ရာသီဥတုပြောင်းလဲမှု အကြပ်အတည်းတွင် ပူးပေါင်းဖြေရှင်းရန် အမေရိကန်နှင့် တရုတ်တို့ ပူးတွဲကြေညာချက် ထုတ်ပြန် 

By VOA 
21 April 2021
ရာသီဥတုပြောင်းလဲမှု အကြပ်အတည်းတွင် ပူးပေါင်းဖြေရှင်းရန် အမေရိကန်နှင့် တရုတ်တို့ ပူးတွဲကြေညာချက် ထုတ်ပြန် 

ဧပြီ ၂၁ 

ရာသီဥတုဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ်ဂျွန်ကယ်ရီ၏ ရှန်ဟိုင်းသို့အလည်အပတ်ခရီးစဉ်ပြီးနောက် အမေရိကန်နှင့် တရုတ်တို့က ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အရေးကြီးကိစ္စရပ်တွင်  ပူးပေါင်းဆောင်ရွက်ရန် ပူးတွဲ ကြေညာချက်ကို ဧပြီလ ၁၇ရက်တွင် ထုတ်ပြန်လိုက်သည်။ 

“အမေရိကန်နှင့် တရုတ်တို့သည် အမြန်ဆုံး ဖြေရှင်းရန်လိုအပ်နေသည့် ရာသီဥတုဆိုင်ရာ ပြဿနာအတွက် နှစ်နိုင်ငံအကြားပူးပေါင်းဆောင်ရွက်ခြင်းဖြင့်သော်လည်းကောင်း၊ အခြားနိုင်ငံများနှင့်လည်း ပူးပေါင်းဆောင်ရွက်ရန်သော်လည်း ကတိကဝတ်ပြုခဲ့ကြသည်” ဟု ကယ်ရီနှင့် တရုတ်နိုင်ငံ၏ ရာသီဥတုပြောင်းလဲမှုဆိုင်ရာအထူးကိုယ်စားလှယ် ရှဲကျန်းဟွားတို့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်းကယ်ရီသည် တရုတ်ပြည်သို့သွားရောက်သည့် သမ္မတ ဂျိုးဘိုင်ဒင်အစိုးရ၏ ပထမဆုံးအရာရှိဖြစ်သည်။ အခြားနယ်ပယ်များတွင် တင်းမာမှုများ မြင့်တက်နေ သော်လည်း ကမ္ဘာ့ရာသီဥတု ပြဿနာကို  ပူးပေါင်း ဖြေရှင်းနိုင်ရန် မျှော်လင့်ထားသည်။ 

ရာသီဥတု ပြောင်းလဲမှုအတွက် အဓိကကျသည့် ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှု၏ ထက်ဝက်နီးပါးကို  ယင်းနှစ်နိုင်ငံမှ ထွက်နေပြီး ၎င်းတို့ အကြားပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များကို ကြေညာချက်တွင် ထည့်သွင်း ဖော်ပြထားသည်။ 

ကုလသမဂ္ဂရာသီဥတု ပြောင်းလဲခြင်းဆိုင်ရာ မူဘောင်သဘောတူညီချက်နှင့် ပါရီသဘောတူညီချက်အပါအဝင် ဘက်ပေါင်းစုံလုပ်ငန်းစဉ်များတွင် ပူးပေါင်းဆာင်ရွက်ချက်များ တိုးမြှင့်သွားမည်ဟုလည်း ယင်းကြေညာချက်တွင် အလေးထား ပြောကြားထားသည်။

ရုပ်ကြွင်းလောင်စာစွမ်းအင်သုံး စက်မှုလုပ်ငန်းကို ဦးစားပေးခဲ့သည့် ယခင် သမ္မတဟောင်းဒေါ်နယ်ထရမ်နှင့် မတူဘဲ အမေရိကန်သမ္မဘိုင်ဒင်သည် ရာသီဥတုဆိုင်ရာကိစ္စရပ်များကို ဦးစားပေးဆောင်ရွက်ခဲ့သည်။

ကယ်ရီ နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ယူစဉ်က  ဆွေးနွေးခဲ့သည့် ‘၂၀၁၅ ပါရီ သဘောတူညီချက်’ နှင့် စက်မှုလုပ်ငန်း ခေတ်ကြိုကာလက ရှိခဲ့သည့် အပူချိန်မြင့်တက်မှု ၂ ဒီဂရီဆဲလ်စီရပ်စ်ထက်မပိုရန် ကတိပြုမှုများအပါ် သမ္မတဘိုင်ဒင်က ပြန်လည် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly