စူးအက်တူးမြောင်းမှာ ကန့်လန့်ပိတ်မိနေခဲ့တဲ့ သင်္ဘောကြီး လမ်းကြောင်းမှန်ကို ၈၀ ရာခိုင်နှုန်း ပြန်လှည့်နိုင်

စူးအက်တူးမြောင်းမှာ ကန့်လန့်ပိတ်မိနေခဲ့တဲ့ သင်္ဘောကြီး လမ်းကြောင်းမှန်ကို ၈၀ ရာခိုင်နှုန်း ပြန်လှည့်နိုင်
Photo - AFP

မတ် ၂၉

စူးအက်တူးမြောင်းထဲမှာ သီတင်းပတ်တစ်ပတ်နီးပါးကြာ ကန့်လန့်ဖြတ် ပိတ်မိနေခဲ့တဲ့ ဧရာမ ကွန်တိန်နာတင်သင်္ဘောကြီးကို ယခုအခါမှာ လားရာလမ်းကြောင်းမှန်အတိုင်း ၈၀ ရာခိုင်နှုန်းအထိ ပြန်လှည့်ထားနိုင်ခဲ့ပြီလို့ တာ၀န်ရှိသူတွေက တနင်္လာနေ့မှာ ပြောပါတယ်။

ယင်းအတွက်ကြောင့် အရေးပါတဲ့ ကုန်သွယ်လမ်းကြောင်းဟာ များမကြာမီ ရှင်းလင်းလမ်းပွင့်သွားနိုင်တော့မယ်ဆိုပြီး မျှော်လင့်ချက်တွေ တိုးပွားလာခဲ့ပြီ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း အဆိုပါ သင်္ဘောကြီးကို လှည့်ထားနိုင်ပြီ ဆိုပေမယ့် ယင်းဟာ အပြည့်အ၀ မလွတ်သေးဘဲ ဆက်ရှိနေဆဲဖြစ်တယ်လို့ ယင်းရဲ့ ပိုင်ရှင်က ပြောပါတယ်။

ဘောလုံးကွင်း လေးကွင်း အတိုင်းအတာထက် ပိုရှည်လျားတဲ့ အဆိုပါ MV Ever Given သင်္ဘောကြီးဟာ ပြီးခဲ့တဲ့ အင်္ဂါနေ့က လေပြင်းမုန်တိုင်းအတွင်း ယိမ်းခါပြီး တူးမြောင်းကို ကန့်လန့်ဖြတ် ပိတ်မိသွားစေခဲ့တာ ဖြစ်ပါတယ်။အဲဒီအတွက် ကမ္ဘာ့ ကုန်စည်ထောက်ပံ့ဖြည့်ဆည်းပေးပို့မှု ကွင်းဆက်တွေကို အဟန့်အတားတွေ ဖြစ်စေခဲ့ပါတယ်။

အီဂျစ်နိုင်ငံအနေနဲ့ တူးမြောင်းကို ပိတ်ထားရတဲ့ တစ်နေ့စီတိုင်းအတွက် တူးမြောင်းကနေ ၀င်ငွေ ဒေါ်လာ ၁၂ သန်းကနေ ၁၄ သန်းအကြား ဆုံးရှုံးနေတယ်လို့ စူးအက်တူးမြောင်း အာဏာပိုင်အဖွဲ့ အကြီးအကဲ အိုစမာ ရာဘီးက ပြောပါတယ်။

ဒီ ပိတ်ဆို့မှုကြောင့် အာရှနဲ့ ဥရောပအကြား တစ်နေ့ကို ခန့်မှန်းခြေအားဖြင့် ဒေါ်လာ ၉ ဒသမ ၆ ဘီလီယံတန်ဖိုးရှိ ကုန်စည်တွေ စီးဆင်းမှူကို နှောင့်‌နှေးကြန့်ကြာစေလျက် ရှိပြီး ယခုအခါမှာ တူးမြောင်းကို ဖြတ်သန်းဖို့ စောင့်ဆိုင်းနေတဲ့ သင်္ဘောအရေအတွက်ဟာ ၄၂၅ စင်းအထိ ရှိနေတယ်လို့လည်း ပင်လယ်ရေကြောင်း ‌ဒေတာကုမ္ပဏီ Lloyd’s list အရ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly