ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု တစ်ဟုန်ထိုး မြင့်တက်နေချိန် အိန္ဒိယ နယူးဒေလီ၌ သီတင်းတစ်ပတ်ကြာ လော့ခ်ဒေါင်းချမှတ်

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု တစ်ဟုန်ထိုး မြင့်တက်နေချိန် အိန္ဒိယ နယူးဒေလီ၌ သီတင်းတစ်ပတ်ကြာ လော့ခ်ဒေါင်းချမှတ်
Photo - AFP

ဧပြီ ၁၉

အိန္ဒိယနိုင်ငံ၏ မြို့တော် နယူးဒေလီတွင် ယခုအခါ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရသူဦးရေ တစ်ဟုန်ထိုး မြင့်တက်မှုကို ထိန်းချုပ်နိုင်ရန် ရုန်းကန်နေရလျက် ရှိရာ ဧပြီ ၁၉ ရက် ညပိုင်းမှစ၍ သီတင်းတစ်ပတ်ကြာ လော့ခ်‌ဒေါင်းတစ်ရပ် ချမှတ်သွားမည်ဖြစ်ကြောင်း တာ၀န်ရှိသူများက ပြောသည်။

အဆိုပါ မြို့ကြီးတွင် ဗိုင်းရပ်စ် ကူးစက်မှုနှုန်း မြင့်တက်နေစဥ် ဆေးရုံများ၌လည်း ခုတင်ပြတ်လပ်မှုများ ဖြစ်ပေါ်နေပြီး အောက်ဆီဂျင် ထောက်ပံ့မှုများသည်လည်း လျော့နည်းလျက် ရှိသည်။

လူဦးရေ ၁ ဒသမ ၃ ဘီလီယံ ရှိ အိန္ဒိယနိုင်ငံတစ်၀န်း ပြီးခဲ့သည့် ၂၄ နာရီအတွင်း ဗိုင်းရပ်စ် ကူးစက်ခံရသူ ၂၇၃,၈၁၀ ဦးအထိ စံချိန်တင် တွေ့ရှိခဲ့ရာ ယင်းသည် ငါးရက်ဆက်တိုက်အဖြစ် ကူးစက်သူဦးရေ နှစ်သိန်းကျော်အထက် တွေ့ရှိမှုလည်း ဖြစ်သည်။

နိုင်ငံတွင် ဗိုင်းရပ်စ် ကူးစက်မှုဒဏ် အဆိုးဆုံးခံနေရသည့် ဒေလီမြို့တွင် ဧပြီ ၁၈ ရက်က ကူးစက်သူအသစ် ၂၅,၅၀၀ ထိ တွေ့ရှိခဲ့ပြီး ဗိုင်းရပ်စ်ရှိမရှိ စစ်ဆေးစမ်းသပ်ခံသူများအနက် သုံးပုံ တစ်ပုံနီးပါးသည် ဗိုင်းရပ်စ် ကူးစက်ခံထားရသည်ဆိုသည့် အဖြေများ ထွက်ပေါ်ခဲ့ကြောင်း သိရသည်။

“ဒေလီမြို့ရဲ့ ကျန်းမာရေး စနစ်က အ‌ရေးကြီးတဲ့ အနေအထားမှာ ရောက်နေပါတယ်၊ ကိုဗစ်-၁၉ အခြေအနေက အတိမ်းအစောင်းမခံတဲ့ အခြေအနေဖြစ်ပါတယ်” ဟု ဒေလီမြို့ ၀န်ကြီးချုပ် အာဗင် ကက်ဂျ်ရီ၀ဲလ်က မိန့်ခွန်းတစ်ရပ်တွင် ပြောခဲ့သည်။

“တကယ်လို့ ကျွန်တော်တို့အနေနဲ့ ခုချိန်မှာ လော့ခ်ဒေါင်း မချမှတ်ဘူးဆိုရင် ဒီထက် ပိုကြီးတဲ့ ဘေးဒုက္ခတစ်ခုနဲ့ ကြုံရပါလိမ့်မယ်၊ ဒီတော့ ခုညကနေစလို့ နောက်လာမယ့် တနင်္လာနေ့အထိ လော့ခ်ဒေါင်းတစ်ခု ချမှတ်ပါမယ်” ဟု ၎င်းက ပြောသွားခဲ့သည်။

စီးပွားရေးလုပ်ငန်းကိုင်ငန်းများကို ပိတ်ထားမည်ဖြစ်ပြီး လူဦးရေ သန်း ၂၀ ခန့် ရှိသည့် မြောက်ပိုင်းမြို့တွင် သွားလာလှုပ်ရှားမှုများကို မဖြစ်မနေသွားလာရမှုများမှလွဲပြီး ကန့်သတ်ထားမည်ဖြစ်ကြောင်း ၎င်းက ပြောသွားခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly