာသိမ်းမှုကြောင့် လုပ်ငန်းများ ရပ်ဆိုင်းကုန်သည့် အတွက် စီးပွားရေးလုပ်ငန်းရှင်များမှာ ရွှေနှင့် ဒေါ်လာစျေးကွက်ဘက်တွင် ပိုမို ရင်းနှီးမြှုပ်နှံမှုများ တိုးလုပ်လာခဲ့သည်။ ထို့ကြောင့် ရွှေစျေးမှာ တစ်ကျပ်သားလျှင် ၁၄ သိန်းကျော်အထိ မြင့်တက်ခဲ့ကာ ဒေါ်လာစျေးမှာလည်း တစ်ဒေါ်လာလျှင် ၁၆၀၀ ကျော်အထိ မြင့် တက်သွားခဲ့သည်။

ယခင်က ဒေါ်လာနှင့် ရွှေစျေးမှာ ကမ္ဘာ့အခြေအနေပေါ် မူတည်၍ အတက်အကျ ရှိခဲ့ရာက ယခုအခါ ပြည်တွင်းသုံးငွေ (ကျပ်) အပေါ် မယုံကြည်ရသည့်အခြေအနေကြောင့် ရင်းနှီးမြှုပ်နှံမှုတိုးကာ စျေးများ မြင့်တက်လာခြင်းလည်း ဖြစ်သည်။ အတည်မပြုနိုင်သည့် သတင်းများအရ စစ်တပ်ပိုင် မြဝတီဘဏ်တွင် ငွေအမြောက်အမြား အပ်နှံထားသူများပင် မြန်မာကျပ်ငွေများ ထုတ်ကာ ဒေါ်လာဝယ် ထားခြင်းများ လုပ်ဆောင်လာလျက် ရှိသည်။

“အခု ဒေါ်လာတွေ ထုတ်ရောင်းတယ်ဆိုတာ အဓိကတော့ အပြင်က ဒေါ်လာစျေးကို ဆွဲချချင်တာလည်း ပါတယ်။ နောက်တစ်ခုက ပုဂ္ဂလိကဘဏ်တွေမှာ လိုအပ်နေတဲ့ မြန်မာငွေကို တစ်ဖက်က ပြန်ဖြည့်ပေးနိုင်ဖို့အတွက် လုပ်တာလည်း ဖြစ်နိုင်တယ်။ အရင်က ဗဟိုဘဏ်က ဒေါ်လာထုတ်ရောင်းရင် ပွဲစားတွေ၊ ဘဏ်တွေက သွားတာ။ အခုက ပွဲစားတွေကိုတောင် လက်ရှောင်ခိုင်းထားတယ်။ ပွဲစားတွေ ပါလာရင် ဒေါ်လာစျေးက ကျဖို့ မရှိဘူး" ဟု ဒေါ်လာအရောင်းအဝယ် ပြုလုပ်နေသည့်သူတစ်ဦးက ပြောသည်။

ဗျာများနေရဦးမယ့် ဗဟိုဘဏ်

စစ်အုပ်စု အာဏာသိမ်းပြီးနောက်ပိုင်း ဗဟိုဘဏ်က တစ်ဆင့် ယုံကြည်မှုအပေါ် အခြေခံလုပ်ဆောင်ရသည့် ပုဂ္ဂလိကဘဏ်များကို ထိန်းချုပ်ထားသည်ဟု ဘဏ်ဝန်ဆောင်မှု ရယူသုံးစွဲနေသူတိုင်းက ယုံကြည်နေကြသည်။ ယင်းယုံကြည်ချက်ကပင် ပုဂ္ဂလိဘဏ်များ တွင် ငွေသွင်းခြင်းထက် ငွေထုတ်ယူခြင်းများ ပိုဖြစ်လာစေရန် ဖန်တီးပေးနေပြီး ဒေါ်လာနှင့် ရွှေစျေး မြင့်တက်မှုကလည်း ပိုမို အား ကောင်းနေဦးမည် ဖြစ်သည်။

ယင်းပြဿနာများကို ထိန်းချုပ်/ထိန်းသိမ်းနိုင်ရေးအတွက် ဒေါ်လာထုတ်ရောင်း ဖြေရှင်းနည်းမှာလည်း မြေပြင်အခြေအနေအရ မထိရောက်တာကြောင့် ဗဟိုဘဏ်အနေနဲ့ နောက်ထပ် ထုတ်ပြန်ချက်များ ထုတ်ရင်းဖြင့်သာ ဗျာများကိန်းဆိုက်နေဦးမည် ဖြစ်သည်။

ထွဏ်းမောင်
(စာရေးသူသည် ပြည်ပနှင့် ပြည်တွင်းသတင်းဌာနများတွင် သတင်းထောက်၊ အယ်ဒီတာအဖြစ် လုပ်ကိုင်ခဲ့ကာ လက်ရှိတွင် ပြည်တွင်းသတင်းဌာနများ၌ နိုင်ငံရေးနှင့် စီးပွားရေးဆိုင်ရာ သတင်းဆောင်းပါးများ၊ သုံးသပ်ချက်နှင့် အတွေးအမြင်ဆောင်းပါးများ ရေးသားနေသူ တစ်ဦးဖြစ်သည်။ ထို့ပြင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖွဲ့စည်းထားသည့် လွတ်လပ်သော သတင်းသမားများ အင်အားစု - IJF တွင် ဦးဆောင်ပါဝင်နေသူလည်း ဖြစ်သည်။)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly