တရုတ်အစိုးရ၏ စံချိန်တင် ဒဏ်ငွေကို လက်ခံပြီး အပြောင်းအလဲ လုပ်ရန် ဆုံးဖြတ်

တရုတ်အစိုးရ၏ စံချိန်တင် ဒဏ်ငွေကို လက်ခံပြီး အပြောင်းအလဲ လုပ်ရန် ဆုံးဖြတ်

ဧပြီ ၁၃

တရုတ်အစိုးရ၏ ဈေးကွက်လက်ဝါးကြီးအုပ်မှု တိုက်ဖျက်ရေးအဖွဲ့၏ စံချိန်တင် ပြစ်ဒဏ်ကို လက်ခံကြောင်း တရုတ်နည်းပညာ ကုမ္ပဏီကြီးတစ်ခုဖြစ်သည့် Alibaba က ဧပြီ ၁၂ ရက်တွင် ထုတ်ပြန်လိုက်သည်။ 

Alibaba အနေဖြင့် ဈေးကွက်အားသာချက်အနေအထားကို နှစ်ပေါင်းများစွာ အလွဲသုံးစားလုပ်ခဲ့သည်ဟု အစိုးရ စည်းကမ်းကြပ်မတ်ရေး အဖွဲ့က ဆုံးဖြတ်ပြီး ဒဏ်ငွေ အမေရိကန်ဒေါ်လာ၂ ဒသမ ၈ ဘီလျံကို ပြစ်ဒဏ်ချမှတ်ခဲ့ခြင်း ဖြစ်သည်။ 

ယင်းပမာဏသည် ကုမ္ပဏီက ၂၀၁၉ ခုနှစ် နိုင်ငံတွင်း ဝင်ငွေ၏ ၄ ရာခိုင်နှုန်း ဖြစ်သည်။ Alibaba ကဲ့သို့ စီးပွားရေး လုပ်ငန်းများ ကြီးထွား အရေးပါလာခြင်းအပေါ် စည်းကမ်းကြပ်မတ်ရေးအဖွဲ့က သတိထားလာခြင်းကို တွေ့ရှိရကြောင်း Alibaba အုပ်စု၏ အမှုဆောင် ဒုဥက္ကဌဂျိုဆိုင်းက ပြောကြားသည်။

လုပ်ငန်းများကို ပေါင်းစပ်ခြင်းနှင့် ဝယ်ယူခြင်းတို့အပေါ် တရုတ်နိုင်ငံတွင် အစိုးရက Alibabaနှင့် အခြားပြိုင်ဖက် လုပ်ငန်းများကို စောင့်ကြည့်ခံနေရခြင်းကို သတိပြုမိသော်လည်း ကြပ်မတ်ရေးအဖွဲ့က ဈေးကွက် လက်ဝါးကြီးအုပ် ခြင်းနှင့် ပတ်သက်၍ ထပ်မံ စောင့်ကြည့်ခြင်းကို သတိမပြုမိခဲ့ကြောင်း ကုမ္ပဏီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စည်းကမ်း ကြပ်မတ်ရေးအဖွဲ့၏ အဓိက ထားသည့်အချက်မှာ  Alibaba အနေဖြင့် ကုန်သည်များကို အပြိုင်နည်းလမ်းများဖြင့် စီးပွားရေး လုပ်ခြင်း၊ ရောင်းအား မြှင့်တင်ခြင်းတို့ လုပ်ဆောင်ခြင်းအား ကန့်သတ်ထားခြင်းဖြစ်သည်။ 

အွန်လိုင်း ရောင်းဝယ်ရေး နည်းလမ်းများပေါ်တွင် ကုန်သည်များ ကြုံတွေ့နေရသည့် ဝင်ရောက်ဆောင်ရွက်ရန် အတားအဆီးများ၊ လုပ်ငန်းကုန်ကျစရိတ်များကို လျော့ချသည့်အစီအစဉ်များကိုလည်းဆောင်ရွက်မည်ဟု ယင်းကုမ္ပဏီက ဖော်ပြထားသည်။
“အခုပြစ်ဒဏ်ကြောင့် လက်ဝါးကြီးအုပ်မှု ဖယ်ရှားရေးဥပဒေတွင် ပါဝင်သည့်  သီးခြား အကြောင်းအရာများအပေါ် လမ်းညွှန်ကောင်းများ ရရှိလိုက်သည်” ဟု ဆိုင်းက ပြောသည်။

စည်းကမ်း ကြပ်မတ်ရေးအရာရှိများက ချမှတ်သည့် ပြင်ဆင်ပြောင်းလဲရန် အချက်များသည် ကုမ္ပဏီအပေါ် ထိခိုက်မည်မဟုတ်ကြောင်း ပြောကြားသည်။ 

Alibaba က ၎င်း၏ ရင်းနှီးမြှုပ်နှံသူများထံ ယနေ့ပေးပို့သည့် မက်ဆေ့ချ်တွင် “မိမိတို့ ကုမ္ပဏီသည် စည်းကမ်းကြပ်မတ်ရေးအဖွဲ့က စိတ်ဝင်စားခြင်းခံရသည့် အကြီးဆုံးနှင့် ပထမဆုံး တရုတ်နည်းပညာကုမ္ပဏီဖြစ် သော်လည်း နောက်ဆုံးလည်းမဖြစ်နိုင်” ဟု ဖော်ပြထားသည်။

ဈေးကွက် လက်ဝါးကြီးအုပ်မှုဆိုင်ရာ စည်းမျဉ်းများကို ချိုးဖောက်သည့် အချက် ၁၀ ချက်ဖြင့် ကုမ္ပဏီ ၁၂ ခုကို တရုတ်အစိုးရ၏ နိုင်ငံတော် ဈေးကွက်ကြပ်မတ်ရေးဆိုင်ရာ စီမံအုပ်ချုပ်ရေးအဖွဲ့ (SAMR) က ပြီးခဲ့သည့်လအတွင်း ဒဏ်ငွေများ ချမှတ်ခဲ့သည်။ ယင်းလုပ်ငန်းများတွင် တရုတ်နည်းပညာ ကုမ္ပဏီကြီးများ ဖြစ်သည့် Tencent၊ Baidu နှင့် DidiChuxing တို့ပါဝင်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly