နိုဝင်ဘာ ၂၇၊ ဘာစီလိုနာ ။ ။ တစ်ပတ်လျှင် ပေါင် ၈ သိန်းရနိုင်မည့် အပြောင်းအရွှေ့အတွက် မက်ဆီသည် မန်စီးတီးအသင်းနှင့် ဆွေးနွေးမှုစတင်လိုက်ကြောင်း ဗြိတိန်ထုတ် The Sun သတင်းစာက ဖော်ပြလိုက်သည်။
မက်ဆီအနေဖြင့် အင်္ဂလန်သို့ပြောင်းရန် နူးကမ့်ကိုစွန့်ခွာဖွယ်ရှိသည်ဟု ပြီးခဲ့သည့်လက ယင်းသတင်းစာတွင်ပင် ဖော်ပြထားခဲ့သေးသည်။
အသက် ၂၈ နှစ်အရွယ်ရှိ အာဂျင်တီးနားနှင့် ဘာစီလိုနာတိုက်စစ်မှူးဖြစ်သူ မက်ဆီ၏ အေးဂျင့်များသည် တစ်နှစ်ပေါင်သန်း ၄၀ တန်စာချုပ် အတွက် ကနဦးဆွေးနွေးမှုများပြုလုပ်ခဲ့ကြသည်။
ဘာစီလိုနာကြယ်ပွင့်ကစားသမားအနေဖြင့် ပုံရိပ်အသုံးပြုခအပြင် အပိုဆုကြေးများမှလည်း ပေါင် ၃၂ သန်းခန့်ရရှိဦးမည်ဖြစ်သည်။
စပိန်တွင် ၁၁ နှစ်ကြာကစားခဲ့ပြီးဖြစ်သည့် မက်ဆီ၏ လက်ရှိ တစ်ပတ်ပေါင် ၅ သိန်းတန်စာချုပ်မှာ ၂၀၁၈ တွင်ကုန်ဆုံးမည်ဖြစ်ပြီး အလျှင်အမြန်အဆုံးသတ်စေရန် မန်စီးတီးအသင်းက အလိုရှိနေသည်။
စာချုပ်ဖျက်သိမ်းကြေးပေါင်သန်း ၂၅၀ ဟုဆိုသော်လည်း စပိန်ချန်ပီယံဘာစီလိုနာအသင်းအနေဖြင့် ကမ္ဘာ့အကောင်းဆုံးလေးကြိမ်ရ ကစား သမားကို ပေါင်သန်း ၁၂၀ ဖြင့် ဈေးဖွင့်ဖွယ်ရှိနေသည်။
Ref; The Sun