တရုတ်စီးပွားရေး ကျဆင်းမှုကြောင့် သမ္မတရှီကျင့်ဖျင်၏ ပိုးလမ်းမရပ်ဝန်း လက်ဦးမှုရယူရေး စီမံကိန်း အခက်အခဲဖြစ်နေ

တရုတ်စီးပွားရေး ကျဆင်းမှုကြောင့် သမ္မတရှီကျင့်ဖျင်၏ ပိုးလမ်းမရပ်ဝန်း လက်ဦးမှုရယူရေး စီမံကိန်း အခက်အခဲဖြစ်နေ
Photo - AFP

မတ် ၁၈

ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့် ပိုးလမ်းမရပ်ဝန်း လက်ဦးမှုရယူရေး စီမံကိန်း Belt Road Initiative (BRI) အရှိန်အဟုန်နှေးကွေးခဲ့ရကာ တရုတ်နိုင်ငံ၏ စီးပွားရေးလည်း ကျဆင်းသွားခြင်းကြောင့် သမ္မတရှီကျင့်ဖျင်၏ အိပ်မက်တစ်ခုဖြစ်သော အဆိုပါ BRI ကမ္ဘာ့အခင်းအကျင်းပုံစံသစ်သည်လည်း ရပ်ဆိုင်းထားရဖွယ်ရှိသည်။ 

ကမ္ဘာ့ကပ်ရောဂါကြောင့် စီးပွားရေးအခက်အခဲများ ဖြစ်ပွားခဲ့ရာ BRI အစီအစဉ်နှင့် သက်ဆိုင်သည့် ချေးငွေအသစ်များနှင့် ရင်းနှီးမြှုပ်နှံမှုများကို တရုတ်အစိုးရအနေဖြင့် လျော့ချရန် လိုအပ်လာပြီဖြစ်ကြောင်း မီဒီယာသတင်းများတွင် ဖော်ပြထားသည်။

သုတေသနအဖွဲ့အစည်း တစ်ခုဖြစ်သည့် ပိုးလမ်းမရပ်ဝန်း လက်ဦးမှုရယူရေး စီမံကိန်း၏ အစိမ်းရောင်စင်တာ၏ ထုတ်ပြန်ချက်အရ အဆိုပါ စီမံကိန်းတွင် တရုတ်အစိုးရ၏ ရင်းနှီးမြှုပ်နှံမှုမှာ ၂၀၂၀ ပြည့်နှစ်တွင် ကန်ဒေါ်လာ ၄၇ ဘီလျံသာ ရှိခဲ့ပြီး တစ်နှစ်အတွင်း ၅၄ ရာခိုင်နှုန်း ကျဆင်းသွားခဲ့သည်။

တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန၊ နိုင်ငံတကာ စီးပွားရေးဌာန၏ ညွှန်ကြားရေးမှူး ဝမ်ကျာလောင်းက  BRI စီမံကိန်း ၂၀ ရာခိုင်နှုန်း ဆိုးရွားစွာ ထိခိုက်ခံခဲ့ရကြောင်းနှင့် ၃၀ မှ ၄၀ ရာခိုင်နှုန်းသည် ရလဒ်ကောင်းများ မရှိခဲ့ကြောင်း ပြောကြားသည်။

ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း တရုတ်နိုင်ငံ၏ စီးပွားရေးသည် ဆိုးရွားစွာ ကျဆင်းခဲ့သည်။ BRI အစီအစဉ် အောက်မှ ချေးငွေပမာဏသည်လည်း ၂၀၁၆ခုနှစ်တွင် ကန်ဒေါ်လာ ၇၅ ဘီလျံရှိခဲ့ရာမှ ၂၀၂၀ ပြည့်နှစ်တွင် ၃ဘီလျံသို့ ကျဆင်းသွားခဲ့သည်။

ပါကစ္စတန်နိုင်ငံတွင် BRI စီမံကိန်း စုစုပေါင်း၁၂၂ ခုအနက် ၃၂ ခုသာ ပြီးစီးသေးသည်။ 

နိုင်ငံ၏ စီးပွားရေး ကျဆင်းမှုကြောင့် တရုတ်အစိုးရအနေဖြင့် ဘဏ္ဍာရေးဆိုင်ရာ စည်းမျည်းများကို ပိုမိုတင်းကြပ်လာရသလို ငွေကြေးဆိုင်ရာ အရဲစွန့်မှုများ လုပ်ဆောင်လာရပြီး BRI စီမံကိန်းသို့ ရင်းနှီးမြှုပ်နှံမှုများ ထည့်ဝင်နိုင်မည့် အလားအလာနည်းသွားခြင်း ဖြစ်သည်။

BRI အစီအစဉ်၏ တိုးတက်မှုသည် ကိုဗစ်-၁၉ စတင်မဖြစ်ပွားမီကပင် စတင်နှေးကွေးခဲ့ခြင်းဖြစ်ကြောင်း လွတ်လပ်သည့် သုတေသနအဖွဲ့အစည်း တစ်ခုဖြစ်သော Rhodium Group က ထုတ်ပြန်ထားသည်။ တရုတ်နိုင်ငံ ၏ စီးပွားရေးသည်လည်း လွန်ခဲ့သည့် ၃ နှစ်ခန့်က စတင်၍ ရင်းနှီးမြှုပ်နှံမှုများ ကျဆင်းကာ နှေးကွေးသွားခဲ့ကြောင်း အဆိုပါအဖွဲ့က ထုတ်ပြန်ထားသည်။ 

BRI စီမံကိန်းများ စတင်စဉ်ကပင် တရုတ်သည် အာဖရိကနှင့် အာရှတိုက်တို့မှ ဆင်းရဲသော နိုင်ငံများကို စည်းရုံးသိမ်းသွင်းခဲ့သည်။ သို့သော် ကိုဗစ် ရောဂါ ပေါ်ပေါက်လာခြင်းကြောင့် တရုတ် စီးပွားရေး လုပ်ငန်းပေါင်း သန်းနှင့်ချီ၍ ဘဏ်ကြွေးများ မဆပ်နိုင်တော့ဘဲငွေကြေး စီးဆင်းမှုလည်း ရပ်ဆိုင်းခဲ့ရာ နိုင်ငံ၏ စီးပွားရေး အတွက် ကြီးမားသည့် ထိခိုက်မှု ဖြစ်စေခဲ့သည်။ 

ပြည်ပသို့ ငွေချေးခြင်းအပါအဝင် တရုတ်၏ ချေးငွေထုတ်ပေးခြင်းသည် ပိုမိုကျဆင်းသွားခဲ့သလို  ဖွံ့ဖြိုးရေးအတွက် တရုတ်နိုင်ငံအပေါ် အားထားနေရသည့် နိုင်ငံများနှင့် သံတမန်ဆက်ဆံရေးသည်လည်း ထိခိုက်သွားနိုင်ဖွယ်ရှိသည်။
BRI ချေးငွေရယူမည့် နိုင်ငံများအနေဖြင့် ၎င်းတို့၏ ချေးငွေများကို ပယ်ဖျက်လိုပြီး တရုတ်ပြည်သူများအနေဖြင့်လည်း ခက်ခဲသည့်အချိန်တွင် ပြည်ပငွေကြေးသုံးစွဲမှုကို မလိုလားသောကြောင့် တရုတ်အစိုးရအနေဖြင့် ကြိုးတန်းပေါ်တွင် လမ်းလျှောက်ရသလို ဖြစ်နေကြောင်း စင်ကာပူနိုင်ငံရှိ လီကွမ်ယုပြည်သူ့ရေးရာပေါ်လစီကျောင်းမှ တွဲဖက်ပါမောက္ခ ဂျိမ်းစ်ခရက်ထရီးက ပြောကြားသည်။

“BRI စီမံကိန်းတွေမှာ ဘဏ္ဍာရေးဆိုင်ရာ ပြဿနာတွေနဲ့ ရင်ဆိုင်နေရပြီး တရုတ်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုတွေဟာလည်း ပြည်တွင်း လိုအပ်ချက်ကို ဦးစားပေးရမျာ ဖြစ်တာကြောင့် ကပ်ရောဂါ၊ သူ့ကြောင့်  ဖြစ်တဲ့ စီးပွားရေး ကျဆင်းမှုတွေဟာ BRI စီမံကိန်းအချို့ကို ပြိုလဲသွားစေနိုင်ပါတယ်” ဟု နိုင်ငံတကာ ဥပဒေ အကြံပေးအဖွဲ့ Norton Rose Fulbright က ထုတ်ပြန်ထားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly