ကက်ရှ်မီးယားတွင် အိန္ဒိယနှင့် ပါကစ္စတန် အပစ်အခတ်ရပ်ထားသောကြောင့် ဒေသခံများ ငြိမ်းချမ်းလျှက်ရှိ

By VOA
29 April 2021
ကက်ရှ်မီးယားတွင် အိန္ဒိယနှင့် ပါကစ္စတန် အပစ်အခတ်ရပ်ထားသောကြောင့် ဒေသခံများ ငြိမ်းချမ်းလျှက်ရှိ

တောင်ကြောများတစ်လျောက် အထက်စီးမှ တပ်စွဲထားသည့် အိန္ဒိယစစ်စခန်းတစ်ခုမှ ၃ ကီလိုမီတာခန့်ဝေးသော နေရာတွင်ရှိသော ပါကစ္စတန်အုပ်ချုပ်ရေးအောက်ရှိ လူဦးရေ ၃၀ဝ၀ဝ ခန့်ရှိ သည့် ကက်ရှ်မီးယားဒေသ၏ လှပသော ဘတ်တယ်လ်ချိုင့်ဝှမ်းဒေသတွင် ပဋိပက္ခဒဏ်ခံနေရသည့် ရွာသူရွာသားများက စီးပွားရေးနှင့် လူမှုရေးလုပ်ငန်းများ ပြန်လည်စတင်နေပြီ ဖြစ်သည်။

နှစ်နိုင်ငံအကြား ၁၈ နှစ်ကြာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးထားသည့်စာချုပ်ကို ပြန်လည်အသက်သွင်းပြီးနောက် ယင်းတို့၏ ကက်ရှ်မီးယားရှေ့တန်းတစ်လျောက်တွင် သေနတ်သံများ တိတ်ဆိတ်သွားသည်မှာ ၂ လကျော်သွားပြီဖြစ်သည်။

ထိန်းချုပ်ရေးမျဉ်း (LoC) ဟု လူသိများသော ၇၄၀ ကီလိုမီတာရှည်လျားသည့် စစ်ရေးဆိုင်ရာမျဉ်းသည် အနုမြူလက်နက်ပိုင်ဆိုင်သော အိမ်နီးချင်းနှစ်နိုင်ငံအကြား အငြင်းပွားနေသော ဟိမဝန္တာဒေသကို ပိုင်းခြားထားပြီး ယင်းဒေသကို နှစ်နိုင်ငံစလုံးက ပိုင်ဆိုင်ကြောင်း အခိုင်အမာပြောကြားနေသည်။

ဖေဖော်ဝါရီလနှောင်းပိုင်းတွင် အံ့အားသင့်ဖွယ်ရာ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်သည် နှစ်ပေါင်းများစွာ အိန္ဒိယနှင့် ပါကစ္စတန်စစ်တပ်များအကြား အမြှောက်များ၊ မော်တာများနှင့် လက်နက်ငယ်များ အပြန်အလှန် ပစ်ခတ်နေမှုများကို ထိထိရောက်ရောက် ရပ်တန့်စေခဲ့ပြီး လွန်ခဲ့သောသုံးနှစ်အတွင်းနှစ်ဖက်စလုံးတွင် ပြည်သူလူထု၏အသက်များကို ဆိုးဆိုးရွားရွား ထိခိုက်ပျက်စီးစေခဲ့သည်။

“အပစ်အခတ်ရပ်စဲရေးမတိုင်ခင်က ဘဝက ဆိုးရွားလွန်းပါတယ်။ အထူးသဖြင့် ကျွန်မတို့လို သက်ကြီးရွယ်အိုတွေ အတွက်ပေါ့” ဟု အသက် ၆၉ နှစ်အရွယ် ခရူးရှစ်ဘီဘီက မြည်တမ်းပြောဆိုသည်။

“မနက်အစောပိုင်းတွေမှာလဲ အပြန်အလှန် စတင်ပစ်ခေတ်ကြပြီး တစ်ခါတစ်လေ ၁၀ နာရီမှ ၁၂ နာရီအထိ မရပ်မနားဆက်လက် ပစ်ခတ်ကြတယ်။ ဘေးကင်းဖို့အတွက် ပြေးလွှားရတယ်။ တစ်ခါတစ်လေ ပစ်ခတ်ပြီးချိန်မှာတောင် စားစရာက မရှိဘူး။ ခုတော့ စိတ်သက်သာရပါပြီး ဒီတည်ငြိမ်မှုကို ထာဝရတည်မြဲစေချင်ပါတယ်” ဟု သူမက ဆိုသည်။

ရွာသားများက ဗွီအိုအေအား ပြောကြားရာတွင် အကြမ်းဖက်မှုသည် သူတို့၏ တန်ဖိုးရှိသော မွေးမြူရေး တိရစ္ဆာန်များအပါအဝင် ထိခိုက်ဒဏ်ရာရစေခြင်း၊ ပိုင်ဆိုင်မှုအဆောက်အအုံများနှင့် သီးနှံများပျက်စီးခြင်း သို့မဟုတ် အချိန်မီမရိတ်သိမ်းနိုင်ခြင်းနှင့် မစိုက်ပျိုးနိုင်ခြင်းတို့ဖြစ်ရကြောင်း ဆိုသည်။

ရွာသားများက ယခုအခါ ၎င်းတို့အနေဖြင့် တိုက်ခိုက်မှုများကို စိုးရိမ်စရာမလိုတော့ဘဲ ဘာသာရေးထုံးတမ်းစဉ်လာနှင့် လူမှုရေးဆိုင်ရာ လှုပ်ရှားမှုများကိုပြုလုပ်နေသည်ဟု ဆိုသည်။ ကျန်းမာရေးအဆောက်အအုံများပြန်လည် ဖွင့်လှစ်လိုက်ပြီဖြစ်သော်လည်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုကို ကာကွယ်ရန်အတွက် ပါကစ္စတန်တစ်နိုင်ငံလုံးကဲ့သို့ပင် ပါကစ္စတန်အုပ်ချုပ်သော ကက်ရှ်မီးယားဒေသတွင်လည်း ပညာရေးဆိုင်ရာ လှုပ်ရှားမှုများမှာ ဆိုင်းငံ့ထားဆဲဖြစ်သည်။

ပါကစ္စတန်စစ်တပ်အရာရှိများက ငြိမ်းချမ်းသော ပတ်ဝန်းကျင်သည် အပစ်အခတ်ရပ်စဲရေးကိုဖြစ်ပေါ်စေပြီး၊ လူများအပေါ်တွင် “ အလွန်အပြုသဘောဆောင်သော စိတ်ပိုင်းဆိုင်ရာ” အကျိုးသက်ရောက်မှုဖြစ်စေပြီး “ မိမိကိုယ်မိမိ သို့မဟုတ် ၎င်းတို့ ချစ်မြတ်နိုးရသူများ၏ အသက်နှင့် ခြေလက်များ မဆုံးရှုံးရခြင်းအတွက် လုံခြုံစိတ်ချရသော ခံစားချက်”ကို ပေးသည်ဟု ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required