ဆွီဒင်လက်လီအဝတ်အထည် အရောင်းလုပ်ငန်း H&M က အငြင်းပွားဖွယ်ရာ အွန်လိုင်း မြေပုံကို ပြောင်းလဲပေး

ဆွီဒင်လက်လီအဝတ်အထည် အရောင်းလုပ်ငန်း H&M က အငြင်းပွားဖွယ်ရာ အွန်လိုင်း မြေပုံကို ပြောင်းလဲပေး
Photo - AFP

ဧပြီ  ၄

တရုတ်အစိုးရ၏ ဝေဖန်မှုကြောင့် ဆွီဒင်အဝတ်အထည် လက်လီအရောင်းလုပ်ငန်း H&M က ၎င်း၏ ဝက်ဘ်ဆိုက်ပေါ်မှ တရုတ်နယ်နမိတ်ပိုင်နက် မြေပုံကို  ပြင်ဆင်ပြောင်းလဲပေးလိုက်ကြောင်း တရုတ်အစိုးရ စည်းကမ်းကြပ်မတ်ရေးအဖွဲ့က ဧပြီ ၂ ရက်တွင် ထုတ်ပြန်လိုက်သည်။

ရှင်ကျန်းဒေသဆိုင်ရာ မူဝါဒများနှင့် ပတ်သက်၍ တရုတ်အစိုးရနှင့်  အနောက်နိုင်ငံအစိုးရများအကြား ပြဿနာ ဖြစ်ပေါ်ပြီးနောက် ဆွီဒင်နိုင်ငံ အခြေစိုက် အဆိုပါ လုပ်ငန်းအပေါ် ဖိအားပေးလိုက်ခြင်း ဖြစ်သည်။

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှင်ကျန်းဒေသတွင် လူ့အခွင့်အရေး ချိုးဖောက်သည့် အရာရှိများအပေါ် ခရီးသွားလာခြင်းနှင့် ဘဏ္ဍာရေးဆိုင်ရာ ပိတ်ဆို့ အရေးယူမှုများကို အမေရိကန်၊ ဥရောပသမဂ္ဂ၊ ဗြိတိန်နှင့် ကနေဒါနိုင်ငံများက ချမှတ်ပြီးနောက် အာဏာရ တရုတ်ကွန်မြူနစ်ပါတီက H&M၊  Nike နှင့် အခြား ရှူးဖိနပ် ကုမ္ပဏီများ၊ အဝတ်အထည်လုပ်ငန်းများကို ဒေါသတကြီး ပြစ်တင်ဝေဖန်မှုများ လုပ်ဆောင်ခဲ့သည်။

ရှန်ဟိုင်းမြို့တော်အစိုးရ၏ ဧပြီ ၂ ရက်က ထုတ်ပြန်ချက်တွင် အသေးစိတ် ဖော်ပြမထားသော်လည်း ထိုင်ဝမ်နှင့် အခြားအငြင်းပွားဖွယ်ရာ ကိစ္စများရှိသည့် ဒေသများအား ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည့်ပုံစံကို ပြောင်းလဲပေးရန် ခရီးသွားလာခြင်း၊ အဝတ်အထည်နှင့် အခြားအမှတ်တံဆိပ် လုပ်ငန်းများကို ဖိအားပေးခဲ့သည်။ ယခုဖြစ်စဉ်နှင့် ပတ်သက်၍ H&M က တုံ့ပြန်ထားခြင်းမရှိသေးပေ။

တရုတ်နိုင်ငံ၏ မြေပုံသည် ပြဿနာရှိကြောင်း အင်တာနက်အသုံးပြုသူများက H&M ဝက်ဘ်ဆိုက် ကြီးကြပ်သူများထံ အကြောင်းကြားခဲ့သောကြောင့် ရှန်ဟိုင်းမြူနီစီပယ်၏ စီမံကိန်းနှင့် သဘာဝရင်းမြစ်များဌာနက အမြန်ဆုံး ပြင်ဆင်ရန် အမိန့်ပေးခဲ့ခြင်း ဖြစ်သည်။

စည်းကမ်းသတ်မှတ်ချက်များအတိုင်း ဆောင်ရွက်ရန် ခေါ်ယူသတိပေးပြီးနောက် H&M မန်နေဂျာများက မှားယွင်းချက်ကို ဖြစ်နိုင်သမျှ ပြင်ဆင်ခဲ့ကြောင်း အဆိုပါ လုပ်ငန်း၏ လူမှုကွန်ရက် မီဒီယာတွင် ဖော်ပြထားသည်။

ရှင်ကျန်းဒေသမှ ချည်မျှင်များကို ဝယ်ယူတော့မည်မဟုတ်ကြောင်း ၂၀၂၀ ပြည့်နှစ်၊ မတ်လတွင် ထုတ်ပြန်လိုက် သည့်အတွက် တရုတ်အာဏာရပါတီ၏ လူငယ်အဖွဲ့ (Youth League) က ဝေဖန်ခဲ့သည်။

လူနည်းစု မွတ်ဆလင်တိုင်းရင်းသား ၁ သန်းကျော်သည် ရှင်ကျန်းဒေသတွင် ထိန်းသိမ်းဖမ်းဆီးခံထားရကြောင်း ပြည်ပ သုတေသနပညာရှင်များနှင့် အစိုးရများက ပြောကြားသည်။

ရှင်ကျန်းဒေသတွင် အတင်းအဓမ္မခိုင်းစေမှု သတင်းများအပေါ် စိုးရိမ်ပူပန်ကြောင်း ထုတ်ပြန်ခဲ့သည့် Nike၊  Burberry၊  Adidas နှင့် Uniqlo လုပ်ငန်းများအား နိုင်ငံပိုင် မီဒီယာများက ပြစ်တင်ပြောကြားခဲ့သည်။ တရုတ်နိုင်ငံ၏ အဓိက e-commerce အရောင်းအဝယ်များတွင် H&M ကုန်ပစ္စည်းများ ကွယ်ပျောက်ခဲ့သော်လည်း အခြားကုန်ပစ္စည်းအမှတ်တံဆိပ်များ ရရှိနိုင်သေးသည်။  တရုတ်နိုင်ငံမှ ထင်ရှားကျော်ကြားသူအချို့သည်လည်း နိုင်ငံခြားကုန်ပစ္စည်းအမှတ်တံဆိပ်များနှင့် သဘောတူစာချုပ် ရေးထိုးခြင်းကို ရပ်ဆိုင်းသွားခဲ့သည်။

အတင်းအဓမ္မစေခိုင်းသည့် သတင်းများကို တရုတ်အစိုးရက ငြင်းဆိုခဲ့ပြီး စခန်းများသည် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် သင်တန်းကျောင်းများနှင့် အစ္စလာမ္မစ် အစွန်းရောက်များအတွက် စခန်းများ ဖြစ်ကြောင်း တရုတ်အရာရှိများက ပြောကြားသည်။

တရုတ်နိုင်ငံနှင့် အိန္ဒိယ၊ တောင်တရုတ်ပင်လယ် နယ်နမိတ်တို့အား မြေပုံတွင် ဖော်ပြထားသည့် အနေအထားကို ပြောင်းလဲပစ်ရန် ကုမ္ပဏီများကို တရုတ်အစိုးရက ဖိအားပေးရာတွင် နိုင်ငံ၏ ကြီးမားသည့် စားသုံးသူဈေးကွက် ကြီးမားသည့် အနေအထား အားသာချက်ကို အသုံးချခဲ့ခြင်း ဖြစ်သည်။

ကမ္ဘာကျော်အမှတ်တံဆိပ်များအနေဖြင့် တရုတ်၏ လက်တုံ့ပြန်ခြင်းကိုသာမက ရှင်ကျန်းဒေသပြဿနာ များနှင့် ပတ်သက်ခြင်း မရှိစေရန် နိုင်ငံတကာ၏ ဖိအားများကိုလည်း ရှောင်ရှားလိုကြသည်။

ပြီးခဲ့သည့် သီတင်းပတ်အတွင်းက ထုတ်ပြန်ခဲ့သည့် ကြေညာချက်တွင် H&M က တရုတ်နိုင်ငံမှ ကုန်ကြမ်း ရောင်းချသူများကို ချီးမွမ်းခဲ့ပြီး  လုပ်ငန်းများ ပိုမိုပူးပေါင်း လုပ်ဆောင်သွားမည်ဟု ဖော်ပြထားသည်။ သို့သော် ကွန်မြူနစ်ပါတီ၏ ကြည်ဖြူမှုကို ရစေရန် မည်ကဲ့သို့ ဆောင်ရွက်သွားမည်ကို ကြေညာထားခြင်း မရှိပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly