တရုတ်အစိုးရက ဟောင်ကောင် ရှေ့နေများကောင်စီအကြီးအကဲကို ပြစ်မှတ်ထား ရှုတ်ချ

တရုတ်အစိုးရက ဟောင်ကောင် ရှေ့နေများကောင်စီအကြီးအကဲကို ပြစ်မှတ်ထား ရှုတ်ချ

ဟောင်ကောင်

၂၀၁၉ ခုနှစ်အတွင်း ဆန္ဒပြမှုအများအပေါ် ကာကွယ်ပေးခဲ့သည့် ဟောင်ကောင်ရှေ့နေများကောင်စီအကြီးအကဲ ပေါလ်ဟားရစ်အား ဟောင်ကောင်ရှိ တရုတ်အစိုးရ ကိုယ်စားလှယ်ရုံးက ပြစ်တင်ရှုတ်ချကာ ‘တရုတ်ဆန့်ကျင်ရေး နိုင်ငံရေးသမား’ ဟု ခေါ်ဝေါ် သုံးစွဲလိုက်သည်။

အဆိုပါ ရုံး၏ ထုတ်ပြန်ချက်တွင် “ပေါဟားရစ်ကို ကောင်စီရဲ့ ဥက္ကဌအဖြစ် ဆက်ပြီး ထားခြင်းဟာ တကယ့်ကို လှောင်ပြောင်စရာ တစ်ခုဖြစ်ပါတယ်” ဟု ဖော်ပြထားသည်။

“ပြည်ပနိုင်ငံတွေနဲ့ နီးစပ်တဲ့ တရုတ်ဆန့်ကျင်ရေး နိုင်ငံရေးသမား ပေါဟားရစ်က ရှေ့နေများကောင်စီ၏ ချမှတ်ပြီး မူဝါဒများဖြစ်သော ဟောင်ကောင်ရဲ့ တရားဥပဒေ စိုးမိုးရေးနဲ့ အခြေခံဥပဒေနဲ့ တစ်နိုင်ငံ၊ စနစ် နှစ်မျိုး မူဝါဒကို ဘယ်လို အကောင်အထည်ဖော်နိုင်မှာလဲ” ဟု ကိုယ်စားလှယ်ရုံးမှ ပြောခွင့်ရ အရာရှိတစ်ဦးက ဧပြီ ၂၅ ရက်တွင် ပြောကြားသည်။

၂၀၁၉ ခုနှစ်၊ ဩဂုတ် ၁၈ နှင့် ၃၁ ရက်က တရားမဝင် စုဝေးမှုအတွက် အရေးယူခံခဲ့ရသော သတင်းစာတိုက်ပိုင်ရှင် ဂျင်မီလိုင် ချီယင်းအပါအဝင် လူ၁၀ ဦး၏ ငြိမ်းချမ်းစွာ ဆန္ဒပြခွင့်ကို ဟာရစ်က ခုခံကာကွယ်ပေးခဲ့ပြီးနောက် ယခုထုတ်ပြန်ချက် ထွက်ပေါ်လာခြင်း ဖြစ်ကြောင်း South China Morning Post သတင်းစာက ဖော်ပြသည်။

ဩဂုတ် ၁၈ နှင့် ၃၁ ရက်က ပြုလုပ်ခဲ့သည့် ဆန္ဒပြုမှုများအပေါ် အရေးယူခြင်းသည် တရားမဝင် စုဝေးမှုအတွက် ဟောင်ကောင်တရားရုံးက ပထမဆုံးအကြိမ် ပြစ်ဒဏ်ချမှတ်ခြင်း ဖြစ်ကြောင်းနှင့် ငြိမ်းချမ်းစွာဆန္ဒပြခြင်းသည် တရားဝင်ပြီး ပြည်သူတို့က မိမိတို့၏ စိတ်ခံစားမှုများ၊ ပူဆွေးသောကများကို ဖော်ပြနိုင်သည့် တန်ဖိုးရှိသော နည်းလမ်းဖြစ်ကြောင်း၊ ယင်းသို့ လုပ်ခွင့်မရပါက ၎င်းတို့အနေဖြင့် အဖျက်လုပ်ငန်းများကို လုပ်ဆောင်ကြမည် ဖြစ်ကြောင်း သတင်းဝက်ဘ်ဆိုက်တစ်ခုဖြစ်သည့် Stand News နှင့် ပြုလုပ်သည့် အင်တာဗျူးတွင် ဟာရစ်က ပြောခဲ့သည်။

ယခုအခါရုပ်သိမ်းလိုက်ပြီဖြစ်သော တရုတ်ပြည်မသို့ အရေးယူခံရသူ လွှဲပြောင်းပေးရေး ဥပဒေကြမ်းအား ပြည်သူအများအပြားက ဆန္ဒပြရာတွင် ဆူပူအကြမ်းဖက်မှုများကို ဟာရစ်က လစ်လျူရှုခဲ့ကြောင်း ကိုယ်စားလှယ်ရုံး အရာရှိက စွပ်စွဲထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required