တရုတ်၏ အနိုင်ကျင့်ရန်လိုမှုများ ညှာတာမှု ပိုမိုကင်းမဲ့လာကြောင်း ထိုင်ဝမ်ဒုသမ္မတ ပြောကြား

By Zee 5
26 April 2021
တရုတ်၏ အနိုင်ကျင့်ရန်လိုမှုများ ညှာတာမှု ပိုမိုကင်းမဲ့လာကြောင်း ထိုင်ဝမ်ဒုသမ္မတ ပြောကြား

တိုင်ပေ ANI

ထိုင်ဝမ်သည် အချုပ်အခြာအာဏာပိုင် နယ်မြေတစ်ခုဖြစ်ကာ တရုတ်၏ လက်အောက်ခံမဟုတ်ကြောင်း ထိုင်ဝမ်ဒုတိယသမ္မတ လိုင်ချင်တေးက ပြောကြားသည်။

ထိုင်ဝမ်အပေါ်တွင် တရုတ်၏ အနိုင်ကျင့် ရန်လိုမှုများသည် ညှာတာမှု ပိုမိုကင်းမဲ့လာကြောင်းလည်း လိုင်က အခမ်းအနားတစ်ခုတွင် ပြောကြားခဲ့သည်ဟု Taiwan News သတင်းဌာနက ဖော်ပြသည်။

ယခုနှစ်အတွက် ထိုင်ဝမ်နိုင်ငံအရေး ကမ္ဘာလုံးဆိုင်ရာ ဆွေးနွေးပွဲ (Global Taiwan National Affairs Symposium) ၌ အဖွင့် အမှာအစကား ပြောကြားရာတွင် လိုင်က “ထို်ငဝမ်က တရုတ်ရဲ့ လက်အောက်ခံမဟုတ်ဘူးဆိုတာ အငြင်းပွားစရာမဟုတ်ပါဘူး။ ဒီနယ်မြေပေါ်မှာ နေထိုင်တဲ့ ၂၃ သန်းသော ပြည်သူများကပဲ သူတို့နိုင်ငံရဲ့ အနာဂတ်ကို ဆုံး ဖြတ်ပိုင်ခွင့်ရှိပါတယ်” ဟု ၎င်းက ပြောကြားသည်။

“ထိုင်ဝမ်ရဲ့ မဟာမိတ်တွေကို စည်းရုံးသိမ်းသွင်းခြင်း၊ ကမ္ဘာ့ကျန်းမာရေး ညီလာခံနဲ့ အခြား နိုင်ငံတကာ အဖွဲ့အစည်းတွေမှာ ပါဝင်ဖို့ ဟန့်တားခြင်းစတဲ့ လုပ်ရပ်တွေနဲ့ တရုတ်က ထိုင်ဝမ်အပေါ်မှာ ငဲ့ညှာခြင်းမရှိဘဲ အနိုင်ကျင့် ရန်စနေပါတယ်” ဟု ၎င်းက ထည့်သွင်းပြောကြားသည်။

ယမန်နှစ် စက်တင်ဘာလမှ စတင်၍ ထိုင်ဝမ်၏ လေကြောင်းကာကွယ်ရေးသတ်မှတ်ဇုန်အတွင်းသို့ တရုတ်အစိုးရက လေယာဉ်များ ပုံမှန်ဝင်ရောက် မောင်းနှင်ခြင်းဖြင့် ၎င်း၏ ‘မီးခိုးရောင်ဇုန်’ (gray-zone) မဟာဗျူဟာကို အဆိုပါ ဇုန်၏ အနောက်တောင်ဖက်စွန်းတွင် အများဆုံး တိုးမြှင့် လုပ်ဆောင်ခဲ့ပြီး တာဘိုင်အင်ဂျင်သုံး အနိမ့်ပျံ လေယာဉ် ၁ စင်းမှ ၃ စင်းကိုလည်း ပုံမှန် တင်ရောက်ပျံခဲ့သည်။

လွန်ခဲ့သည့် ၄ လအတွင်း တရုတ်စစ်လေယာဉ်များ လေကြောင်း ကာကွယ်ရေးဇုန်အတွင်းသို့ နေ့စဉ်နီးပါးဝင်ရောက် ကျူးကျော်ခဲ့ကြောင်း ထိုင်ဝမ်အစိုးရက ထုတ်ပြန်ခဲ့သည်။

ယင်းကဲ့သို့ တရုတ်စစ်လေယာဉ်များ ဝင်ရောက်ကျူးကျော်ခြင်းသည် ‘မလိုအပ်သော၊ ဆင်ခြင်ဉာဏ်မဲ့သော’ လုပ်ရပ်ဟု ထိုင်ဝမ် ဝန်ကြီးချုပ် ဆူတန်ချန်းက ပြီးခဲ့သည့် လအတွင်းက ပြောကြားခဲ့သည်။

တရုတ်က ထိုင်ဝမ်အပေါ် အချုပ်အခြာအာဏာ အပြည့်အဝပိုင်ဆိုင်ကြောင်း ကြေညာထားသော်လည်း ထိုင်ဝမ်အစိုးရက အမေရိကန်အပါအဝင် ဒီမိုကရေစီနိုင်ငံများနှင့် မဟာဗျူဟာ ဆက်ဆံရေး တိုးမြှင့်လျှက်ရှိခြင်းကို တရုတ်အစိုးရက ကန့်ကွက်ထားသည်။

‘ထိုင်ဝမ်၏ လွပ်လပ်ရေး’ ဆိုသည်မှာ စစ်ပွဲ ပင်ဖြစ်ကြောင်း တရုတ်က ခြိမ်းခြောက်ထားသည်။

တရုတ်နိုင်ငံတော် ကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရအရာရှိ ဝူကျန်းက “ထိုင်ဝမ် လွတ်လပ်ရေး အလိုရှိသူများအား သတိပေးလိုက်ပြီး ‘မီးနှင့် ကစားသူများကိုယ်တိုင် မီးလောင်လိမ့်မည်’ ဖြစ်သလို ‘ထိုင်တမ်၏ လွတ်လပ်ရေး’ ဆိုသည်မှာ စစ်ပွဲပင် ဖြစ်ကြောင်း ဇန်နဝါရီ ၂၈ ရက်က ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required