စူးအက်တူးမြောင်းကို ကန့်လန့်ဖြတ်ပိတ်ဆို့နေတဲ့ သင်္ဘောကြီးကို ပြန်လည်ရေမျှောနိုင်အောင် ကြိုးစားနေ

စူးအက်တူးမြောင်းကို ကန့်လန့်ဖြတ်ပိတ်ဆို့နေတဲ့ သင်္ဘောကြီးကို ပြန်လည်ရေမျှောနိုင်အောင် ကြိုးစားနေ
Photo - AFP

မတ် ၂၇

အီဂျစ် စူးအက်တူးမြောင်းမှာ ကန့်လန့်ဖြတ် ပိတ်ဆို့မိနေတဲ့ ကွန်တိန်နာတင်သင်္ဘောကြီးကို စနေနေ့ အစောဆုံး ပြန်လည်ရေမျှောနိုင်လိမ့်မယ်လို့ မျှော်လင့်ထားကြောင်း ပိုင်ရှင် ဂျပန်ကုမ္ပဏီက သောကြာနေ့မှာ ပြောလာပါတယ်။

ဘောလုံးကွင်း လေးကွင်းစာ ရှည်လျားတဲ့ MV Ever Given သင်္ဘောကြီးဟာ အာဖရိကကို ဖြတ်တဲ့ အရေးပါတဲ့ သင်္ဘောလမ်းကြောင်းဖြစ်တဲ့ စူးအက်တူးမြောင်းကို ကန့်လန့်ဖြတ်သောင်တင်နေတာ ဖြစ်တာကြောင့် တူးမြောင်းကနေ လမ်းကြောင်းလွှဲပြီး ရေကြောင်းသွားလာနေရလျက် ရှိပါတယ်။

ပြီးခဲ့တဲ့ အင်္ဂါနေ့က လေပြင်းမုန်တိုင်းတိုက်တာမှာ ယိမ်းခါလှုပ်ယမ်းပြီး အခု သင်္ဘောကြီးဟာ စူးအက်တူးမြောင်းမှာ ကန့်လန့်ဖြတ်သောင်တင်သွားတာကြောင့် အသွားအပြန် သင်္ဘောလမ်းကြောင်းတွေ ပိတ်ဆို့နေတာပဲ ဖြစ်ပါတယ်။

သင်္ဘောရဲ့ အင်ဂျင်နဲ့ စက်ပစ္စည်းတွေ ပျက်စီးတဲ့ လက္ခဏာမရှိဘူးလို့ ပိုင်ရှင် Shoei Kisen ကုမ္ပဏီရဲ့ ဥက္ကဋ္ဌဖြစ်သူက သောကြာနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

“သင်္ဘောမှာ ရေဝင်တာ မရှိပါဘူး၊ တပ်မနဲ့ ပန်ကန်တွေမှာလည်း ပြဿနာ မရှိဘူး၊ ဒါကြောင့် ရေပြန်မျှောနိုင်ရင် သင်္ဘောကို ပြန်မောင်းနိုင်မှာပါ”လို့ အီမာဘာရီမြို့ သတင်းစာရှင်းလင်းပွဲမှာ ဘူကီတိုဟီဂါကီက ပြောကြောင်း Asahi Shimbun သတင်းက ဖော်ပြပါတယ်။

သင်္ဘောကြီး သောင်တင်နေတာကနေ ဂျပန်စံတော်ချိန် မနက်ဖြန်ညမှာ လွတ်မြောက်သွားဖို့ ကုမ္ပဏီဟာ ရည်မှန်းထားတယ်လို့ သူက ထပ်လောင်းပြောတာကို Nikkei သတင်းမှာလည်း ဖော်ပြပါတယ်။

“အခုထိတော့ ကျွန်တော်တို့တွေ သောင်တူးစက်တွေပါ သုံးပြီး နုန်းတွေကို ဆက်လက်ပြီးတော့ ဖယ်ရှားရှင်းလင်းနေပါတယ်”ဆိုပြီး ဟီဂါကီက ပြောပါတယ်။

အခု သင်္ဘောကြီး သောင်တင်နေတာ လွတ်သွားဖို့အတွက် အလုပ်သမားတွေဟာ စက်ယန္တယားတွေနဲ့ ကျောက်စိုင်ကျောက်သားတွေကို အမှုန့်ခြေတာ စတင်လုပ်ဆောင်နေပြီလည်း ဖြစ်ပါတယ်။ ဒီလို ကျောက်သားတွေကို ဖယ်ရှားရှင်းထုတ်ပြီး တူးမြောင်းမှာ ရေတက်လာရင် သင်္ဘောက ရေမျှောလွတ်မြောက်နိုင်မှာ ဖြစ်ပါတယ်။

မိုင် ၁၂၀ အရှည်ရှိတဲ့ စူးအက်တူးမြောင်းအတွင်းမှာ အခုလို သင်္ဘောကြီး ကန့်လန့်ဖြတ် ပိတ်ဆို့နေတာကြောင့် သင်္ဘောပေါင်း ၂၀၀ ကျော်ထက်မနည်း အကြီးစား ရေကြောင်းပိတ်ဆို့မှု ဖြစ်နေပြီး ရေနံနဲ့ အခြား ကုန်စည် ပို့ဆောင်မှုတွေလည်း ခရီးဖင့် နှောင့်နှေးလို့ နေပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly