ဝီဂါအရေး ဝေဖန်သည့် အန်ကာရာမြို့တော်၀န်ကို တရုတ်က တိုက်ခိုက်ပြောဆိုပြီးနောက်ပိုင်း တရုတ်သံရုံးအား တူရကီက ရေပေးဝေမှု ဖြတ်တောက် 

By Swarajya
14 April 2021
ဝီဂါအရေး ဝေဖန်သည့် အန်ကာရာမြို့တော်၀န်ကို တရုတ်က တိုက်ခိုက်ပြောဆိုပြီးနောက်ပိုင်း တရုတ်သံရုံးအား တူရကီက ရေပေးဝေမှု ဖြတ်တောက် 

ဧပြီ ၁၄

ဝီဂါမွတ်ဆလင် အသိုင်းအဝိုင်းအပေါ် ပေကျင်း၏ ပြုမူဆက်ဆံပုံနှင့်ပတ်သက်ပြီး ဝေဖန်ခဲ့သည့် တူရကီနိုင်ငံရေးသမားနှစ်ဦးကို အရေးယူဆောင်ရွက်သွားနိုင်ကြောင်း တရုတ်သံရုံးက တွစ်တာကနေတဆင့် ထုတ်ဖော်ခဲ့ပြီးနောက် ဧပြီ ၇ ရက်တွင် တူရကီနိုင်ငံ အန်ကာရာမြို့တော် အုပ်ချုပ်ရေးအဖွဲ့က ယင်းမြို့ရှိ တရုတ်သံရုံးထံ ရေပေးဝေမှုကို ရပ်ဆိုင်းခဲ့သည်။ 

တရုတ်သံရုံးသည် တွစ်တာပို့စ်နှစ်ခုတွင် တူရကီ အတိုက်အခံပါတီ Good party ၏ အကြီးအကဲ မီရယ် အက်ခ်ဆန်နာနှင့် အန်ကာရာမြို့တော်၀န် မန်ဆော် ယာဗက်စ် တို့ကို tag တွဲလျက်ဖြင့် ပေကျင်း၏ မူဝါဒများနှင့်ပတ်သက်ပြီးခုခံရေးသားခဲ့ပြီး တရုတ်အနေဖြင့် မှန်ကန်သော တုံ့ပြန်မှုတစ်ခု လုပ်ပိုင်ခွင့်ကို အပြည့်အဝရှိကြောင်း ပြောခဲ့သည်ဟု The New Indian Express က ဖော်ပြသည်။ 

“တရုတ်ဘက်ကတော့ တရုတ်ရဲ့ အချုပ်အချာအာဏာနဲ့ နယ်မြေပိုင်နက် တည်တံ့ခိုင်မြဲမှုအပေါ် ဘယ်လို လူပုဂ္ဂိုလ်မျိုး ဒါမှမဟုတ် ဘယ်လို အင်အားကြီးနိုင်ငံမျိုးမဆိုရဲ့ စိန်ခေါ်မှုတိုင်းကို ပြတ်ပြတ်သားသား ဆန့်ကျင်သလိုအပြင်းအထန် ပြစ်တင်ရှုတ်ချပါတယ်” ဟု သံရုံးက ပြောခဲ့သည်။ 

တူရကီ နိုင်ငံရေးသမားနှစဦးသည် ၁၉၉၀ အုံကြွမှုတစ်ခုအတွင်း တရုတ်တပ်ဖွဲ့၀င်များက ဝီဂါများကို သတ်ဖြတ်မှုကို တွစ်တာပို့စ်များတွင် အမှတ်အသားပြု ဖော်ပြပြီးနောက်ပိုင်း တရုတ်သံရုံးက အထက်ပါ မှတ်ချက်စကားများကိုထုတ်ဖော်ခဲ့ခြင်း ဖြစ်သည်။ 

သို့သော် တူရကီတွင် အဆိုပါ တရုတ်သံရုံး၏ မှတ်ချက်စကားများကို ခြိမ်းခြောက်မှုတစ်ခုအဖြစ် ကျယ်ကျယ်ပြန့်ပြန့် အဓိပ္ပါယ်ကောက်ခဲ့ကြသလို ယင်းမှတ်ချက်စကားများက ဆိုရှယ်မီဒီယာပေါ်တွင် အမျက်ဒေါသထွက်နာကြည်းမှုကိုလည်း ဖြစ်စေခဲ့သည်။ 
တရုတ်နိုင်ငံ ရှင်ကျန်းဒေသ ဇာတိဖြစ်သော တာကစ်အနွယ်၀င် အုပ်စုတစ်စုဖြစ်သည့် ဝီဂါအများအပြားသည်တူရကီတွင် ခိုလှုံရန် ရောက်ရှိထားပြီးဖြစ်ပြီး အကြောင်းမှာ ၎င်းတို့၏ ယဥ်ကျေးမှုဆိုင်ရာ တူညီသော နောက်ခံများရှိခြင်းကြောင့် ဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required