မောက်မာသည့် ညွှန်ကြားချက်နှင့် ကြားဝင်စွက်ဖက်သည့် နိုင်ငံများကို တရုတ်သမ္မတ ပြစ်တင်ပြောကြား

မောက်မာသည့် ညွှန်ကြားချက်နှင့် ကြားဝင်စွက်ဖက်သည့် နိုင်ငံများကို တရုတ်သမ္မတ ပြစ်တင်ပြောကြား

တရုတ်ပြည်၏ ကိစ္စရပ်များကို နိုင်ငံတကာက ဝင်ရောက်စွက်ဖက်မှုများ မြင့်တက်နေသည်ဟု တရုတ်အစိုးရက စိတ်မချမ်းမြေ့စရာ မြင်တွေ့နေရသောကြောင့် မည်သည့်နိုင်ငံကမျှ ကမ္ဘာလုံးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို ချမှတ်ပြဋ္ဌာန်းခြင်း သို့မဟုတ် အခြားနိုင်ငံများ၏ အရေးကို ဝင်ရောက်စွက်ဖက်ခြင်း မပြုသင့်ကြောင်း တရုတ်သမ္မတ ရှီကျင့်ဖျင်က ပြောကြားလိုက်သည်။

တရုတ်ပြည်တောင်ပိုင်းရှိ ဟိုင်နန်ပြည်နယ်တွင် နှစ်စဉ်ကျင်းပသည့် အာရှပေါင်အာဖိုရမ်သို့ တက်ရောက်လာသည့် အရာရှိများနှင့် စီးပွားရေးအမှုဆောင်အရာရှိ ၂၀ဝဝ ကျော်အား ဗီဒီယိုလင့်ခ်ဖြင့် ပြောကြားသည့် မိန့်ခွန်းတွင် မည်သည့် နိုင်ငံအမည်ကိုမှ မဖော်ပြဘဲ ယခုကဲ့သို့ ပြောကြားခဲ့သည်။

"ကမ္ဘာကြီးရဲ့ ကံကြမ္မာနဲ့ အနာဂတ်ကို နိုင်ငံအားလုံးက ဆုံးဖြတ်သင့်ပါတယ်။ နိုင်ငံတစ်နိုင်ငံ ဒါမှမဟုတ် နိုင်ငံအများအပြားကသာ ပြဋ္ဌာန်းထားတဲ့ စည်းမျဉ်းတွေကို အခြားနိုင်ငံတွေအပေါ် မချမှတ်သင့်ပါဘူး။ "

“ တစ်ကမ္ဘာလုံးကို တစ်နိုင်ငံချင်းစီရဲ့ လိုရာဆွဲဝါဒနဲ့ ဦးဆောင်မှုမပြုသင့်ပါဘူး”

“နိုင်ငံအချင်းချင်း အပြန်အလှန်ဆက်ဆံတဲ့အခါ တန်းတူညီမျှမှု၊ အပြန်အလှန်လေးစားမှုနဲ့ ယုံကြည်မှုတို့ကို ရှေ့တန်းတင်သင့်ပါတယ်။ သူတစ်ပါးကို မောက်မာစွာ သွန်သင်ခြင်းနဲ့ တခြားနိုင်ငံရဲ့ ပြည်တွင်းရေးကိစ္စတွေကို ဝင်ရောက်စွက်ဖက်ခြင်းက ခေတ်မစားတော့ပါဘူး”

ကိုဗစ်ဗိုင်းရပ်စ်ကြောင့် ပျက်စီးခဲ့ရသည့် စီးပွားရေးသည် နလံပြန်ထူလာပြီး ပထမသုံးလပတ်တွင် ၁၈ ဒသမ ၃ ရာခိုင်နှုန်းတိုးတက်မှုရှိကြောင်း တရုတ်အစိုးရက ကြေညာခဲ့သည်။ အမေရိကန်ပြည်ထောင်စုနှင့် ဆက်ဆံရေးသည်လည်း အလားတူပြန်ကောင်းလာမည့်ပုံပေါ်နေသည်။

ဧပြီလ ၁၆ ရက်တွင် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နှင့် ဂျပန်ဝန်ကြီးချုပ် စူဂါတို့ ပူးတွဲကြေညာချက်ထုတ်ပြန်ခဲ့ရာတွင် တရုတ်က ပထဝီနိုင်ငံရေးအရ ပြိုင်ဘက်ဖြစ်ကြောင်း ဖော်ပြခဲ့ခြင်းသည် သွေးခွဲသည့် မျိုးစေ့စိုက်ပျိုးနေခြင်းဖြစ်သည်ဟု တရုတ်က ဖော်ပြခဲ့သည်။

အမေရိကန်က ဥရောပနှင့် အာရှရှိ မဟာမိတ်များကို စတင်အခိုင်အမာစုစည်းခဲ့ပြီး အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး အန်တိုနီဘလင်းကလည်း “ တရုတ်ကို အင်အားပြပြီး စေ့စပ်ရမည်ဖြစ်ကြောင်း” ကို အလေးပေးပြောကြားခဲ့သည်။

တရုတ်က ငြင်းဆန်နေသော်လည်း ရှင်ကျန်းတွင် လူ့အခွင့်အရေးချိုးဖောက်မှုစွပ်စွဲချက်များဖြင့် အမေရိကန်၊ ဥရောပသမဂ္ဂ၊ ဗြိတိန်နှင့် ကနေဒါနိုင်ငံတို့က ပူးပေါင်းကာ ပိတ်ဆို့အရေးယူမှုများပြုလုပ်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required