စူးအက်တူးမြောင်းမှာ ကန့်လန့်ဖြတ်ပိတ်နေတဲ့ သင်္ဘောကြီးကို ရေမျှောနိုင်ကာ ရေလမ်းကြောင်း ပြန်ပွင့်

စူးအက်တူးမြောင်းမှာ ကန့်လန့်ဖြတ်ပိတ်နေတဲ့ သင်္ဘောကြီးကို ရေမျှောနိုင်ကာ ရေလမ်းကြောင်း ပြန်ပွင့်

မတ် ၃၀

အီဂျစ်နိုင်ငံ စူးအက်တူးမြောင်းမှာ ကန့်လန့်ဖြတ်သောင်တင်ပြီး ပိတ်ဆို့မိနေတဲ့ ကွန်တိန်နာတင် MV Ever Given သင်္ဘောကြီးကို တနင်္လာနေ့မှာ ပြန်လည်ရေမျှောနိုင်ပြီဖြစ်ပါတယ်။

ကမ္ဘာ့ကုန်သွယ်ရေးရဲ့ အဓိကသွေးကြောကြီးတစ်ခုဖြစ်တဲ့ စူးအက်တူးမြောင်းမှာ ဒီ သင်္ဘောကြီးဟာ သီတင်းတစ်ပတ်နီးပါးကြာ ပိတ်မိနေခဲ့ရာက ခုလို ပြန်လည် တည့်မတ်နိုင်ပြီး ရေမျှောနိုင်ပြီဖြစ်တာမို့ စူးအက်တူးမြောင်း ပြန်ပွင့်သွားရပြီ ဖြစ်ပါတယ်။
ဘောလုံးကွင်း လေးကွင်းစာ အရှည်ရှိတဲ့ ဂျပန်ကုမ္ပဏီတစ်ခုပိုင် ဒီ သင်္ဘောကြီးကို တူးမြောင်းရဲ့ သဲသောင်ကမ်းပါးကနေ သောင်တင်နေတာက လုံးဝလွတ်သွားအောင် လုပ်နိုင်ပြီးတဲ့နောက်မှာ ဆွဲသင်္ဘောအုပ်စုဟာ အောင်မြင်မှု အထိမ်းအမှတ်အဖြစ် ဥဩသံရှည် ဆွဲကြပါတယ်။

မြေထဲပင်လယ်နဲ့ ပင်လယ်နီကို ဖောက်သွယ်ထားပြီး ကမ္ဘာကုန်သွယ်စီးနင်းမှုရဲ့ ၁၀ ရာခိုင်နှုန်းရှိရာ စူးအက်တူးမြောင်း ပြန်ပွင့်သွားခဲ့ပြီဆိုတဲ့ သတင်းကြောင့် ကမ္ဘာ့ရေနံဈေး ကျဆင်းခဲ့ပါတယ်။

သင်္ဘောကြီးကို အောင်အောင်မြင်မြင် ရေပြန်ချနိုင်ပြီး တူးမြောင်းမှာ ရေကြောင်းသွားလာမှုတွေ ပြန်စပြီဖြစ်တယ်လို့ စူးအက်တူးမြောင်းကွပ်ကဲရေးရုံး SCA တာဝန်ရှိသူ ခါလက်တာဟာက သတင်းထောက်တွေကို ပြောပါတယ်။

ဒါပေမယ့် သင်္ဘောကြီး ကန့်လန့်ဖြတ်ပိတ်မိနေလို့ တူးမြောင်းရဲ့ အဆုံး တောင်နဲ့ မြောက်မှာ ပိတ်ဆို့မိနေကြတဲ့ သင်္ဘောတွေကို ရေကြောင်းရှင်းလင်းပေးဖို့က အချိန် သုံးရက်ကျော်မက ကြာလိမ့်မယ်လို့ SCA က အသိပေးပါတယ်။

သင်္ဘောကြီးကို သောင်တင်နေရာကနေ လွတ်အောင် မလုပ်ဆောင်နိုင်သေးခင်မှာ တူးမြောင်းအတွင်း သင်္ဘောပေါင်း ၄၂၅ စင်းအထိ ပိတ်မိနေခဲ့တာ ဖြစ်ပါတယ်။

MV Ever Given သင်္ဘောကြီးကို အာဏာပိုင်တွေရဲ့ ဘေးကင်းစွာ စောင့်ရှောက်မှုနဲ့ Great Bitter Lake ရေကန်ကြီးဆီ မောင်းယူသွားကြောင်း တူးမြောင်းကြီးကြပ်ကွပ်ကဲရေးအဖွဲ့ Leth Agencies က ပြောပါတယ်။

ခုလို သင်္ဘောကြီး သောင်တင်ခဲ့တာကြောင့် အာရှနဲ့ ဥရောပကြား နေ့စဉ်ကုန်သွယ်မှု အမေရိကန်ဒေါ်လာ ၉ ဒသမ ၆ ဘီလီယံ ပိတ်ဆို့မှုဖြစ်ခဲ့ရတယ်လို့ ရေကြောင်းအချက်အလက်ကုမ္ပဏီ Lloyd’s List က ပြောခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly