တောင်သူများ ဆန့်ကျင်နေသည့် လယ်ယာဥပဒေများ ဖျက်သိမ်းရန် ပန်ဂျပ်ပြည်နယ်၀န်ကြီးချုပ်က အိန္ဒိယအစိုးရကို တိုက်တွန်း 

By Zee5
23 March 2021
တောင်သူများ ဆန့်ကျင်နေသည့် လယ်ယာဥပဒေများ ဖျက်သိမ်းရန် ပန်ဂျပ်ပြည်နယ်၀န်ကြီးချုပ်က အိန္ဒိယအစိုးရကို တိုက်တွန်း 

မတ် ၂၃
 
အိန္ဒိယအစိုးရအနေဖြင့် အတ္တနှင့် သိက္ခာအပေါ်တွင် ဖက်တွက်မထားဘဲ လယ်ယာစိုက်ပျိုးရေးဥပဒေများကိုချက်ချင်းလက်ငင်း ဖျက်သိမ်းသွားရေးအတွက် ပန်ဂျပ်ပြည်နယ် ၀န်ကြီးချုပ် အေမာရင်ဒါ ဆင်းန်ကကြာသပတေးနေ့တွင် တိုက်တွန်းသွားခဲ့ပြီး ဗဟိုအစိုးရ၏ လယ်ယာမြေဥပဒေများကို ၎င်းတို့ပြည်နယ်အစိုးရဘက်က လုံး၀ ဆန့်ကျင်ကြောင်း ဖော်ထုတ်သွားခဲ့သည်။ ပန်ဂျပ်ပြည်နယ်၀န်ကြီးချုပ်သည် ထိုကိစ္စရပ်နှင့်ပတ်သက်၍တောင်သူများနှင့် ဆွေးနွေးမှုများ လုပ်ဆောင်ပြီးနောက် ထိုဥပဒေများကို ဖျက်သိမ်းပြီး ဥပဒေသစ်များ ပြဋ္ဌာန်းရန်ဗဟိုအစိုးရကို တိုက်တွန်းလိုက်ခြင်း ဖြစ်သည်။ 

“ပြည်နယ် ပြင်ဆင်ချက် ဥပဒေမူကြမ်းတွေနဲ့ပတ်သက်လို့ သမ္မတက သဘောတူညီချက် မပေးရင် နိုင်ငံတော်တရားရုံးချုပ်အထိ ကျွန်တော်တို့ သွားပါမယ်” ဟု ၀န်ကြီးချုပ်က ကြေညာခဲ့သည်။ ထို ဥပဒေမူကြမ်းများကို ပါတီအားလုံးက ထောက်ခံမဲပေးပြီး ပြည်နယ်လွှတ်တော်က တညီတညွတ်တည်း အတည်ပြုထားခဲ့သော်လည်း ပန်ဂျပ်ပြည်နယ်အုပ်ချုပ်ရေးမှူးက ယင်းကို သမ္မတ အတည်ပြုချက်အတွက် ပေးပို့ရမည့်အစား ယခုထက်ထိ ချောင်ထိုးထားဆဲဖြစ်ကြောင်း ၀န်ကြီးချုပ်ရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။  

သို့သော် ၀မ်းနည်းစရာကောင်းသည်က နောက်ပိုင်းတွင် Akalis (Akali Dal) ပါတီနှင့်  AAP ပါတီ တို့သည် ထိုကိစ္စနှင့်ပတ်သက်ပြီး နိုင်ငံရေးကစားပွဲများ စတင်ကစားနေခဲ့ကြကြောင်း ၎င်းက ပြောခဲ့သည်။ 

၎င်း၏ အစိုးရသက်တမ်း လေးနှစ်တာပြည့်မြောက်မှုအတွက် သတင်းမီဒီယာများနှင့် တွေ့ဆုံပြောကြားရာတွင် ၀န်ကြီးချုပ်က ၎င်းအနေဖြင့် တောင်သူများနှင့် အိန္ဒိယအစိုးရအကြား မတိုးသာ မဆုတ်သာ အခြေအနေကိုအဆုံးသတ်စေမည့် အစွန်းနှစ်ဖက်ရှောင်လမ်းကြောင်း တစ်ခုကို တွေ့မြင်ခြင်း မရှိဟု ပြောခဲ့သည်။ 

“ဗဟိုအစိုးရအနေနဲ့ လယ်ယာဥပဒေတွေကို ဖျက်သိမ်းသင့်ပါတယ်၊ တောင်သူတွေနဲ့ တွေ့ဆုံဆွေးနွေးသင့်ပါတယ်၊ဥပဒေသစ်တွေကို နေရာတကျ ပြဋ္ဌာန်းသင့်ပါတယ်၊ ဒါကို ဂုဏ်သိက္ခာယူစရာ ကိစ္စတစ်ခုအဖြစ် ဘာလို့ အသုံးချလုပ်နေရတာလဲ၊ ဟိုးမှာ ထိုင်နေကြတဲ့ အမျိုးသမီးတွေ၊ သက်ကြီးတွေအပါအ၀င် ဆင်းရဲတဲ့ တောင်သူတွေ ရှိနေကြတယ်” ဟု ၎င်းက ပြောခဲ့သည်။ 
သွေးထိုးလှုံ့ဆော်မှု စတင်ပြီးနောက်ပိုင်း ပန်ဂျပ်ပြည်နယ်တစ်ခုတည်းမှာတင် တောင်သူ ၁၁၂ ဦး အသက်ဆုံးရှုံးထားခဲ့ကြောင်း ၎င်းက ပြောခဲ့သည်။ “ဖွဲ့စည်းပုံအခြေခံဥပဒေကို ယခင်အတိတ်ကာလအတွင်း အကြိမ်ပေါင်း ၁၀၀ကျော် ပြင်ဆင်မှုတွေ လုပ်ထားခဲ့ပြီးပြီ၊ ဒီတော့ ဒီဥပဒေတွေကို ဖျက်သိမ်းဖို့ ဘာကြောင့် နောက်တစ်ကြိမ် ထပ်မလုပ်နိုင်ရမှာလဲ” ဟု ၎င်းက မေးခွန်းထုတ်ခဲ့သည်။  

ထို့ပြင် တောင်သူများနှင့် Arhtiyas (ကော်မရှင် အေးဂျင့်များ) အကြား ရှေးပ‌ဝေသဏီကာလကတည်းက စမ်းသပ်အောင်မြင်ထားပြီးဖြစ်သည့် ဆက်ဆံရေးကို ချိုးဖျက်ရန် ဗဟိုအစိုးရဘက်က မည်သည့်အတွက်ကြောင့် ကြိုးပမ်းနေသလဲ ဆိုသည်ကို ၎င်းအနေဖြင့် နားမလည်နိုင်ဟုလည်း ပန်ဂျပ်ပြည်နယ်၀န်ကြီးချုပ်က ပြောသွားခဲ့သည်။  

ဥပဒေသစ်များက ရှိရင်းစွဲစနစ်အတွက် တိုးတက်မှုတစ်ခု မဟုတ်ဘဲ ယင်းတို့က လယ်ယာစိုက်ပျိုး‌ရေးကဏ္ဍကိုဖျက်ဆီးလိမ့်မည်ဟု ၎င်းက ပြောခဲ့သည်။ ထို့ပြင် Arhtiyas များနေရာတွင် အရွယ်အစားကြီးပြီး အမည်မဖော်လိုသော ကော်ပိုရေးရှင်းများဖြင့် အစားထိုးလိုက်သည်နှင့်တစ်ပြိုင်နက် ဆင်းရဲနွမ်းပါးသော တောင်သူများ (ပန်ဂျပ်ပြည်နယ် တောင်သူများ၏ ၇၅ ရာခိုင်နှုန်း ပါ၀င်) သည် လိုအပ်မှုများ ရှိပါက မည်သည့်နေရာကို သွားရမည်နည်းဟုလည်း ၎င်းက မေးခွန်းထုတ်သွားခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly