အမေရိကန်က သံတမန်များနှင့် ထိုင်ဝမ်အရာရှိများ ပိုမိုလွယ်ကူစွာ တွေ့ဆုံနိုင်ရန် စီစဉ်

အမေရိကန်က သံတမန်များနှင့် ထိုင်ဝမ်အရာရှိများ ပိုမိုလွယ်ကူစွာ တွေ့ဆုံနိုင်ရန် စီစဉ်

မတ် ၃၀

သမ္မတဒေါ်နယ်ထရမ့်လက်ထက်က မိတ်ဆက်ခဲ့သည့် အပြောင်းအလဲအချို့ကို အသုံးပြုခြင်းဖြင့် အမေရိကန်သံတမန်များက ထိုင်ဝမ်အရာရှိများနှင့် ပိုမိုလွယ်ကူစွာ တွေ့ဆုံနိုင်ရန် သမ္မတဘိုင်ဒင်အစိုးရက ပြင်ဆင်လျှက်ရှိရာ ယင်းလုပ်ရပ်ကို ရန်စမှုအဖြစ် တရုတ်အစိုးရက သတ်မှတ်ဖွယ်ရှိသည်။

သမ္မတထရမ့် တာဝန်ထမ်းဆောင်သည့် သက်တမ်းပြီးဆုံးခါနီးတွင် အမေရိကန်သံတမန်များအနေဖြင့် ယင်းကဲ့သို့ တွေ့ဆုံမှုမျိုးအတွက် အခက်အခဲမရှိစေရန် အတားအဆီးများကို သိသာစွာ လျှော့ချပေးခဲ့သည်။ သမ္မတဂျိုးဘိုင်ဒင်အစိုးရ လက်ထက်တွင် ယင်းဖြေလျှော့မှုများကို ပြောင်းလဲမည်လားဆိုသည်ကို ကျွမ်းကျင်သူများကလည်း စောင့်ကြည့်ခဲ့ကြသည်။

သို့သော် ထရမ့်လက်ထက်က ဆောင်ရွက်ချက်အများအပြားကို ဆက်လက် ကျင့်သုံးမည်ဖြစ်ကြောင်း ယင်းမူဝါဒနှင့် နီးစပ်သူများက ပြောကြားသည်။ အမေရိကန်သံတမန်များနှင့် ထိုင်ဝမ်အရာရှိများအကြား တွေ့ဆုံရေးတွင် ကန့်သတ်မှုများသည် သမ္မတထရမ့်က လျော့ချမှု မလုပ်မီအထိ ဆယ်စုနှစ်များစွာ ရှိနေခဲ့သည်။

အဆိုပါ မူဝါဒ လမ်းညွှန်ချက်များနှင့် နီးစပ်သူများအနက်မှ တစ်ဦးက အမေရိကန်အရာရှိများအနေဖြင့် ထိုင်ဝမ်တာဝန်ရှိသူများနှင့် တွေ့ဆုံရန် တိုက်တွန်းအားပေးသွားမည်ဖြစ်ကြောင်းပြောကြားသည်။ အခြားပုဂ္ဂိုလ်တစ်ဦးကလည်း အမေရိကန်နှင့် ထိုင်ဝမ်သံတမန်များအကြား တွေ့ဆုံရေးအတွက် ကန့်သတ်ချက်များကို ဖယ်ရှားမည်ဟု ပြောကြားသည်။

ထိုင်ဝမ်အားထောက်ပံ့ကြောင်း ပြသခြင်းသည် ဘိုင်ဒင်အစိုးရက တရုတ်နှင့် ပတ်သက်သည့် တင်းမာသည့် ရပ်တည်ချက် လက္ခဏာဖြစ်ပြီး တရုတ်အနေဖြင့် ထိုင်ဝမ်ကို ထိန်းချုပ်ရန် လုပ်ဆောင်မည်ကို ဘိုင်ဒင်အစိုးရက စိုးရိမ်ကြောင်း Financial Times သတင်းဌာနက ပြောကြားသည်။

၁၉၇၉ ခုနှစ်တွင် အမေရိကန်က ထိုင်ဝမ်အစား တရုတ်ကို သံတမန်နည်းလမ်းအရ အသိအမှတ်ပြုခဲ့ပြီးနောက် တွေ့ဆုံမှုများအတွက် တားမြစ်ချက်များ ချမှတ်ခဲ့သည်။ သို့သော် ပါလီမန်က ထိုင်ဝမ်ဆိုင်ရာ ဥပဒေတစ်ရပ်ကို ဒီဇင်ဘာလအတွင်း အတည်ပြုခဲ့ပြီးနောက် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပယ်ယိုသည် ကန့်သတ်ချက်များကို ဇန်နဝါရီလအတွင်းက ဖယ်ရှားလိုက်သည်။ ယင်းဥပဒေကို ရက်ပေါင်း ၁၈၀ အတွင်း ပြန်လည်သုံးသပ်နိုင်သည်။

လက်ရှိနိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလန်ကင်က ၎င်းအနေဖြင့် ထိုင်ဝမ်အစိုးရအရာရှိများနှင့် ပိုမိုထိတွေ့နိုင်ရေး လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အတည်ပြု ပြောကြားထားသည်။

ထိုင်ဝမ်အား နိုင်ငံအဖြစ် အသိအမှတ်ပြုသည့် ၁၅ နိုင်ငံအနက် အနောက်ပိစိဖိတ်နိုင်ငံဖြစ်သည့် ပါလွတ်နိုင်ငံသမ္မတနှင့်အတူ ယင်းနိုင်ငံဆိုင်ရာ အမေရိကန်ကိုယ်စားလှယ် ဂျွန်ဟန်နက်ဆီ နီလန်းက ထိုင်ဝမ်သို့ မတ်လ ၂၉ ရက်က သွားရောက် လည်ပတ်ခဲ့သည်။

ထိုင်ဝမ်၏ လေကြောင်းကာကွယ်ရေးသတ်မှတ်ဇုန်အတွင်းသို့ တရုတ်က စစ်လေယာဉ် ၁၀ စင်း ပျံသန်း၍ တုံ့ပြန်ခဲ့ရာ ၄ ရက်အတွင်း ဒုတိယမြောက်အဖြစ် အကြီးမားဆုံး ဝင်ရောက်ခြင်း ဖြစ်သည်။

ပါလွတ်နိုင်ငံသမ္မတနှင့်အတူ အလည်အပတ်ခရီးစဉ်သည် သမ္မတဘိုင်ဒင်က ၎င်းဒုသမ္မတဖြစ်ခဲ့သည့် သမ္မတ အိုဘားမား လက်ထက်ကထက် ထိုင်ဝမ်အား လူသိရှင်ကြား ထောက်ခံမှုကို ပြသသည့် ဥပမာတစ်ခုသာဖြစ်သည်။ ဇန်နဝါရီလအတွင်းကလည်း အမေရိကန်နိုင်ငံဆိုင်ရာ ပထမဆုံး ထိုင်ဝမ်သံအမတ်ကြီး ဖြစ်လာမည့် ဟက်ဆီရိုဘီခမ်အား ဘိုင်ဒင်က သမ္မတ ကျမ်းသစ္စာ ကျိန်ဆိုပွဲသို့ ဖိတ်ကြားခဲ့သည်။

ဂျပန်နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးဂျိုးဇက်ယန်းကလည်း ထိုင်ဝမ်သံအမတ်ကြီးကို တိုကျိုရှိ ၎င်း၏အိမ်တော်တွင် တွေ့ဆုံခဲ့ကြောင်းကို ၎င်း၏ တွစ်တာတွင် ရေးသားခဲ့သည်။  

လွန်ခဲ့သည့် ၂ လအတွင်း အမေရိကန်က ၎င်း၏ စစ်သင်္ဘောများကို ထိုင်ဝမ်ရေလက်ကြားသို့ ခုတ်မောင်းစေခဲ့သည်။ အမေရိကန်စစ်ဌာနချုပ်ကလည်း တောင်တရုတ်ပင်လယ်အတွင်း သာမန်အားဖြင့် လုပ်ဆောင်လေ့မရှိသော လေယာဉ်တင်သင်္ဘောပါဝင်သည့် စစ်ရေး လေ့ကျင့်မှုကို လုပ်ဆောင်ခဲ့သည်။  နှစ်ဖက် ကမ်းရိုးတန်းတပ်ဖွဲ့များအကြား ပူးပေါင်းဆောင်ရွက်ရေးအတွက်လည်း အမေရိကန်နှင့် ထိုင်ဝမ်တို့ ပြီးခဲ့သည့် သီတင်းပတ်အတွင်းက လက်မှတ်ရေးထိုးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly