ပြည်တွင်းထုတ်ကာကွယ်ဆေးသည် အာနိသင်နိမ့်ဟု တရုတ်အရာရှိများပြောကြား

ပြည်တွင်းထုတ်ကာကွယ်ဆေးသည် အာနိသင်နိမ့်ဟု တရုတ်အရာရှိများပြောကြား

ဧပြီ ၁၃

တရုတ်နိုင်ငံထုတ် ကိုဗစ်ကာကွယ်ဆေးသည် အာနိသင်နိမ့်ကြောင်း အစိုးရ၏ ထိပ်ပိုင်း ရောဂါထိန်းချုပ်ရေးအရာရှိတစ်ဦးက ဆေး၏ အရည်အသွေး အားနည်းချက်ကို ရှားရှားပါးပါး ဝန်ခံလိုက်သည်။ ဆေးအာနိသင်တိုးတက်စေရန် ရောစပ်အသုံးပြုမည့်နည်းလမ်းကို စဉ်းစားနေကြောင်းလည်း အရာရှိဂေါင်ဖူးက ပြောကြားသည်။

ပြည်ပ၌ စမ်းသပ်သုံးစွဲမှု အချို့တွင် တွေ့ရှိချက်အရ ဆေး၏ စွမ်းရည်သည် ၅၀ရာခိုင်နှုန်းအထိ  နိမ့်ကြောင်း ဖော်ပြထားသော်လည်း တရုတ်အစိုးရအနေဖြင့် အများပြည်သူသုံးရန် ကာကွယ်ဆေး ၄ မျိုးကို ထုတ်လုပ်ထားသည်။နောက်ပိုင်းတွင် ၎င်း၏ မှတ်ချက်များကို မှားယွင်းစွာ အဓိပ္ပါယ်ပြန်ဆိုခြင်း ဖြစ်ကြောင်း ဂေါင်က ပြောကြားသည်။ တရုတ်နိုင်ငံတွင် ပြည်သူ သန်း၁၀၀ ကျော်သည် ကာကွယ်ဆေးအား တစ်ကြိမ်ထက်မနည်း ထိုးနှံပြီး ဖြစ်သည်။ 

ကာကွယ်ဆေးများသည့် ထိရောက်မှုရှိပြီး တရုတ်ကာကွယ်ဆေးထိုးပြီးသူများကိုသာ နိုင်ငံတွင်း ဝင်ခွင့်ပြုမည်ဟု တရုတ်အစိုးရက အခိုင်အမာပြောကြားထားသည်။

ဂေါင်က ဘာပြောခဲ့သလဲ

တရုတ်နိုင်ငံ ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေး စင်တာအကြီးအကဲ ဂေါင်ဖူးက လက်ရှိ ကာကွယ်ဆေးများသည် ကာကွယ်ရေးအတွက် အရည်အသွေးမမြင့်ကြောင်း ဧပြီ ၁၀ ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောကြားခဲ့သည်။
စွမ်းရည် မြှင့်တင်ရေးအတွက် ကိုဗစ်-၁၉ ကာကွယ်ဆေးအား ပေါင်းစပ်အသုံးပြုနိုင်ရန် တရုတ်အစိုးရက စဉ်းစားနေကြောင်း ၎င်းက ပြောကြားသည်။

ကာကွယ်ဆေးထိုး လုပ်ငန်းစဉ်အား ပိုမိုကောင်းမွန်အောင် လုပ်ဆောင်ရာတွင် ထိုးနှံမည့် အကြိမ်အရေအတွက်နှင့် ထိုးနှံသည့် ကာလသက်တမ်းတို့ကို ပြောင်းလဲမည့် အစီအစဉ်များ ပါဝင်ကြောင်းလည်း ၎င်းက ရှင်းပြသည်။ 

 “ကမ္ဘာပေါ်မှာရှိတဲ့ ကာကွယ်ဆေးတွေရဲ့ ကာကွယ်နိုင်မှု နှုန်းဟာ တစ်ခါတစ်ရံ မြင့်ပြီး တစ်ခါတစ်ရံ နိမ့်ပါတယ်” ဟု နိုင်ငံပိုင် Global Times သတင်းစာသို့ နောက်ပိုင်းတွင် ပြင်ဆင် ပြောကြားခဲ့သည်။ 

“ကမ္ဘာပေါ်က သိပ္ပံပညာရှင်တွေအနေနဲ့ စဉ်းစားရမှာက ဆေးရဲ့ အရည်အသွေးကို ဘယ်လို မြှင့်တင်မလဲ ဆိုတာပါပဲ” ဟု ၎င်းက သတင်းစာသို့ ပြောကြားခဲ့သည်။

၎င်းပြောကြားခဲ့သော တရုတ်ကာကွယ်ဆေးများ၏  ကာကွယ်မှုနှုန်း နိမ့်သည်ဆိုခြင်းမှာ နားလည်မှု မှားယွင်းခြင်းသာ ဖြစ်ကြောင်းလည်း ထည့်သွင်းပြောကြားသည်။

 ဂေါင်၏ မူလနှင့် နောက်ပိုင်း မှတ်ချက်များကို တရုတ်မီဒီယာအများစုက ဖော်ပြခဲ့ခြင်းမရှိပေ။ 

မူလမှတ်ချက်များနှင့် ပတ်သက်၍ လူမှုကွန်ရက်မီဒီယာ Weibo တွင် ‘ဆက်မပြောပါနဲ့တော့’ ဆိုသည့် ဝေဖန်မှုများ ထွက်ပေါ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly