တရုတ်က အိန္ဒိယနယ်စပ်အနီး တိဘက်တွင် စူပါဆည်ကြီး တည်ဆောက်ပြီး ရေကို လက်နက်အဖြစ် အသုံးပြုချင်နေကြောင်း ကျွမ်းကျင်သူ ပြောကြား

By Zee 5
23 April 2021
တရုတ်က အိန္ဒိယနယ်စပ်အနီး တိဘက်တွင် စူပါဆည်ကြီး တည်ဆောက်ပြီး ရေကို လက်နက်အဖြစ် အသုံးပြုချင်နေကြောင်း ကျွမ်းကျင်သူ ပြောကြား
တရုတ်ပြည်အလယ်ပိုင်းဟူဘေးပြည်နယ်ရှိ Yichang အနီးရှိ Yangtze မြစ်ပေါ်ရှိ Three Gorges Dam

တရုတ်နိုင်ငံက အမှန်တကယ်ထိန်းချုပ်မျဉ်းအနီးရှိ ယာလုံဆန်ဘိုမြစ် အောက်ပိုင်းတွင် စူပါဆည်တည်ဆောက်မည့် အစီအစဉ်နှင့် ပတ်သက်ပြီး ကျွမ်းကျင်သူတစ်ဦးက စိုးရိမ်ကြောင်း ပြောကြားလိုက်ပြီး ယင်းသို့တည်ဆောက်ခြင်းက အိန္ဒိယကို ဆန့်ကျင်ရန်အတွက် တရုတ်က ရေကို ထိန်းချုပ်ပြီး လက်နက်အဖြစ် အသုံးပြုချင်နေကြောင်း ဆိုသည်။

တိဘက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသမှ မြစ်ဖျားခံလာသော ယာလုံဆန်ဘိုမြစ်သည် အိန္ဒိယရှိ အရူနာချယ်ပရာဒေ့ရှ်ပြည်နယ်အတွင်းသို့ စီးဆင်းပြီး ယင်းနေရာတွင် မြစ်ကို “ဆင်း” ဟုခေါ်ဆိုကာ ဘင်္ဂလားဒေ့ရှ်သို့ မစီးဆင်းခင် အာသံပြည်နယ်သို့ “ ဗြဟ္မပုတ္တမြစ်” အဖြစ် စီးဝင်သည်။ မြစ်ပေါ်တွင် စူပါဆည်တည်ဆောက်မည့် တရုတ်၏ အစီအစဉ်သည် အိန္ဒိယအရှေ့မြောက်ပိုင်းဒေသ၏ ရေလုံခြုံရေးကို များစွာအကျိုးသက်ရောက်စေမည်ဖြစ်သည်။

စူပါရေကာတာ၏ ရေအားလျှပ်စစ်စွမ်းအင်သည် ၂၀၁၂ ခုနှစ်မှစ၍ စက်တပ်စွမ်းအင်အရ ကမ္ဘာ့အကြီးမားဆုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံဖြစ်သည့် တရုတ်နိုင်ငံအလယ်ပိုင်းရှိ Three Gorges Dam ဆည်ထက် သုံးဆပိုမိုကြီးမားမည်ဟု Sputnik မှ ပြောကြားခဲ့သည်။

အာဏာရ တရုတ်ကွန်မြူနစ်ပါတီ (CCP) ဗဟိုကော်မတီမှ ၂၀၃၅ ခုနှစ်အထိ ရေရှည်ရည်မှန်းချက်များ ချမှတ်ခဲ့စဉ် ယင်းစူပါဆည်စီမံကိန်းသည် ၁၄ ကြိမ်မြောက် ငါးနှစ်စီမံကိန်း (၂၀၂၁-၂၅) အတွက် အဆိုပြုချက်များအရ ထွက်ပေါ်လာခြင်းဖြစ်သည်။

ယင်းဆည်သည် နှစ်စဉ်သန့်ရှင်းပြီး ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်နှင့် ကာဗွန်ဓာတ်ငွေ့မထွက်ရှိဘဲ လျှပ်စစ် ကီလိုဝပ်နာရီ ၃၀ဝ ဘီလီယံထွက်ရှိမည်ဟု သတင်းများထွက်ပေါ်နေသည်။

“တရုတ်နိုင်ငံက နိုင်ငံတကာ နယ်စပ်ဖြတ်ကျော်မြစ်ချောင်းတွေရှိလို့ အိန္ဒိယထက် မဟာဗျူဟာအရ အားသာချက်ရှိပါတယ်” ဟု Ladakh တွင် ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ခဲ့သည့် ရေအားလျှပ်စစ်ဆိုင်ရာ ဘူမိဗေဒပညာရှင် ရီတက်ရှ်အာရာ က Sputnik သို့ ပြောကြားခဲ့သည်။

“ ဆည်တွေတည်ဆောက်ပြီး သူတို့က ဒီရေတွေကို လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖို့၊ ဆည်ရေပေးဖို့ ပြောကြပါတယ်။ တကယ်တော့ တရုတ်က ရေကို ထိန်းချုပ်ပြီး လက်နက်အဖြစ်အသုံးပြုချင်နေတာပါ” ဟု ရီတက်ရှ် အာရာက ဖြည့်စွက်ပြောကြားသည်။

ဘူမိစစ်ဆင်ရေးနည်းဗျူဟာအရ ထိန်းချုပ်ထားသော ရေကို တရုတ်နိုင်ငံမှ လက်နက်အဖြစ်အသုံးပြုခြင်းသည် မဝေးတော့သည့်အနာဂတ်တွင် အိန္ဒိယ၏ မဟာဗျူဟာမြောက်အနေအထားအတွက် ခြိမ်းခြောက်မှု တစ်ခုဖြစ်နိုင်သည်ဟု အာရာ က ပြောကြားခဲ့သည်။

" တိဘက်ကုန်းပြင်မြင့်မှ မြစ်အောက်ပိုင်းက နိုင်ငံများတွေဆီကို စီးဆင်းသွားတဲ့ မြစ်အများအပြားရှိတဲ့ ဒေသကို တိဘက်က ပိုင်ဆိုင်ထားပါတယ်။ တရုတ်က တိဘက်ကို ထိန်းချုပ်ထားတဲ့အတွက် အိန္ဒိယကို တိုက်ခိုက်တဲ့လက်နက်အဖြစ် ရေအားလျှပ်စစ်စီမံကိန်းတွေကို အသုံးပြုမယ်ဆိုတဲ့ ရည်ရွယ်ချက်ကို မတားဆီးနိုင်ပါဘူး” ဟု အာရာ က ပြောကြားခဲ့သည်။

“ အိန္ဒိယအာဏာပိုင်တွေက ဒီခြိမ်းခြောက်မှုကို အလေးအနက်ထားဖို့ လိုအပ်ပါတယ်။ ဒီကိစ္စကို သင့်တော်တဲ့ ပလက်ဖောင်းတွေပေါ်တင်ရပါမယ်၊ ဒါမှတရုတ်ကို ကြိုတင် ထိန်းချုပ်နိုင်မှာပါ” ဟု သူက ထပ်လောင်းပြောကြားသည်။

အိန္ဒိယနှင့် တရုတ်နိုင်ငံတို့သည် ရေအချက်အလက်များမျှဝေရန် သဘောတူညီချက်ရှိထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required