အိုကီနာဝါကျွန်းအနီး တရုတ်စစ်သင်္ဘောအုပ်စု တွေ့ရှိမှုကြောင့် ဂျပန်က ကင်းလှည့်လေယာဉ်များ စေလွှတ်

အိုကီနာဝါကျွန်းအနီး တရုတ်စစ်သင်္ဘောအုပ်စု တွေ့ရှိမှုကြောင့် ဂျပန်က ကင်းလှည့်လေယာဉ်များ စေလွှတ်

ဧပြီ ၈

တရုတ်ရေတပ် စစ်သင်္ဘောအုပ်စုတစ်စုသည် အိုကီနာဝါနှင့် မီယာကို ကျွန်းများအကြားမှ ပစိဖိတ်သမုဒ္ဒရာသို့ ယခုသီတင်းပတ်အကုန်က ခုတ်မောင်းသွားသည်ကို တွေ့ရှိရသောကြောင့် ဂျပန်က P-1 ပင်လယ်ပြင် ကင်းလှည့်လေယာဉ်တစ်စင်းနှင့် P-3C ရေငုပ်သင်္ဘောတိုက်ဖျက်ရေး ကင်းလှည့်လေယာဉ်တစ်စင်းတို့ကို အဆိုပါ ပင်လယ်ပြင်သို့ စေလွှတ်ကာ အချက်အလက်များ စုဆောင်း၍ တရုတ်သင်္ဘောများ၏ လှုပ်ရှားမှုများကို စောင့်ကြည့်ခဲ့သည်။

အဆိုပါ တရုတ် သင်္ဘောအုပ်စုတွင် လေယာဉ်တင်သင်္ဘော Liaoning ၊ Renhai အဆင့်ရှိ ရေဒါပျောက် ပဲ့ထိန်းဒုံးကျည်ဖျက် သင်္ဘောတစ်စင်း၊ Luyang III အဆင့် ရေဒါပျောက် ပဲ့ထိန်းဒုံးကျည်ဖျက် သင်္ဘော၂ စင်း၊  Jiangkai II ဘက်စုံသုံး ဖရီးဂိတ် စစ်သင်္ဘောတစ်စင်းနှင့် Fuyu အဆင့် တိုက်ပွဲထောက်ပံ့ရေး သင်္ဘော၁ စင်းတို့ ပါဝင်သည်။

အဆိုပါ သင်္ဘောများ၏ လှုပ်ရှားမှုများကို စောင့်ကြည့်ရန် ဖျက် သင်္ဘော၁ စင်းကို စေလွှတ်ထားကြောင်း ဂျပန်တပ်ဖွဲ့က ဧပြီ ၅ ရက်တွင် အတည်ပြုပြောကြားခဲ့သည်။ဂျပန် လေယာဉ်တင် သင်္ဘော Liaoning အနေဖြင့်ပြီးခဲ့သည့် ဧပြီလနောက်ပိုင်း အဆိုပါ ရေလမ်းကြောင်းသို့ ပထမဆုံးအကြိမ် ဖြတ်သန်းခြင်းဖြစ်သည်။

အမေရိကန်က ၎င်း၏ ဒေသတွင်းမဟာမိတ်များနှင့် ပူးတွဲ စစ်ရေးလေ့ကျင့်မှုများ လုပ်ဆောင်ပြီးနောက် တရုတ် စစ်သင်္ဘောအုပ်စု ယခုကဲ့သို့ ဖြတ်သန်းခြင်းဖြစ်သည်။ အိန္ဒိယ စစ်တပ်နှင့် ပူးတွဲစစ်ရေး လေ့ကျင့်ပြီးနောက် အမေရိကန် လေယာဉ်တင် သင်္ဘော Theodore Roosevelt CSG သည် တောင်တရုတ်ပင်လယ်အတွင်းသို့ ဧပြီ ၅ ရက်က ဝင်ရောက်ခဲ့သည်။

တရုတ်၏ကမ်းရိုးတန်းစောင့်တပ်ဖွဲ့ ဥပဒေသစ်အပေါ် စိုးရိမ်ကြောင်း ဂျပန်အစိုးရက အကြိမ်များစွာ ထုတ်ပြန်ပြီး နောက် အရှေ့တရုတ်ပင်လယ်တွင် ၂ နှစ်နိုင်ငံအကြား စစ်ရေးတင်းမာမှု မြင့်တက်လာခဲ့သည်။

တရုတ်ရေပိုင်နက်အတွင်းသို့ တရားမဝင် ဝင်ရောက်လာသည်ဟု သတ်မှတ်ခံရသည့် ပြည်ပသင်္ဘောများအား တရုတ်စစ်တပ်က လက်နက်ဖြင့် ပစ်ခတ်နိုင်ကြောင်း အဆိုပါ ဥပဒေတွင် ပြဌာန်းထားသည်။

ဂျပန်တို့ ထိန်းချုပ်မှုအောက်တွင်ရှိသည့် ဆန်ကကုကျွန်းများအနီး တစ်လအတွင်း ၂ ကြိမ်နှင့် တစ်ပတ်အတွင်း ၂ကြိမ်အထိ ဝင်ရောက်ခြင်းဖြင့် တရုတ်ကမ်းရိုးတန်းစောင့်တပ်ဖွဲ့က ပြီးခဲ့သည့် လအတွင်းက နယ်မြေချဲ့ထွင်ခဲ့သည်။  

ဂျပန်အုပ်ချုပ်သည့် ကျွန်းများအား တစ်ဖက်သက် ခြိမ်းခြောက်မှုများကို တုံ့ပြန်သွားမည်ဖြစ်ကြောင်းနှင့် ဂျပန်အား မည်သည့်တိုက်ခိုက်မှုမှမဆို ကာကွယ်ရန် အမေရိကန်အစိုးရတွင် တာဝန်ရှိကြောင်း သမ္မတဂျိုးဘိုင်ဒင်အစိုးရက အတည်ပြုပြောကြားထားသည်။

ဂျပန်အနေဖြင့် ရန်လိုသည့် လုပ်ဆောင်ချက်များကို ရပ်တန့်ရန်နှင့် အငြင်းပွားကျွန်းများနှင့် ပတ်သက်၍  တရုတ်အပေါ် တိုက်ခိုက်ခြင်းကို ရှောင်ရှားရန် နှစ်နိုင်ငံကာကွယ်ရေးဝန်ကြီးများအကြား ပြီးခဲ့သည့် သီတင်းပတ်အတွင်းက အွန်လိုင်းမှတစ်ဆင့် ပြုလုပ်သည့် အစည်းအဝေးအပြီးတွင် ဂျပန် ကာကွယ်ရေးဝန်ကြီးဌာနက  တိုက်တွန်းခဲ့သည်။

ပြီးခဲ့သည့် သီတင်းပတ်အတွင်းက တရုတ် သင်္ဘော ၂ စင်းသည် ဂျပန်ရေပိုင်နက်အတွင်းသို့ ယခုနှစ်အတွင်း ၁၁ ကြိမ်မြောက်အဖြစ် ကျူးကျော် ဝင်ရောက်ခဲ့ကြောင်း ဂျပန်အစိုးရက ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly