မတ်လ၊ ၂၁ ရက်နေ့ စစ်အာဏာရှင်ဆန့်ကျင်သည့် ဆန္ဒပြမှုအခြေအနေများ

မတ်လ၊ ၂၁ ရက်နေ့ စစ်အာဏာရှင်ဆန့်ကျင်သည့် ဆန္ဒပြမှုအခြေအနေများ

မတ် ၂၁၊ ၂၀၂၁

မုံရွာတွင် စစ်တပ်နှင့်ရဲရဲ့ သေနတ်ပစ်ခတ်မှုကြောင့် ၁ ဦးသေ၊ ၃ ဦးဒဏ်ရာရ

ယနေ့ မတ်လ ၂၁ ရက်နေ့ စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် အကြမ်းဖက်စစ်အုပ်စုရဲ့ ပစ်ခတ်မှုကြောင့် ပြည်သူ ၄ ဦး ကျည်ထိမှန်ခဲ့ပါသည်။ ကျည်ထိမှန်သူ ၄ ဦးအနက် တစ်ဦးမှာ ဦးခေါင်းကျည်ထိဒဏ်ရာဖြင့် ကျဆုံးသွားခဲ့ရကြောင်း ဒေသခံတွေကတဆင့် သိရှိရပါသည်။ ၎င်းပစ်ခတ်မှုဖြစ်စဉ်ဟာ မုံရွာမြို့၊ နန္ဒဝန်ရပ်ကွက်တွင် ဖြစ်ခဲ့တယ်လို့ သိရှိရပါသည်။ ဒါ့အပြင် မုံရွာမြို့၊ ဗိုလ်တေဇလမ်းနှင့် အာဇာနည်လမ်းထောင့်တွင် အကြမ်းဖက်စစ်တပ်ဖွဲ့က Sniper နှင့် ချိန်ရွယ်နေရာယူထားသည့် ဓာတ်ပုံမှတ်တမ်းကိုလည်း တွေ့ရှိရပါသည်။

မန္တလေး အောင်ပင်လယ်ရပ်ကွက်တွင် ပြည်သူနှစ်ဦး ကျည်ထိမှန်သေဆုံး

မန္တလေး အောင်ပင်လယ်ရပ်ကွက်ကို အာဏာသိမ်းစစ်ကောင်စီအကြမ်းဖက်အဖွဲ့က ယနေ့ မတ်လ ၂၁ ရက် နေ့လည်ပိုင်းတွင် ဝင်ရောက်ပစ်ခတ်မှုများလုပ်ပြီး အတားအဆီးတွေကို မီးရှိုှု့ဖျက်ဆီးခဲ့ပါသည်၊ အကြမ်းဖက်ပစ်ခတ်မှုတွေရှိတာကြောင့် ပြည်သူနှစ်ဦး ကျည်ထိမှန်သေဆုံးပြီးအများအပြားဒဏ်ရရှိပါတယ်။  ပစ်ခတ်မှုတွေကြားမှ ရပ်ကွက်နေပြည်သူများ၏စည်းလုံးစွာ ကာကွယ်တော်လှန်နိုင်မှုကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်ပြန်ဆုတ်ရသည့် အနေအထားရှိခဲ့ပေမယ့်လည်း အကြမ်းဖက်စစ်ကောင်စီမှ တပ်ကူအင်အားများ ထပ်မံရောက်ရှိလာပြီး ပစ်ခတ်မှုတွေ ရှိနေဆဲဖြစ်ပါတယ်။

ရန်ကုန်၊ သာကေတသပိတ်

မတ်လ ၂၀ ရက်နေ့က သာကေတမြို့နယ်တွင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့တွေက အသံဗုံးခွဲခြင်း၊ ရာဘာကျည်၊ သေနတ်ကျည်အစစ်တို့ဖြင့် ပစ်ခတ်ခဲ့တာကြောင့် ၁ ဦးသေဆုံးပြီး ၃ ဦးထက်မနည်း ဒဏ်ရာရတဲ့သူတွေရှိခဲ့ပေမယ့်လည်း ယနေ့ မတ်လ ၂၁ ရက်နေ့မှာတော့ သာကေတပြည်သူတွေဟာ စစ်အာဏာရှင်ကို ဆက်လက်တော်လှန်လျက်ရှိပါသည်။ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဖျက်ဆီးခဲ့သည့် ပြည်သူ့ခံတပ်များကို ပြန်လည်ကာရန်ပြီး သာကေတက လူငယ်များသည် စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်ပြုလုပ်ကြသည်။

ရန်ကုန်၊ လှည်းတန်း လမ်းလျှောက်သပိတ်

ရန်ကုန်၊ လှည်းတန်းမြို့နယ်တွင် ပြည်သူလူထုက စစ်အာဏာရှင်အလိုမရှိကြောင်း ရပ်ကွက်တွင်း လမ်းလျှောက်သပိတ်အနေဖြင့် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ လှည်းတန်းမြို့နယ်သည် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များရဲ့ အကြမ်းဖက်အခံရဆုံးမြို့နယ်များထဲမှ တစ်ခုအပါအဝင်ဖြစ်သည်။

ပြည်မြို့ ဆိုင်ကယ်သပိတ်ကို စစ်ကောင်စီလက်နက်ကိုင်များက ကားဖြင့်လိုက်တိုက်၊ တစ်ဦး ဒဏ်ရာရ

ပဲခူးတိုင်း၊ ပြည်မြို့တွင် ယနေ့ မတ်လ ၂၁ ရက် နံနက်ပိုင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆိုင်ကယ်သပိတ်စစ်ကြောင်းကို စစ်ကောင်စီလက်နက်ကိုင်တပ်များက ကားဖြင့်လိုက်တိုက် ဖြိုခွင်းသဖြင့် တစ်ဦးဒဏ်ရာရရှိကာ သုံးဦးအဖမ်းခံခဲ့ရကြောင်း သိရသည်။ ပြည်မြို့တွင် ယနေ့အထိ ဖမ်းဆီးခံထားရသူ၅၀ ကျော်ရှိပြီး အများစုမှာ ပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့်ခံထားရသည်

မန္တလေးက ဆေးပညာမိသားစုရဲ့ အရုဏ်ဦးသပိတ်

ယနေ့ မတ်လ ၂၁ ရက်နေ့တွင် မန္တလေးမြို့ပေါ်မှ ဆေးပညာရပ်ဆိုင်ရာ လူထုသည် စစ်အာဏာရှင်အလိုမရှိကြောင်း အရုဏ်ဦးသပိတ်အဖြစ် နံနက် ၅နာရီခွဲမှစတင်ကာ စစ်ကြောင်းချီတက် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ သပိတ်စစ်ကြောင်းတစ်လျှောက် အတားအဆီးအပိတ်အပင်မရှိဘဲ အောင်မြင်စွာချီတက်ပြီး လူစုခွဲနိုင်ခဲ့ကြသည်။

ထားဝယ်သပိတ်စစ်ကြောင်း

ထားဝယ်တွင် ယနေ့ မတ်လ ၂၁ ရက်နေ့ နံနက်ပိုင်းတွင် ထားဝယ်တက္ကသိုလ် ကျောင်းသား၊ကျောင်းသူများ သပိတ်စစ်ကြောင်းနှင့် NLD လူငယ်သပိတ်စစ်ကြောင်း ၂ ခု ပူးပေါင်းပြီး အာဏာရှင်အလိုမရှိကြောင်း လမ်းလျှောက်ချီတက် ဆန္ဒပြခဲ့ကြပါသည်။

အောင်ပန်းမြို့ သပိတ်စစ်ကြောင်း လူထုအင်အား သောင်းချီပါဝင်

အကြမ်းဖက်စစ်ကောင်စီင်္တပ်ဖွဲ့ဝင်တွေရဲ့ အကြမ်းဖက်ဖြိုခွင်းခံရပြီး အသက်ပေါင်းများစွာပေးဆပ်ခဲ့ရသော်လည်း မတ်လ ၂၁ ရက်နေ့ အောင်ပန်းမြို့မှာ လူထုသပိတ်စစ်ကြောင်းများဖြင့် ဆက်လက်ဆန္ဒပြခဲ့ကြပြီၤး လူထုအင်အား သောင်းချီ ပါဝင်ခဲ့ကြပါသည်။ ဒါ့အပြင် အောင်ပန်းမြို့က တောင်သူဦးကြီးများကလည်း လက်ထွန်စက်များစီတန်းမောင်းနှင်ကာ အတင်းအဓမ္မအာဏာသိမ်းယူခြင်းကို အပြင်းအထန်ကန့်ကွက်ရှုံချကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြပါသည်။

မန္တလေးက မြတောင်စစ်ကြောင်း

မန္တလေးမြို့က စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်စစ်ကြောင်းများသည် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များရဲ့ ပိတ်ဆို့၊ ဖိနှိပ်၊ ပစ်ခတ်ခြင်းများကို နေ့စဉ်ခံနေရပေမယ့် ယနေ့ မတ်လ ၂၁ ရက်နေ့မှာ မန္တလေး မြတောင်သပိတ်စစ်ကြောင်းဟာ အာဏာရှင်အလိုမရှိကြောင်း ပျက်ရက်မရှိ လမ်းလျှောက်ဆန္ဒထုတ်ဖော်ခဲ့ကြပါသည်။

မုဒုံမြို့က စစ်အာဏာရှင်ဆန့်ကျင်ရေး အရုဏ်ဦးသပိတ်

မွန်ပြည်နယ်၊ မုဒုံမြို့တွင် မတ်လ ၂၁ ရက်နေ့ မနက်ပိုင်းက ဒေသခံပြည်သူများ စုပေါင်းပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး အရုဏ်ဦးသပိတ် ပြုလုပ်ခဲ့ကြပါသည်။ မုဒုံမြို့တွင် အာဏာသိမ်းစစ်ကောင်စီရဲ့ လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေက ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေသောပြည်သူများကို အကြမ်းဖက်ပစ်ခတ်သတ်ဖြတ်မှုများရှိနေပါသည်။ ထို့ကြောင့် ပြည်သူလူထုသည် စစ်အာဏာရှင်ကို ညသပိတ်၊ အရုဏ်ဦးသပိတ်၊ ပြောက်ကျားသပိတ်၊ လူမဲ့သပိတ်၊ ဆိုင်ကယ်သပိတ်များပြုလုပ်ပြီး ဆန္ဒထုတ်ဖော်နေကြပါသည်။

တမူးမြို့မှာ စစ်အာဏာရှင်အလိုမရှိကြောင်း ပြည်သူအင်အားသောင်းဂဏန်းချီ ဆန္ဒပြ

အိန္ဒိယနယ်စပ်၊ တမူးမြို့ရှိ ဌာနေတိုင်းရင်းသားလူငယ်များအပါအဝင် ပြည်သူအင်အားသောင်းဂဏန်းခန့်က ယနေ့ မတ်လ ၂၁ ရက် နံနက်တွင် မြို့တပတ်စီတန်းလှည့်လည်ကာ အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြခဲ့ကြသည်။

ကံပေါက်တွင် သိမ်းဆည်းဆိုင်ကယ် ၁၃၀ ကျော်ပြန်ပေးရန် ဆန္ဒပြရင်း တောင်းဆို

တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသပြည်သူတွေသည် စစ်အာဏာရှင်အလိုမရှိကြောင်း ယနေ့ မတ်လ ၂၁ ရက်နေ့တွင် ဆက်လက်ဆန္ဒပြခဲ့ကြပြီး မတ်လ ၈ ရက်နေ့ကတည်းက အကြမ်းဖက်စစ်အုပ်စုက မတရားသိမ်းဆည်းသွားတဲ့ ဆန္ဒပြပြည်သူများရဲ့ ဆိုင်ကယ်အစီးရေ ၁၃၃ စီးပြန်ပေးဖို့ကိုလည်း တောင်းဆိုခဲ့ကြပါသည်။

မိတ္ထီလာတွင် စစ်ကြောင်းနှစ်ခုဖြင့် စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက်ဆန္ဒပြ

မိတ္ထီလာမြို့တွင် သံဃာတော်များ၊ ကျောင်းသားများနှင့် ပြည်သူများစုပေါင်းပါဝင်သည့် သပိတ်စစ်ကြောင်းနှစ်ခုဖြင့် ယနေ့ မတ်လ ၂၁ ရက်နေ့၊ နံနက်ပိုင်းတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက်ဆန္ဒပြခဲ့ကြသည်။ အာရုံဦးပြည်သူ့ သပိတ်စစ်ကြောင်းနှင့် ဆိုင်ကယ်စီးပြည်သူ့သပိတ်စစ်ကြောင်းဆိုပြီး စစ်ကြောင်းနှစ်ခုဖြင့် ချီတက်ခဲ့ခြင်း ဖြစ်သည်။

မန္တလေး အမရပူရ လူမဲ့သပိတ်

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့မှ အမရပူရကျောင်းသားလူငယ်တွေဟာ ယနေ့ မတ်လ ၂၁ ရက်နေ့မှာ အာဏာရှင်ဆန့်ကျင်သောစာသားများရေးထားသည့် ကတ်ထူပြားများထောင်ပြီး လူမဲ့သပိတ်ပုံစံ ဆန္ဒပြခဲ့ကြပါသည်။ မန္တလေးမြို့မှာတော့ အမရပူရ အပါအဝင် နေရာစုံမှာ နေ့စဉ် အသွင်အမျိုးမျိုးဖြင့် ပြည်သူတွေက လမ်းပေါ်ထွက် ဆန္ဒပြနေတာတွေလည်း ရှိပါသည်။

မြိတ်မှာ လူမဲ့သပိတ်လုပ်ပြီး စစ်အာဏာရှင်ကို ဆန့်ကျင်

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်တွင် စစ်အာဏာရှင်ကို အလိုမရှိကြောင်း လူမဲ့သပိတ်ပြုလုပ်ပြီး ဆန္ဒထုတ်ဖော်ခဲ့ကြပါသည်။ ဆန္ဒထုတ်ဖော်ရန် စိုက်ထူထားသော ကတ်ထူပြားများပေါ်တွင် We need federal democracy ဆိုတဲ့စာသားများရေးပြီး ဆန္ဒထုတ်ဖော်ခဲ့ကြပါသည်။

ပုသိမ်မြို့က ဆိုင်ကယ်သပိတ်

ယနေ့ မတ်လ ၂၁ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့က လူငယ်များစုပေါင်းပြီး ဆိုင်ကယ်များဖြင့် စစ်အာဏာရှင်အလိုမရှိကြောင်း မြို့အနှံလှည့်လည် ဆန္ဒပြခဲ့ကြသည်။

နိုင်ငံတစ်ဝန်းရှိ ပြည်သူများသည် ထိုင်သပိတ်၊ လူမဲ့သပိတ်၊ ချီတက်လှည့်လည်သပိတ်၊ ရေပေါ်သပိတ်၊ ဆိုင်ကယ်သပိတ်၊ အရုပ်သပိတ်၊ ပရဲထိုးသပိတ်၊ စတစ်ကာကမ်ပိန်းသပိတ်၊ ညသပိတ် စသည်ဖြင့် ပုံစံမျိုးစုံဖြင့် စစ်အာဏာရှင်ဆန့်ကျင်ရေး နေ့စဉ် ဆန္ဒထုတ်ဖော်လျက်ရှိသည်၊ မတ်လ ၂၁ ရက်နေ့တွင် မြန်မာနိုင်ငံတစ်ဝှမ်း အနည်းဆုံးမြို့ပေါင်း ၅၀ တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြသည်။

(ဓါတ်ပုံ - မုံရွာမြို့တွင်၊ မတ်လ ၂၁ ရက်က၊ အကြမ်းဖက်စစ်ကောင်စီ၏ စစ်တပ်က ပစ်ခတ်သဖြင့် ဆန္ဒပြသူ တစ်ဦး ကျဆုံး။)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly