အနောက်အုပ်စု၏ ပိတ်ဆို့အရေးယူမှုများအပေါ် တရုတ်က ပြစ်တင်ဝေဖန်

အနောက်အုပ်စု၏ ပိတ်ဆို့အရေးယူမှုများအပေါ် တရုတ်က ပြစ်တင်ဝေဖန်

မတ် ၂၅

အမေရိကန်၊ ဥရောပသမဂ္ဂနှင့် ၎င်းတို့၏ မဟာမိတ်များနှင့် အပြန်အလှန် ပိတ်ဆို့အရေးယူမှုများ ပြုလုပ်နေသည့် တရုတ်အစိုးရက အဆိုပါ ပိတ်ဆို့အရေးယူမှုများသည် တရုတ်နိုင်ငံကို ပျက်စီးစေရန် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း တုံ့ပြန်ပြောကြားလိုက်သည်။ 

လက်ရှိအခြေအနေကို လွန်ခဲ့သည့် ရာစုနှစ် တစ်ခုခန့်က Boxer rebellion ကို ဖြိုခွဲရန် နိုင်ငံခြားတပ်ဖွဲ့များက ဝင်ရောက်ကျူးကျော်မှုနှင့် တရုတ်အစိုးရက နှိုင်းယှဉ်ထားကြောင်း South China Morning Post တွင် ရေးသားထားသည်။

၁၉၀၀ ပြည့်နှစ်က အမေရိကန်၊ ဥရောပနှင့် ဂျပန်နိုင်ငံမှ တပ်ဖွဲ့ဝင် ၄၅၀၀၀ တို့က တရုတ်နိုင်ငံ မြောက်ပိုင်းသို့ ဝင်ရောက် ကျူးကျော်ခဲ့မှုကို တော်လှန်ခဲ့ခြင်းအား Boxer rebellion ဟုခေါ်ခဲ့သည်။ 

“သူတို့ရဲ့ လုပ်ဆောင်ချက်တွေဟာ ‘၈ နိုင်ငံ မဟာမိတ်’ ရဲ့ သမိုင်းကို သတိရစေပါတယ်” ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဟွာချွန်းယင်က မတ်လ ၂၄ ရက်တွင် ပြောကြားလိုက်သည်။

“ဒါပေမယ် ခုဟာက လွန်ခဲ့တဲ့ နှစ် ၁၂၀ က တရုတ်နိုင်ငံမဟုတ်တော့ပါဘူး။ တရုတ်ပြည်သူတွေကို ဘယ်သူကမှ မစော်ကားရဲတော့ပါဘူး” ဟု သူမက ဆက်လက်ပြောကြားသည်။

ဥရောပသမဂ္ဂက မတ်လ ၂၂ ရက်တွင် ပိတ်ဆို့အရေးယူမှုများအား ပထမအကြိမ် ကြေညာခဲ့ပြီးနောက် အမေရိကန်၊ ဗြိတိန်နှင့် ကနေဒါတို့ကလည်း တရုတ်အစိုးရက ရှင်ကျန်းဒေသတွင် လူ့အခွင့် အရေးချိုးဖောက်မှုများအတွက် အလားတူ အရေးယူမှုများ ပြုလုပ်ခဲ့ခြင်းသည် တရုတ်နိုင်ငံကို ပျက်စီးအောင် လုပ်ဆောင်ခြင်း ဖြစ်ကြောင်း ပြောကြားသည်။

ပိတ်ဆို့အရေးယူခံရသူများ စာရင်းတွင် ရှင်ကျန်းဒေသမှ ယခင်နှင့် လက်ရှိ အရာရှိများလည်း ပါဝင်ကာ နိုင်ငံတကာကလည်း ပြစ်တင်ရှုတ်ချမှုများ လုပ်ဆောင်ထားသည်။

ပူးပေါင်းချမှတ်သည့် ပိတ်ဆို့အရေးယူမှုတွင် နိုင်ငံပိုင် ရှင်ကျန်း ကုန်ပစ္စည်းထုတ်လုပ်ရေးနှင့် ဆောက်လုပ်ရေး ကော်ပိုရေးရှင်းလည်း ပါဝင်သည်။ ယင်းပိတ်ဆို့ ရေးယူမှုများသည် ၁၉၈၉ ခုနှစ်က တီယန်မင်ရင်ပြင် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကြောင့် ဥရောပသမဂ္ဂက တရုတ်သို့ လက်နက်များ ရောင်းချခြင်းကို တားမြစ်မှုနောက်ပိုင်း ပထမဆုံးအကြိမ် အရေးယူမှုဖြစ်သည်။ 

လက်တုံ့ပြန်သည့် အနေဖြင့် တရုတ်အစိုးရကလည်း ဥရောပသမဂ္ဂအရာရှိ ၁၀ ဦးနှင့် အဖွဲ့အစည်း ၄ ခုကို ရှင်ကျန်းနှင့် ပတ်သက်သည့် သတင်းမှားများထုတ်ကြောင်း စွပ်စွဲချက်ဖြင့် ပိတ်ဆို့အရေးယူမှုများ ပြန်လည်ချမှတ်လိုက်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly