ပန်ချန်လားမားကို ဖမ်းဆီးထားသည့် တရုတ်အစိုးရကို ပြင်သစ်ရှိ တိဘက်ကျောင်းသားများ ဆန္ဒပြ

ပန်ချန်လားမားကို ဖမ်းဆီးထားသည့် တရုတ်အစိုးရကို ပြင်သစ်ရှိ တိဘက်ကျောင်းသားများ ဆန္ဒပြ

တရုတ်အစိုးရက ၁၁ ဦးမြောက် ပန်ချန်လားမားအား ဖမ်းဆီးထားခြင်းကို လွတ်လပ်သော တိဘက်-ပြင်သစ်ကျောင်းသားများက ပါရီမြို့တွင် ကန့်ကွက် ဆန္ဒပြခဲ့သည်။

၁၉၉၅ ခုနှစ်တွင် ဒလိုင်းလားမား၏ အသိအမှတ်ပြုခံရသော ၁၁ ယောက်မြောက် ပန်ချန်လားမား ဂက်ဟန် ချိုကြည်နီမာ၏ မွေးနေ့ နှစ်ပတ်လည်နေ့တွင် လူပေါင်း ၃၀ဝ က Place de la Republique ပန်းခြံ၌ စုဝေးဆန္ဒပြပြီး ၎င်းလွတ်မြောက်ရေးအတွက် တောင်းဆိုခဲ့ကြသည်။

ဖယောင်းတိုင်မီးထွန်းပြီး ပန်ချန်လားမား၏ မွေးနေ့အထိမ်းအမှတ်ဆုတောင်းခြင်းကိုလည်းပြုလုပ်ခဲ့ကြသည်။ ဆန္ဒပြပွဲကို လွတ်လပ်သော တိဘက်-ပြင်သစ်ကျောင်းသားများအဖွဲ့ ဥက္ကဋ္ဌ ယန်ကေးမက်စီနီက ဦးဆောင်ခဲ့သည်။

တရုတ်နိုင်ငံဆိုင်ရာ မဟာမိတ်ပါလီမန်အဖွဲ့၏ ဒုတိယဥက္ကဋ္ဌလည်းဖြစ်ပြီး ပြင်သစ် အထက်လွှတ်တော်အမတ်ဖြစ်သည့် အန်ဒရေ ဂတ်တိုလင်လည်း ဆန္ဒပြပွဲသို့ တက်ရောက်ခဲ့သည်။

တရုတ်က တိဘက်လူမျိုးများအပေါ် အကြမ်းဖက်မှုနှင့် ယဉ်ကျေးမှုပျက်သုဉ်းရေးလုပ်ဆောင်နေမှုကို ရပ်တန့်ရေးအတွက် ဆန္ဒပြသူများက နိုင်ငံတကာအသိုင်းအဝိုင်းအား တောင်းဆိုလိုက်သည်။

တိဘက်သည် ပေကျင်းအခြေစိုက် တရုတ်ကွန်မြူနစ်ပါတီအစိုးရ၏ အုပ်ချုပ်မှု အောက်တွင်ရှိပြီး ဒေသတွင်း ဆုံးဖြတ်ချက်ချနိုင်သည့်အာဏာကိုလည်း တရုတ်ပါတီအရာရှိများ၏ လက်ထဲတွင်သာ ထားရှိသည်။

တိဘက်မြောက်ပိုင်းသို့ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ဝင်ရောက်လာသည့် ၁၉၅၀ပြည့်နှစ် တရုတ်တို့၏ ကျူးကျော်မှုမတိုင်မီက တိဘက်သည် အချုပ်အခြာအာဏာပိုင်နိုင်ငံတစ်နိုင်ငံဖြစ်သည်။ (ANI) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required