မြန်မာနိုင်ငံရှိ ကျန်းမာရေးဆိုင်ရာ အခွင့်အရေးကို ကာကွယ်လျက်ရှိသည့် ဆရာ၀န်များနှင့် ကျန်းမာရေးအမှုထမ်းများ

မြန်မာနိုင်ငံရှိ ကျန်းမာရေးဆိုင်ရာ အခွင့်အရေးကို ကာကွယ်လျက်ရှိသည့် ဆရာ၀န်များနှင့် ကျန်းမာရေးအမှုထမ်းများ

မဇ္စျိမ

မဆန်ဒရာဆုနှင်းမွန်သည် ပြီးခဲ့သည့် ဖေဖေါ်၀ါရီ ၁ ရက်နေ့၌ အိပ်ယာမှ နိုးခဲ့ချိန် အလွန်ပင် ဒေါသထွက်ခဲ့ရပြီး စိုးရိမ်ပူပန်စိတ်လည်း ဖြစ်မိခဲ့သည်။ ကူးစက်ရောဂါဗေဒ ကျွမ်းကျင်သူနှင့် လူ့အခွင့်အရေးနှင့် အများပြည်သူကျန်းမာရေးဆိုင်ရာ စင်တာ (CHRPH) ၏ သုတေသနပရိုဂရမ် စီနီယာ ညှိနှိုင်းရေးမှူးအတွက် အာဏာသိမ်းမှုသတင်းက လုံး၀ကို လက်ခံနိုင်ဖွယ်ရာ မရှိပေ။ ထို့နောက်တွင် မြန်မာနိုင်ငံသူ၊ နိုင်ငံသား ထောင်နှင့်ချီနှင့်အတူ သူမသည်လည်း နိုင်ငံ၏ အမိန့်မနာခံရေး အကြမ်းမဖက် လှုပ်ရှားမှု (CDM) ၏ တစ်စိတ်တစ်ဒေသအဖြစ် မဆိုင်းမတွပင် စတင်လုပ်ဆောင်ခဲ့သည်။

ယင်းနောက်ပိုင်းတွင် မဆန်ဒရာဆုနှင်းမွန်သည် ပြည်ပ၌ အခြေချနေထိုင်သူများအစုအဖွဲ့ နှင့် CHRPH တို့ကို ဒေတာအချက်အလက် စုဆောင်းခြင်းဖြင့် ကူညီစည်းရုံးစုစည်းနေခဲ့သလို အာဏာသိမ်းမှုအလွန် ဖြိုခွင်းနှိမ်နင်းမှုများကိုလည်း ကျန်းမာရေးစောင့်ရှောက်မှု ရှုထောင့်ကနေတဆင့် မှတ်တမ်းတင်နေခဲ့သည်။ သူမသည် အမေရိကန်အစိုးရဘက်မှ ထောက်ခံကူညီမှုရရေး လုပ်ဆောင်နေသလို တစ်ချိန်တည်းမှာပင် ရှေ့တန်းနေရာများတွင် ရှိနေသူများနှင့် ချိတ်ဆက် ဆက်သွယ်ရင်း မြန်မာနိုင်ငံ၏ ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ ပါ၀င်ပတ်သက်သူများ ကွန်ရက်ထဲတွင် လုပ်နိုင်စွမ်းရှိပြီး အားကောင်းသည့် ချိတ်ဆက်လုပ်ဆောင်သူအဖြစ် ဆောင်ရွက်သည်။

သူမသည် အာဏာသိမ်းမှုအပေါ် နာကြည်းမိသလို ယင်းကို ဆန့်ကျင်ရန်လည်း ခိုင်ခိုင်မာမာ ဆုံးဖြတ်ထားသည်။ ‘ကျန်းမာရေးစောင့်ရှောက်မှု ၀န်ထမ်းတွေနဲ့ ကျန်းမာရေးစောင့်ရှောက်မှု စနစ်အပေါ် အကြမ်းဖက်မှုတွေ အရှိန်မြင့်တက်နေပြီး ဒါတွေက ခုထက်ထိ အပြင်းအထန် ဆက်လက်ဖြစ်ပွားနေတဲ့ ကပ်ရောဂါတစ်ခုရဲ့ ဖြစ်ပွားနေဆဲ ကာလအတွင်းမှာ ဖြစ်ပျက်နေတယ်” ဟု သူမက ပြစ်တင်ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် ဆယ်စုနှစ်များစွာကြာ ပြည်တွင်းစစ်ဖြစ်မှုနှင့် စစ်အာဏာရှင်စနစ်တို့ကြောင့် နိုင်ငံ၏ အများပြည်သူကျန်းမာရေး အလေးထားရမည့်ကိစ္စရပ် ကဏ္ဍအားလုံးနီးပါးကို ကမ္ဘာ့အလယ်တွင် အားအနည်းဆုံးအဖြစ် ရောက်ရှိထားစေခဲ့သည်။ အာဏာသိမ်းမှုအလွန် ဖြိုခွင်းနှိမ်နင်းမှုနှင့် ကိုဗစ် ၁၉ ကပ်ရောဂါဆိုင်ရာ ဆက်စပ်စဥ်းစားရမည့် အခြေအနေအရ မြန်မာနိုင်ငံသည် နောက်ထပ် နိမ့်ကျသော အမှတ်သို့ ရောက်ရှိထားခဲ့ကြောင်း CHRPH ၏ မြန်မာကမ်ပိန်းဆိုင်ရာ ညှိနှိုင်းရေးမှူး ဂျနီဖာ လီက ပြောသည်။

အာဏာသိမ်းမှုအတွင်း တပ်မတော် တပ်ဖွဲ့၀င်များဘက်မှ ကျန်းမာရေးစောင့်ရှောက်မှုပိုင်းအပေါ် တမင် ရည်ရွယ်ချက်ရှိရှိ တားဆီးပိတ်ပင်ခြင်း အပါအ၀င် ကျန်းမာရေးနှင့် ဆက်စပ်သည့် လူ့အခွင့်အရေး ချိုးဖောက်မှုများဆိုင်ရာ ကနဦး ဒေတာအချက်အလက်များ မှတ်တမ်းတင်ခြင်းနှင့် အကဲဖြတ်စိစစ်ခြင်းဆိုင်ရာ အစီရင်ခံစာတစ်ရပ် ထုတ်ဖော်ရန် “ဗမာ့နွေဦးတော်လှန်ရေး/ မြန်မာနိုင်ငံရှိ ကျန်းမာရေးဆိုင်ရာ အခွင့်အလမ်းကို ကာကွယ်ခြင်း” ခေါင်းစဥ်ဖြင့် ပြုလုပ်သည့် အွန်လိုင်းဆွေးနွေးဟော‌ပြောပွဲ တစ်ခုတွင် မဆန်ဒရာဆုနှင်းမွန်နှင့် လီတို့ ဧပြီ ၁၉ ရက်က ပါ၀င်ဆွေးနွေးပြောဆိုခဲ့ကြသည်။

၂၀၂၁ ဖေဖေါ်၀ါရီ ၁၁ ရက်မှ ဧပြီ ၁၂ ရက်အထိ မြန်မာနိုင်ငံရှိ ကျန်းမာရေးစောင့်ရှောက်မှုပိုင်းအပေါ် အကြမ်းဖက်ခြင်း အစီရင်ခံစာကို ဂျွန်ဟော့ပ်ကင်းစ် အများပြည်သူ ကျန်းမာရေးကျောင်းမှ CHRPH နှင့် မလုံခြုံမှု သဘောတရားနှင့် နယ်စည်းမခြား ဆရာ၀န်များအဖွဲ့တို့က ပူးတွဲထုတ်ပြန်ခဲ့သည်။ ဆန္ဒပြသူများနှင့် ထိန်းသိမ်းခံထားရသူများအပေါ် အင်အားအလွန်အကျွံ အသုံးပြုသည့် ရာဇ၀တ်မှုများနှင့်ပတ်သက်သည့် မှုခင်းဆေးပညာဆိုင်ရာ သက်သေအထောက်အထားများကို မှတ်တမ်းတင်မှုပိုင်းတွင် အဖွဲ့အစည်းများ ပူးပေါင်းလုပ်ဆောင်နေသည်ဟု လီက ပြောသည်။

ဖေဖေါ်၀ါရီ ၁၁ ရက်နှင့် ဧပြီ ၁၂ ရက်အတွင်း ကောက်ယူရရှိထားသော ဒေတာများအပေါ် အခြေပြုသည့် ကနဦး အဓိက တွေ့ရှိချက်များသည် စုဆောင်းရရှိသော သတင်းအစီရင်ခံချက်များက ညွန်ပြသကဲ့သို့ပင် ထိတ်လန့်စရာ ကောင်းနေသည်။ ကျန်းမာရေး စောင့်ရှောက်မှုအပေါ် အကြမ်းဖက်မှု ဖြစ်စဥ် ၁၀၉ ခုကို နိုင်ငံတ၀န်း မှုခင်းဆေးပညာဆိုင်ရာအရ မှတ်တမ်းတင်ထားခဲ့ပြီး အများအပြားသည် ရန်ကုန်၊ မန္တလေးအပြင် ဧရာ၀တီ၊ ချင်း၊ ကယား၊ မွန် ၊ စစ်ကိုင်း၊ ရှမ်းနှင့် တနင်္သာရီနှင့် နေပြည်တော် ပြည်ထောင်စုနယ်မြေ တို့တွင် ဖြစ်သည်။ သိသာထင်ရှားစွာဖြင့်ပင် စစ်သားများနှင့် ရဲတပ်ဖွဲ့၀င်များသည် ဖြစ်စဥ်အားလုံးတွင် ကျူးလွန်ထားသူ လက်သည်တရားခံများ ဖြစ်သည်။

သို့သော် ယင်းသည် ပြည်စုံစေ့စပ်ရန် လိုအပ်နေသေးပြီး အကြောင်းမှာ စစ်တပ်က ဆက်သွယ်ရေးစနစ်လမ်းကြောင်းများကို အသည်းအသန် လိုက်လံဖြတ်တောက်ပိတ်ဆို့လျက် ရှိသဖြင့် ဒေတာအချက်အလက်အများအပြားမှာ လိုအပ်နေဆဲဖြစ်သည်။ ထို့ပြင် ကျေးလက်ဒေသများမှ ဒေတာအချက်အလက်များ လိုအပ်နေကြောင်းနှင့် ထိုဧရိယာများတွင် တိုက်ခိုက်မှုများသည် ပိုမို ပြင်းထန်နိုင်ခြေ ရှိပြီး ယင်းတို့သည် လုံလောက်သည့် အင်တာနက် ဖြန့်ကျက်မှု မရှိသည့် ဆင်းရဲသော ဧရိယာများဖြစ်ကြောင်း ဆန်ဒရာဆုနှင်းမွန်က မှတ်ချက်ပြုသည်။

 ကျန်းမာရေး စောင့်ရှောက်မှုအမှုထမ်းများ ပစ်မှတ်ထားခံရခြင်း

မြန်မာနိုင်ငံ၏ ကျန်းမာရေးစောင့်ရှောက်မှု အမှုထမ်းများသည် ၎င်းတို့၏ ရဲရင့်မှုအတွက် ချီးကျူးခံခဲ့ကြရပြီး ၎င်းတို့သည်  CHRPH ညွှန်ကြားရေးမှူး ပါမောက္ခ ခရစ် ဘေးရာ ပြောသည့် နိုင်ငံ ဒီမိုကရေစီကို ပြန်လည် ရရှိစေရေးနှင့် ကာကွယ် စောင့်ရှောက်ရေးအတွက် သေရေး ရှင်ရေး ကြိုးပမ်းရုန်းကန်မှုတစ်ခုထဲတွင် ပါ၀င်နေကြသည်။

ကျန်းမာရေး စောင့်ရှောက်မှု ကျွမ်းကျင်အတတ်ပညာရှင်များသည် စစ်တပ် ဆေးရုံများတွင် အလုပ်လုပ်ရန် ငြင်းဆန်ခြင်းဖြင့် CDM လှုပ်ရှားမှုတွင် ၎င်းတို့၏ ပူးပေါင်းပါ၀င်မှုကို အစပြုခြင်းနှင့် ဆက်ထိန်းထားနိုင်ခြင်းတို့အတွက် ချီးကျူးဂုဏ်ပြုခံရသည်။ ထို့ပြင် ၎င်းတို့သည် လုံခြုံရေးတပ်ဖွဲ့၀င်များ၏ အကြမ်းဖက်ခြင်းကို ခံရသူများကို ရှေ့ဆုံးကနေ ကုသပြုစုပေးနေသူများဖြစ်ပြီး ကုသမှု အဆောက်အအုံအများအပြားတွင် အရေးပေါ် အခြေအနေများကို အကန့်အသတ်များကို ကျော်လွန်ပြီး ဖြန့်ထုတ် လုပ်ဆောင်ပေးခဲ့ကြသည်။

အကြမ်းဖက်မှုများအတွင်း ကျန်းမာရေး စောင့်ရှောက်မှု ၀န်ထမ်း ၃၂ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရပြီး ဆယ်ဦး သေဆုံးခဲ့ကြောင်း အစီရင်ခံစာတွင် မှတ်တမ်းတင်ထားသည်။ အရေးပေါ် ဆေးဘက်ဆိုင်ရာ အဖွဲ့များသည် ဆန္ဒပြပွဲများတွင် ထိခိုက်ဒဏ်ရာရသည့် အရပ်သားများကို ကုသရန် သို့မဟုတ် ပြန်လည်ခေါ်ဆောင်ကယ်တင်ရန် ကြိုးပမ်းစဥ်မှာပင် ပစ်ခတ်ခံရမှုများ ရှိခဲ့သည်။ တစ်ချို့ဖြစ်စဥ်များတွင် ကျန်းမာရေးစောင့်ရှောက်မှု အမှုထမ်းများသည် အနီးကပ် ပစ်ခတ်မှုများကြောင့် သေဆုံးခဲ့ရသည်။

ကျန်းမာရေး စောင့်ရှောက်မှု၀န်ထမ်း ၉၇ ဦး ဖမ်းဆီးခံခဲ့ရပြီး ပြီးခဲ့သည့်အပတ်ကအထိ နိုင်ငံတ၀န်း ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ အတတ်ပညာရှင်များအတွက် ဖမ်း၀ရမ်း ၁၂၀ အထိ ထုတ်ထားခဲ့သည်။ ဤ ကိန်းဂဏန်းသည် လာမည့်အပတ်တွင် မြင့်တက်ဖွယ် ရှိသည်။

ကျန်းမာရေး စောင့်ရှောက်မှု အမှုထမ်းများသည် နေ့ရော၊ ညရော ၎င်းတို့၏ အလုပ်နေရာများ၊ နေအိမ်များတွင် ၀ရမ်းမပါဘဲ ဖမ်းဆီးခံခဲ့ရသည်။ ယင်းအတွက်ကြောင့် အများအပြားသည် တိမ်းရှောင်ပုန်းအောင်းကြရသဖြင့် အရေးတကြီး လိုအပ်သော ကျန်းမာရေးစောင့်‌ရှောက်မှုဆိုင်ရာ ၎င်းတို့၏ ထောက်ပံ့လုပ်ဆောင်နိုင်စွမ်းကို ဆုတ်ယုတ်စေကြောင်း လီက ရှင်းပြသည်။

ကျန်းမာရေး ၀န်ထမ်းများသည် CDM တွင် ပါ၀င်မှု သံသယဖြင့် ကိုယ်တိုင်ကိုယ်ကျ ခြိမ်းခြောက်ခံရခြင်း၊ ဖမ်းဆီးခံရခြင်း ၊ အစိုးရနေအိမ်များမှ နှင်ထုတ်ခံရခြင်းတို့ကိုလည်း ကြုံတွေ့ထားခဲ့ရသည်။

ကျန်းမာရေးစောင့်ရှောက်မှုကို စနစ်တကျ ပိတ်ပင်ခြင်း။ ဆေးရုံများနှင့် ကျန်းမာရေး စောင့်ရှောက်မှု အဆောက်အအုံများ

CDM တွင် ပူးပေါင်းပါ၀င်နေချိန် အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံ တပ်ဖွဲ့၀င်များ၏ ပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရသူများကို ဆေးကုသမှုပေးမှုအပေါ် အာဏာသိမ်းစစ်အုပ်စုက မည်သို့မည်ပုံ ပိတ်ပင်နေသည်ဆိုသည်ကို အစီရင်ခံစာက မှတ်တမ်းပြုထားသည်။ နိုင်ငံတ၀န်း ပုဂ္ဂလိက ဆေးရုံဆေးခန်းများ၊ ဆေးရုံများကိုလည်း ဒဏ်ရာရ အရပ်သားများကို စစ်တပ်ထံ အရင် သတင်းမပို့ဘဲ ကြည့်ရှု သို့မဟုတ် ကုသပေးမှုကို လုပ်ဆောင်၍ မရနိုင်ဟု ပြောထားသည့် ညွန်ကြားချက်များ ထုတ်ထားသည်။

ဆေးရုံ ၄၉ ရုံ စီးနင်းခံခဲ့ရပြီး ဆေးရုံ ၃၆ ရုံကို လုံခြုံရေးတပ်ဖွဲ့၀င်များက စီးနင်းနေရာယူခဲ့သည်။ မတ်လ ၇ ရက် ညပိုင်းတွင် နိုင်ငံတ၀န်း ဆေးရုံ ၂၀ ကျော် စီးနင်းသိမ်းပိုက်ခံခဲ့ရသည်။ အဆိုပါ အတင်းအကျပ် ၀င်ရောက်စီးနင်းမှုများအတွင်း မြန်မာစစ်တပ်တပ်ဖွဲ့၀င်များသည် ကျည်အစစ်များ၊ အသံဗုံးများ၊ ရာဘာကျည်များကို သုံးခဲ့သည်။ တစ်ချို့ဖြစ်စဥ်များတွင် စီစီတီဗီ မှတ်တမ်းများကို ဖျက်ဆီးခဲ့ပြီး ဆေးဘက်ဆိုင်ရာ အထောက်အပံ့များကိုလည်း ဖျက်ဆီးပစ်ခဲ့သည်။

အဖွဲ့အစည်းများဘက်က ဆန္ဒပြသူများကို ဆေးဘက်ဆိုင်ရာ ကုသစောင့်ရှောက်မှု ပံ့ပိုးပေးနေပြီးနောက် ဆေးဘက်ဆိုင်ရာ အထောက်အပံ့ပစ္စည်းများ ထားသည့် အဖွဲ့အစည်းများ၏ သိုလှောင်ခန်းများနှင့် အကူအညီရုံးများကို စီးနင်းခဲ့သည့် ဖြစ်စဉ်များကိုလည်း မှတ်တမ်းတင်ထားသည်။ ထို့ပြင် အတည်ပြုနိုင်သော သတင်းများအရ ကျန်းမာရေး ၀န်ထမ်းများ အတွင်းထဲ၌ ရှိနေစဥ် ဆေးရုံများအတွင်း မျက်ရည်ယိုဓာတ်ငွေ့ ပစ်ခတ်ခြင်း၊ ၀န်ထမ်းများကို ရိုက်နှက်ခြင်းနှင့် လူနာများ၏ အခန်းများကို ရှာဖွေခြင်းတို့ကို ရှိခဲ့သည်။

ယနေ့အချိန်တွင် ပုဂ္ဂလိက ဆေးရုံတိုင်းနီးပါးတွင် အပြင်အရှေ့ဘက်၌ တပ်မတော်တပ်ဖွဲ့၀င်များ ချထားပြီး အထူးသဖြင့် CDM နှင့် ဆက်နွယ်သူများအပါအ၀င် လူများကို ဆေးရုံသို့ လာရောက်ခြင်းမှ ခြိမ်းခြောက်ရန် ရှိနေသည်။

တိုက်ရိုက် ထိခိုက်ခံစားရသော ထိခိုက်မှုဖြစ်စဉ်များအပြင် ဖမ်းဆီးထိန်းသိမ်းခံထားရသူများကို ဆေးကုသခွင့်ပိတ်ပင်မှုကြောင့် ဖြစ်ရသည့် ထိခိုက်မှုဖြစ်စဥ်များကိုလည်း ကျန်းမာရေး အတတ်ပညာရှင်များက ထုတ်ဖော်ခဲ့သည်။ ယင်းသည် နဂိုမူလအခြေအနေအရ မဖြစ်မနေ ဆေးကုသမှုခံယူရန် လိုအပ်မှုများ ရှိနေသည့် ပုဂ္ဂိုလ်များ ရှိပြီး ဖမ်းဆီးခံနေရစဥ် စစ်တပ်၏ ညှင်းပန်းနှိပ်စက်မှုအတွင်း ထိုသူတို့အပေါ် ထိခိုက်မှုများ ထပ်ဖြစ်စေခဲ့ကြောင်း မဆန်ဒရာဆုနှင်းမွန်က ရှင်းပြသည်။

လက်ရှိအချိန်တွင် ညမထွက်ရ အမိန့်များနှင့်အတူ အခြေအနေများသည် မကြာသေးခင်က ပိုမိုဆိုး၀ါးလာခဲ့သည်။ စစ်အစိုးရက ဧည့်စာရင်း ဥပဒေကို ပြန်လည်အသက်သွင်းမှုနှင့်အတူ ယင်းက လူများကို ဘေးကင်းသော နေအိမ်များတွင် ကျန်းမာရေးဆိုင်ရာ ကုသမှု ခံယူခြင်းအပေါ် တားဆီးနေသလို ညပိုင်း ဆေးရုံဆေးခန်းများတွင် အကူအညီတောင်းခံခြင်းကို တားဆီးပိတ်ပင်စေလျက် ရှိသည်။

အရေးပေါ် လူနာပို့ဆောင်ရေး ယာဉ်များကိုလည်း လုံခြုံ‌ရေးတပ်ဖွဲ့၀င်များက ပစ်မှတ်ထားနေပြီး မှတ်တမ်းများအရ လူနာတင်ကားများ ပစ်ခတ်ခံရခြင်း၊ အသိမ်းခံရခြင်းနှင့် ထိခိုက်ပျက်စီးခြင်းတို့လည်း ရှိနေခဲ့သည်။

ဖြိုခွင်းနှိမ်နင်းမှုနှင့်အတူ ကျန်းမာရေး စောင့်ရှောက်မှုပိုင်းကို ပေါင်းရုံးပြီး လီက ပြောကြားရာတွင် “ရှင်တို့အနေနဲ့ ကျန်းမာရေး စောင့်ရှောက်မှု ပေးဖို့ ကြိုးစားရင်လည်း အန္တရာယ် ရှိတယ်၊ ကျန်းမာရေး စောင့်ရှောက်မှု ခံယူဖို့ ကြိုးစားရင်လည်း အန္တရာယ် ရှိတယ်၊ ကျန်းမာရေး စောင့်ရှောက်မှု ရရှိစေဖို့ သယ်ယူပို့ဆောင်မှု လုပ်ရင်လည်း အန္တရာယ် ရှိပြန်ပါတယ်၊ ဒါက အရမ်းကို ကြီးလေးတဲ့ အခြေအနေတစ်ခု ဖြစ်ပါတယ်” ဟု ပြောခဲ့သည်။

ကိုဗစ်ရောဂါ တုံ့ပြန်မှု အားနည်းသွားခြင်း

ကိုဗစ်-၁၉ ကပ်‌ရောဂါနှင့်ပတ်သက်ပြီး ဆက်စပ်စဉ်းစားရမည့်အခြေအနေအောက်တွင် ကျန်းမာရေး အခြေအနေ၏ စိုးရိမ်ရနိုင်မှုက မက်စောက်စွာ နက်ရှိုင်းလာသည်။ အာဏာသိမ်းမှု မတိုင်မီက မြန်မာနိုင်ငံသည် ကျန်းမာရေးစောင့်ရှောက်မှု၀န်ထမ်းများကို ကာကွယ်ဆေး ရရှိစေခြင်းအပိုင်းတွင် ဒေသတွင်း အိမ်နီးချင်းနိုင်ငံများနှင့် နှိုင်းယှဉ်ပါက ရှေ့က ဦးဆောင်နေခဲ့သည်ဟု ဘေးရာက ပြောသည်။ အမှန်တကယ်တွင်လည်း ကျန်းမာရေး စောင့်ရှောက်မှု အမှုထမ်း အင်အားစုထဲမှ ကာကွယ်ဆေးထိုးနှံခံယူလိုခဲ့သည့် မည်သူမဆိုသည် အိန္ဒိယ ဆီရမ် အင်စတီကျူ့မှ ထုတ်လုပ်သော အက်စ်ထရာ ဇန်နကာ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံမှုကို ခံယူခဲ့ကြသည်။

သို့သော် မြန်မာ၏ ကိုဗစ်-၁၉ တုံ့ပြန်မှုသည် အာဏာသိမ်းမှုကြောင့် အကြီးအကျယ် အဆက်ပြတ်သွားခဲ့ရသည်။ နိုင်ငံတော် စီမံအုပ်ချုပ်မှု ကောင်စီ (SAC) သည် နိုင်ငံတ၀န်း ကာကွယ်ဆေး ဖြန့်ကျက်မှု အစီအစဥ်နှင့်ပတ်သက်ပြီး စီစဉ်လုပ်ဆောင်ခဲ့ပြီးနောက် တစ်ဆက်တည်းမှာပင် မြန်မာ၏ ကျန်းမာ‌ရေး စောင့်ရှောက်မှု အင်အားစုအပေါ် စနစ်တကျဖြင့် မလေးမစား မတော်တလျော် ပြုမှု နှင့် ကာကွယ်ဆေး စီမံခန့်ခွဲနေသူများကို အများပြည်သူလူထုက ကျယ်ကျယ်ပြန့်ပြန့် မယုံကြည်မှုတို့ကြောင့် ကာကွယ်ဆေးထိုးနှံမှု အားထုတ်မှုများအပေါ် ကြီးကြီးမားမား ထိခိုက်စေခဲ့ရသည်။ ပထမတစ်ကြိမ် ကာကွယ်ဆေးထိုးနှံခံသူများသည်လည်း ဒုတိယအကြိမ် ထိုးနှံမှုကို ခံယူခဲ့ကြခြင်း မရှိပေ။

ကိုဗစ်-၁၉ စစ်ဆေးစမ်းသပ်မှုသည်လည်း ပြိုလဲသွားခဲ့ရသည်။ SAC ၏ ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာနသည် ဖေဖေါ်၀ါရီ ၁ ရက်နောက်ပိုင်း နေ့စဥ် ပျမ်းမျှ ကူးစက်မှုဖြစ်စဥ် ၃၃ ခု တွေ့ရှိခဲ့ရာ ယင်းသည် ဇန်န၀ါရီ ၃၁ ရက်မတိုင်မီ တစ်နေ့တာ ပျမ်းမျှ ကူးစက်မှု ၃၅၇ ခု ၊ သေဆုံးမှု ၁၀ ခုနှင့် နှိုင်းယှဉ်နိုင်သည်။ “ကိန်းဂဏန်းတွေကို ကြည့်ရင် ရှင်းနေပါတယ်၊ ကိုဗစ်ကို စောင့်ကြည့်စစ်ဆေးနိုင်စွမ်းဟာ သူ့ရဲ့ အဓိကကျတဲ့ လုပ်ဆောင်မှုတွေ ဖယ်ရှားခံလိုက်ရပြီ ဆိုတာကို မြင်နေရပါတယ်” ဟု မဆန်ဒရာ ဆုနှင်းမွန်က ပြောသည်။

ယခုအခါ တတိယနှင့် စတုတ္ထ လှိုင်း မျိုးကွဲများသည် ကမ္ဘာတ၀န်း ပေါ်ပေါက် ပျံ့နှံ့နေလျက် ရှိသည်။ မြန်မာနိုင်ငံ၏ ပြည်တွင်း နေရပ်စွန့်ခွာမှုသည် နှစ် ၂၀ ကြာအတွင်း အမြင့်ဆုံး အတိုင်းအတာကို ရောက်ထားခဲ့သလို အများအပြားသည် အိမ်နီးချင်းနိုင်ငံများဆီ ဦးတည်ရင်း နယ်စပ်ဖြတ်ကျော်နေရာများတွင် မရေမရာ ယိုင်တိယိုင်တိုင် လှမ်းနေကြရသည်။ ထို့အတွက်ကြောင့် မြန်မာ၏ စိုးရိမ်ဖွယ် ကိုဗစ် အခြေအနေက ဒေသတွင်း ပြဿနာတစ်ခုကို ဖြစ်စေသလို ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအရေးကိစ္စတစ်ခုကို ဖြစ်စေလျက် ရှိသည်။ ဤ ခြိမ်းခြောက်နေသော မလုံခြုံမှု အနေအထားနှင့်ပတ်သက်ပြီး ရှင်းရှင်းလင်းလင်း သိရှိ စဉ်းစားရန်လိုသည်ဟု ဘေးရာက သတိပေးခဲ့သည်။

ကိုဗစ်-၁၉ ကပ်ရောဂါအပြင် HIV/AIDs ၊ TB ၊ ငှက်ဖျားနှင့် မိသားစုစီမံကိန်းရေးဆွဲခြင်း ကဲ့သို့ နဂို ရှိရင်းစွဲ ကျန်းမာရေးစနစ်များနှင့် ပရိုဂရမ်အားလုံးသည်လည်း အလျဥ်ပြတ်တောက်မှုများ ဖြစ်ထားခဲ့သည်။ မြန်မာ၏ ကျန်းမာရေးစောင့်ရှောက်မှုစနစ်တစ်ခုလုံးနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံသည် ဒေတာကင်းမဲ့ဇုန်တစ်ခုသို့ ရွေ့နေပြီဟု ဘေးရာက ပြောခဲ့သည်။

မြန်မာ၏ ကျန်းမာရေးနှင့် ဆက်စပ်သော လူအခွင့်အရေး အကျပ်အတည်းကို မှတ်တမ်းတင်ခြင်း

အာဏာသိမ်းမှုနောက်ပိုင်း ဖြစ်ပျက်ထားခဲ့သည့် ကျန်းမာရေးအပေါ် ကျူးလွန်သော ပြစ်မှုများ၏ အလုံးစုံအတိုင်းအတာကို မှတ်တမ်းတင်ရန် သူမနှင့် သူမ၏ လုပ်ဖော်ကိုင်ဖက်များ  မည်ကဲ့သို့ လေ့လာစစ်ဆေးကြည့်ရှုနေသလဲ ဆိုသည်ကို လီက ရှင်းပြသည်။ ဖြစ်ပျက်နေသည်များကို မှတ်တမ်းတင်မှု အများအပြားသည် အလွတ်သဘောဖြစ်ပြီး အ‌ဝေးမှ ရိုက်ထားသော ဓာတ်ပုံများ၊ ဆိုရှယ်မီဒီယာပေါ်မျှဝေသည့် ဓာတ်ပုံများကဲ့သို့ ဖြစ်သည်။ ယင်းသည်လည်း အရေးကြီးသော်ငြား အထောက်အထား မှတ်တမ်းတင်ခြင်းကို အနာဂတ်တွင် တရားမျှတမှုနှင့် တာ၀န်ခံယူရှိစေရေး ယန္တရားများတွင် သက်သေအထောက်အထားများအဖြစ် အသုံးပြုရန်အတွက် ထင်သာမြင်သာသည့် သက်သေအထောက်အထားဆိုင်ရာ စံနှုန်းများနှင့် ကိုက်ညီစေရေး သေချာစေရန် လိုအပ်သည်။

ရက်စက်ကြမ်းကြုတ်သော ရာဇ၀တ်မှုများအဖြစ် သဘောသက်ရောက်သည့် ရိုဟင်ဂျာ (မူရင်းဖော်ပြ)  များအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုများကို မှုခင်းဆေးပညာအရ မှတ်တမ်းတင်ရန် လီသည် အစောပိုင်းတွင် CHRPH နှင့်အတူ အလုပ်လုပ်ခဲ့သည်။ ထို လုပ်ဆောင်မှုကို လူမျိုးတုန်းသတ်မှု စွဲချက်များဖြင့် မြန်မာအစိုးရအပေါ် စစ်ဆေးသည့် ICJ နိုင်ငံတကာ တရားရုံးနှင့် ဆက်စပ် သက်ဆိုင်သူများ၊ အခြားသော တာ၀န်ခံမှုရှိရေး ယန္တရားများထံ ဝေမျှခဲ့သည်။

သုတေသီများသည် ထိခိုက်ဒဏ်ရာရမှုများ၊ ရာဇ၀တ်မှုများနှင့်ပတ်သက်သည့် ဓာတ်ပုံများ၊ ဓာတ်မှန်များ၊ ဆေးဘက်မှတ်တမ်းများကဲ့သို့ ဆေးကုသမှုဆိုင်ရာ မှတ်တမ်းအထောက်အထားများကို စုစည်းကောက်နုတ်ရန် မြေပြင်ရှိ လုပ်ဖော်ကိုင်ဖက်များနှင့်အတူ လုပ်ဆောင်နေကြသည်။ ယင်းနောက် ၎င်းတို့သည် သက်သေအထောက်အထားဖြင့် ဖော်ထုတ်ပြီး လူများ၏ ကျန်းမာရေးအပေါ် တိုက်ရိုက်ကျရောက်သည့် သက်ရောက်မှုအကျိုးဆက်များကို မှုခင်းဆေးပညာအရ အကဲဖြတ်တွက်ချက်မှုများ ထောက်ပံ့ ပံ့ပိုးပေးရန် မှုခင်းဆေးပညာ ကျွမ်းကျင်သူများနှင့်အတူ လက်တွဲလုပ်ဆောင်သည်။

ထို့ပြင် လီနှင့် သူမ၏ လုပ်ဖော်ကိုင်ဘက်များသည် ရှေ့တန်းနေရာရှိ ဆရာ၀န်များ၊ သမားတော်များကို ၎င်းတို့၏ မှုခင်းဆေးပညာဆိုင်ရာ မှတ်တမ်းတင်မှုများ စုဆောင်းမည့် လုပ်ဆောင်နိုင်စွမ်းကို တိုးမြင့်စေရန်အတွက် ကူညီလေ့ကျင့်ပေးနေသည်။ ယင်းတွင် အကြောင်းအရာများ ထောက်ပံ့ခြင်း၊ ထိခိုက်ဒဏ်ရာရမှုများနှင့် အကိုးအကားရည်ညွှန်း လုပ်ဆောင်ချက်များကို ဓာတ်ပုံများဖြင့် အသေအချာ ပြသစေနိုင်ခြင်း ကဲ့သို့ စံနှုန်းများနှင့် ကိုက်ညီသော အကြောင်းအရာများကို ခွဲခြားဖော်ထုတ်ခြင်း ပါ၀င်သည်။

“ကျန်းမာရေး‌ စောင့်ရှောက်မှုအမှုထမ်းတွေနဲ့ ဆန္ဒပြသူတွေအပေါ် ဒီလိုမျိုး တိုက်ခိုက်မှုတွေကို အစီရင်ခံဖို့က ရဲဆေးတင်ရပါမယ်” ဟု CPHHR မှ ပဋိပက္ခနှင့် ကျန်းမာရေး ပရိုဂရမ် ညွှန်ကြားရေးမှူးနှင့် ကူးစက်ရောဂါဗေဒပညာရှင် လန် ရူဘန်စတိန်းက ပြောသည်။
 
ကျန်းမာရေးနှင့် လူ့အခွင့်အရေး

စစ်တပ်သည် ကျန်းမာရေးစောင့်ရှောက်မှု အမှုထမ်းများနှင့် ကျန်းမာရေး အဆောက်အအုံများကို မဆင်မခြင် ပစ်မှတ်ထားပြီး ‌ဘောင်ကျော် လုပ်ဆောင်မှုများကို တိုးမြင့်လုပ်ဆောင်ထားခဲ့သည်။ ထိုသို့လုပ်ဆောင်သည့်နည်းလမ်းများထဲတွင် ဆေးကုသမှုလုပ်ငန်းများအပေါ် ၀င်ရောက်စွက်ဖက်မှုမပြုရ ဆိုသည့်အချက် နှင့် မြန်မာနိုင်ငံသားများကို ကျန်းမာရေးစောင့်ရှောက်မှု သေချာပေါက်ရရှိစေရမည့် ကျန်းမာရေးစောင့်ရှောက်မှုအမှုထမ်းများ၏ တာ၀န်၀တ္တရားများအပေါ် အကြီးအကျယ် ချိုးဖောက်လျက်ရှိကြောင်း လီက ပြောသည်။

ရိုဟင်ဂျာများအပေါ် ဖိနှိပ်ခြင်းနှင့် လူမျိုးတုန်းသတ်ခြင်းဆိုင်ရာ စစ်အစိုးရ၏ သမိုင်းဆိုင်ရာ ကမ်ပိန်းလုပ်ဆောင်ချက်များကို ပြန်ပြောင်းအမှတ်ရစေရင်းဖြင့် ကျန်းမာရေးစောင့်ရှောက်မှုအပေါ် တိုက်ခိုက်မှုများသည် တပ်မတော်က ယင်း၏ ပြည်သူများအပေါ် ဆင်နွှဲသည့် စစ်ပွဲများအတွက် ကာလကြာကတည်းက မည်သို့မည်ပုံ အဓိကကျနေသလဲ ဆိုသည်ကို ရူဘင်စတိန်းက ရှင်းပြသည်။ “ခင်ဗျား ကျန်းမာရေးစောင့်ရှောက်မှု ရယူဖို့ လိုတာပဲ ဖြစ်ဖြစ် ဒါမှမဟုတ် ကျန်းမာရေးစောင့်ရှောက်မှု ထောက်ပံ့တာပဲဖြစ်ဖြစ် ခင်ဗျားဟာ ပစ်မှတ်ထားခံရမှာပါ ၊ ဘာလို့လဲဆိုတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ အခြေခံ မဟာဗျူဟာက ပြည်သူတစ်ရပ်လုံးကို ဆုတ်ယုတ်စေဖို့ ဖြစ်ပါတယ်”

CDM တွင် ပူးပေါင်းပါ၀င်ခြင်းဖြင့် ကျန်းမာရေးစောင့်ရှောက်မှု အမှုထမ်းများသည် နိုင်ငံရေးအင်အားစုများ ဖြစ်လာပြီး ၎င်းတို့သည် လူ့အခွင့်အရေးနှင့် နိုင်ငံတကာ လူသားချင်းစာနာမှု ဥပဒေအောက်တွင် အကာအကွယ်ပေးခြင်းကနေ ဖယ်ရှားခံရသည် ဆိုသည့် ယုံတမ်းစကားတစ်ခုကို မမှန်ကြောင်း ရူဘင်စတိန်းက ပြောသည်။ “ဒါက အကြီးအကျယ် မှားပါတယ်၊ အဖမ်းခံရမယ့်အရေးကနေ ကင်းလွတ်နိုင်ဖို့ နောက်ပြီး အပြစ်ပေးမှု ဒါမှမဟုတ် အခြားနည်းတစ်နည်းနည်းနဲ့ အရေးယူခံရမှုကနေ ကင်းလွတ်နိုင်ဖို့အတွက် နိုင်ငံရေး ပါ၀င်ပတ်သက်မှု မရှိဖို့နဲ့ ကြားနေရေး၀ါဒက မရှိမဖြစ် ရှိထားရမယ့် လိုအပ်ချက်တစ်ခု မဟုတ်ပါဘူး၊ ပြီးတော့ ဆေးရုံတွေလိုမျိုး အဖွဲ့အစည်းတွေအတွက်လည်း အတူတူပါပဲ၊ သူတို့တွေဟာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုမှုအတွက် အကာအကွယ် ရရပါမယ်၊ ပြီးတော့ အခြားသူတွေကိုလည်း ကျန်းမာရေး စောင့်ရှောက်မှု၀န်ဆောင်မှုတွေကို ကမ်းလှမ်း ပံ့ပိုးပေးနေရပါမယ်” ဟု ၎င်းက ပြောသည်။

ပဋိပက္ခအခြေအနေတွေအောက်မှာ ဆေးဘက်ဆိုင်ရာ အဆောက်အအုံများ၊ အမှုထမ်းများအပေါ် တိုက်ခိုက်မှုများကို အပြင်းအထန် ပြစ်တင်ရှုတ်ချသည့် ကုလ လုံခြုံရေးကောင်စီ၏ အထင်ကရ ဆုံးဖြတ်ချက် ၂၂၈၆ အတွက် မေလ ၃ ရက်သည် ၅ နှစ်မြောက် နှစ်ပတ်လည် ဖြစ်သည်။ ထို ဆုံးဖြတ်ချက်အရ အစိုးရများအနေဖြင့် ယင်းကို ၎င်းတို့ ကိုယ်တိုင် လေးစားလိုက်နာရန် လိုအပ်သလို ကျူးလွန်သူများ ၎င်းတို့၏ ကျူးလွန်မှုများအတွက် အကျိုးဆက်များကို သေချာပေါက် ရင်ဆိုင်ရစေရေး လုပ်ရမည်ဖြစ်သလို အကြမ်းဖက်မှုများ ရပ်ဆိုင်းရန် အခြားအစိုးရများသည်လည်း သေချာပေါက် လုပ်ဆောင်ရမည်ဖြစ်သည်။ “ ဒီဆုံးဖြတ်ချက်ကို အစိုးရတွေဘက်က လျစ်လျူရှုခဲ့တာကို ဆီးရီးယားနဲ့ ယီမင်တို့မှာ ကျွန်တော်တို့ တွေ့မြင်ထားခဲ့ရပါတယ်၊ ဒီနေရာမှာ ကျွန်တော်တို့ဟာ ဒါမျိုးကို ဆက်ဖြစ်စေလို့ မရနိုင်ပါဘူး” ဟု ရူဘင်စတိန်းက ပြောခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required