အိန္ဒိယသို့ ကာကွယ်ဆေးကုန်ကြမ်းများ အမေရိကန် ထောက်ပံ့ပေးမည်

အိန္ဒိယသို့ ကာကွယ်ဆေးကုန်ကြမ်းများ အမေရိကန် ထောက်ပံ့ပေးမည်

အိန္ဒိယ Covishield ကာကွယ်ဆေးထုတ်လုပ်ရန်အတွက် အရေးတကြီးလိုအပ်နေသော ကုန်ကြမ်းများကို အိန္ဒိယနိုင်ငံသို့ ချက်ချင်းထောက်ပံ့ပေးမည်ဟု အမေရိကန်အစိုးရက ဧပြီလ ၂၅ရက်က ပြောကြားခဲ့သည်။

အမျိုးသားလုံခြုံရေးအကြံပေး ဂျက်ဆူလီဗင်က အိန္ဒိယအမျိုးသားလုံခြုံရေး အကြံပေး အာဂျစ်ဒိုဗယ်လ်နှင့် ဧပြီလ ၂၅ ရက် အစောပိုင်းက ဖုန်းဖြင့်ဆက်သွယ်ပြောဆိုရာတွင် ကိုဗစ်ရောဂါ ဖြစ်ပွားမှုများ မြင့်တက်လာပြီးနောက် အိန္ဒိယပြည်သူများအတွက် များစွာ စာနာကြောင်းပြောကြားခဲ့သည်။

အိမ်ဖြူတော်မှ ထုတ်ပြန်ချက်အရ ဆူလီဗင်က အိန္ဒိယနှင့် အမေရိကန်၏ သွေးစည်းလုံးညီညွတ်မှုကို အခိုင်အမာပြောကြားခဲ့သည်။ ယင်းနှစ်နိုင်ငံသည် ကမ္ဘာတွင် ကိုဗစ်ရောဂါ ဖြစ်ပွားမှု အများဆုံးနိုင်ငံများဖြစ်သည်။

“ရောဂါဖြစ်ပွားမှု အစောပိုင်းမှာ ကျွန်တော်တို့ ဆေးရုံတွေ အခက်ကြုံနေချိန်မှာ အိန္ဒိယက အမေရိကန်ကို အကူအညီပေးခဲ့သလိုပဲ အမေရိကန်ကလဲ အိန္ဒိယကို လိုအပ်တဲ့ အချိန်မှာ အကူညီပေးဖို့ ဆုံးဖြတ်ထားပါတယ်။ ဒါကြောင့် အမေရိကန်ပြည်ထောင်စုက ရရှိနိုင်တဲ့ အရင်းအမြစ်တွေနဲ့ အထောက်အပံ့တွေပေးဖို့ နေ့ရောညပါ လုပ်ဆောင်နေပါတယ်”

Covishield ကာကွယ်ဆေးကို အိန္ဒိယမှ အမြန်ထုတ်လုပ်ရန်အတွက် အိန္ဒိယမှ အရေးပေါ်လိုအပ်သော ကုန်ကြမ်းပစ္စည်းအရင်းအမြစ်များကို အမေရိကန်ပြည်ထောင်စုက သတ်မှတ်ခဲ့သည်ဟု အိမ်ဖြူတော် ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကိုဗစ် လူနာများကို ကုသရန်နှင့် အိန္ဒိယရှိ ရှေ့တန်းကျန်းမာရေး လုပ်သားများကို ကာကွယ်ရန်အတွက် အမေရိကန်က ကုထုံးများ၊ ရောဂါရှာအမြန်ဖွေစစ်ဆေးသည့် ကိရိယာများ၊ အသက်ရှူစက်များနှင့် ကာကွယ်ရေးသုံးပစ္စည်း (PPE) များကို ချက်ချင်း အကူညီပေးမည်ဟု အိမ်ဖြူတော်မှ ထပ်လောင်းပြောကြားခဲ့သည်။

အမေရိကန်က အောက်စီဂျင်ထုတ်လုပ်မှုနှင့် ဆက်စပ်ပစ္စည်းများကို အရေးပေါ်အကူအညီပေးရန် နည်းလမ်းများရှာဖွေနေသည်ဟု အိမ်ဖြူတော်မှ ဆိုခဲ့သည်။

အမေရိကန်ဖွံ့ဖြိုးရေးဘဏ္ဍာရေးကော်ပိုရေးရှင်း (DFC) က အိန္ဒိယကာကွယ်ဆေးထုတ်လုပ်သူ BioE အတွက် ထုတ်လုပ်မှုစွမ်းရည်ကို တိုးချဲ့ရန်ရန်ပုံငွေ ထောက်ပံ့ပေးသောကြောင့် BioE က ၂၀၂၂ ခုနှစ်အကုန်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး အနည်းဆုံး ၁ ဘီလီယံအထိ ထုတ်လုပ်နိုင်မည် ဖြစ်သည်။

ထို့ပြင် အမေရိကန်က ရောဂါထိန်းချုပ်ရေးစင်တာ (CDC) နှင့် USAID မှ ပြည်သူ့ကျန်းမာရေး အကြံပေးပညာရှင်အဖွဲ့တစ်ဖွဲ့ကိုစေလွှတ်ပေးခဲ့ပြီး အမေရိကန်သံရုံး၊ အိန္ဒိယကျန်းမာရေးဝန်ကြီးဌာနများ၊ အိန္ဒိယကူးစက်ရောဂါထောက်လှမ်းရေးဝန်ထမ်းများနှင့် နီးကပ်စွာပူးပေါင်းလုပ်ကိုင်စေခဲ့သည်။

Global Fund မှ တစ်ဆင့် အိန္ဒိယနိုင်ငံသို့ ရရှိနိုင်သော အရေးပေါ်အရင်းအမြစ်များကို စုရုံးပေးပို့နိုင်ရန် USAID သည် CDC နှင့် လျင်မြန်စွာ ပူးပေါင်းလုပ်ဆောင်လိမ့်မည်ဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly