၂၀၁၉ ခုနှစ် ဆန္ဒပြမှုအတွက် ဟောင်ကောင်အရေးတက်ကြွလှုပ်ရှားသူ ဂျိုရွှာဝေါင် ထောင်ဒဏ်၄လ ချမှတ်ခံရ 

၂၀၁၉ ခုနှစ် ဆန္ဒပြမှုအတွက် ဟောင်ကောင်အရေးတက်ကြွလှုပ်ရှားသူ ဂျိုရွှာဝေါင် ထောင်ဒဏ်၄လ ချမှတ်ခံရ 

ဧပြီ ၂၀

ဟောင်ကောင်အရေး တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်သည့် ဂျိုရွှာဝေါင်သည် ခွင့်ပြုချက်မရဘဲ စုဝေးမှုနှင့် mask တပ်ဆင်ခြင်းကို တားမြစ်သည့် ဥပဒေ ချိုးဖောက်မှုအတွက် ဧပြီ ၁၃ ရက်တွင် ထောင်ဒဏ် လေးလ ချမှတ်ခြင်း ခံခဲ့ရသည်။ ဝေါင်သည် ဟောင်ကောင်၏ လူသိအများဆုံး  ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူများအနက် တစ်ဦးဖြစ်သလို အမျိုးသားလုံခြုံရေးဥပဒေဖြင့် တရားစွဲခံထားရသည့် လူပုဂ္ဂိုလ် ၄၇ ဦးထဲတွင်လည်း ပါ၀င်သူဖြစ်သည်။ 

အသက် ၂၄ နှစ်ရှိ ဝေါင်သည် အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုများ အရှိန်အမြင့်ဆုံးဖြစ်ခဲ့စဉ်ကာလ ၂၀၁၉ ခုနှစ်အောက်တိုဘာလအတွင်း ခွင့်ပြုချက်မရှိဘဲ လူထုစုဝေးပွဲတစ်ခုတွင် ပူးပေါင်းပါ၀င်မှု၊ မျက်နှာဖုံး mask တစ်ခုအသုံးပြုမှု အပါအ၀င် စွဲချက်နှစ်ခုစလုံးအတွက် အပြစ်ရှိကြောင်း ထွက်ဆိုခဲ့ကြောင်း တရားရုံးက ကြားနာခဲ့သည်။ 

၎င်းသည် အများဆုံး ဖြစ်နိုင်ခြေရှိ ထောင်ဒဏ်သုံးနှစ် ပြစ်ဒဏ်နှင့် ရင်ဆိုင်နေရသည်။ တရားမ၀င် လုထုစုဝေးမှုတစ်ခုကို စီစဥ်မှုအတွက် ၎င်း ကျခံနေရပြီးသားဖြစ်သည့် ထောင်ဒဏ် ၁၃ လခွဲ ပြစ်ဒဏ်ကို ယခု ပြစ်ဒဏ်က ထပ်တိုး ရှည်လျားစေမည်ဖြစ်သည်။ 

ရာဇ၀တ်တရားသူကြီး ဒန်နီယယ် တန်က “အမွှမ်းတင်ခံရသည့် ပုဂ္ဂိုလ်” တစ်ဦးအဖြစ် ခေါ်ဆိုခဲ့သည့် ဝေါင်သည်၎င်းကို ထောက်ခံသူများကို ကျေးဇူးတင်ကြောင်း ပြောခဲ့သည်။ ထောက်ခံသူများအနက် တစ်ချို့က “ငါ မင်းကိုသတိရနေတာ” ၊ “ဆက်တောင့်ထားဟေ့ ကိုယ့်လူ” ဆိုပြီး အော်ဟစ်ခဲ့ကြသည်။ 

၂၀၁၉ အောက်တိုဘာလတွင် ဟောင်ကောင် ခေါင်းဆောင် ကာရီလမ်သည် မျက်နှာ အဖုံးအကာ face mask များကိုတားမြစ်သည့် စည်းမျဉ်းတစ်ရပ်ကို ထုတ်ပြန်ရန် နှစ်ပေါင်း ၅၀ ကျော်အတွင်း ပထမဆုံးအကြိမ်အဖြစ် ကိုလိုနီခေတ် အရေးပေါ် လုပ်ပိုင်ခွင့်အာဏာများကို ကိုးကားမှီငြမ်းခဲ့သည်။ ဒီမိုကရေစီ လိုလားသော ဆန္ဒပြသူများအများအပြားသည် ၎င်းတို့ မည်သူမည်ဝါဖြစ်ကြောင်း အထောက်အထားများကို အာဏာပိုင်များ၏ရန်မှ ဖုံးကွယ်ရန် မျက်နှာဖုံး face mask များကို အသုံးပြုခဲ့ကြသည်။ 

ထိုဥပဒေအရ တရား၀င် လူထုစုဝေးပွဲနှင့် တရားမ၀င်သော လုထုစုဝေးပွဲ နှစ်မျိုးစလုံးတွင် မျက်နှာဖုံး face mask ၀တ်ဆင်ခြင်းက ဥပဒေနှင့် ဆန့်ကျင်သည်ဟု အဓိပ္ပါယ်ရသည်။ ကျူးလွန်သူများအနေဖြင့် အများဆုံး ထောင်ဒဏ်တစ်နှစ်နှင့် ဒဏ်ကြေး ဟောင်ကောင်ဒေါ်လာ ၂၅,၀၀၀ နှင့် ရင်ဆိုင်ခဲ့ရသည်။ 

ကျန်းမာရေး၊ ဘာသာရေး သို့မဟုတ် အခြားသော အလုပ်အကိုင်နှင့် ဆက်စပ်သော အကြောင်းရင်းများအတွက်မျက်နှာဖုံး mask တပ်ရန် လိုအပ်သူများအနေဖြင့် ထိုဥပဒေမှ ကင်းလွတ်ခွင့်ရသည်။ သို့သော် ထိုပိတ်ပင်တားမြစ်မှုက ရှုပ်ထွေးမှု ဖြစ်စေခဲ့ကြောင်း ဝေဖန်သူများက ပြောသည်။ 

ယမန်နှစ် ဇူလိုင်လက တရားမ၀င် ပါတီကိုယ်စားလှယ် အကြိုရွေးကောက်ပွဲတစ်ခုတွင် ပါ၀င်မှုအတွက် ဟောင်ကောင်၏ အမျိုးသားလုံခြုံရေးဥပဒေအရ ဖေဖေါ်ဝါရီလကုန်ပိုင်းအတွင်း နိုင်ငံဖြိုဖျက်မှု ကျူးလွန်ရန် လျှို့ဝှက်ပူးပေါင်းကြံစည်မှုဖြင့် တရားစွဲဆိုခြင်း ခံခဲ့ရသည့် ဒီမိုကရက် ၄၇ ဦးထဲတွင် ဝေါင်လည်း တစ်ဦးအပါအ၀င်ဖြစ်သည်။အဆိုပါ တရားစွဲဆိုမှုသည် ထိုဥပဒေ အကောင်အထည်ဖော်ပြီးနောက်ပိုင်း အတိုက်အခံများအပေါ်အကြီးမားဆုံးဖြစ်သည့် ဖြိုခွင်းနှိမ်နင်းမှုတစ်ခု ဖြစ်ခဲ့သည်။ 

ဝေါင်သည် ၂၀၁၉ ခုနှစ် ဇွန်လက ဟောင်ကောင်ရဲဌာနချုပ်အနီး ဥပဒေနှင့်ဆန့်ကျင်သော လူထုစုဝေးမှုတစ်ခုကို စီစဉ်လှုံ့ဆော်မှုအတွက် ထောင်ဒဏ် ၁၃ လခွဲ ပြစ်ဒဏ်ကို လက်ရှိအချိန်တွင် ကျခံနေရသည်။ 

ကျယ်ပြန့်သော ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် လွတ်လပ်မှုများပေးမည် ဆိုသည့် ကတိနှင့်အတူ ဗြိတိသျှကိုလိုနီဟောင်းဟောင်ကောင်ကို ဗြိတိန်မှ တရုတ်သို့ ၁၉၉၇ ခုနှစ်တွင် လွှဲပြောင်းပေးအပ်ခဲ့သည်။ သို့သော် အဆိုပါ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် လွတ်လပ်မှုများကို ပေကျင်းရှိ ကွန်မြူနစ်ပါတီအုပ်ချုပ်သူများက လုံးပါးပါးစေလျက် ရှိကြောင်းဒီမိုကရေစီတက်ကြွလှုပ်ရှားသူများက ပြောသည်။ ဒီမိုကရေစီတက်ကြွလှုပ်ရှားသူများသည် ၂၀၁၉ ခုနှစ်ကတစ်ခါတစ်ရံ ပြင်းထန်ကြမ်းတမ်းသည့် ဆန္ဒပြပွဲများအတွင်း ဟောင်ကောင်မြို့၏ ဒေသများကို မကြာခဏဆိုသလို ရပ်တန့်စေခြင်းများကို ဖြစ်ပေါ်စေခဲ့သည်။ 

တရုတ်ကမူ ယင်းအနေဖြင့် ၀င်ရောက်စွက်ဖက်ခြင်း မရှိဟု ပြောသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly