တရုတ်ကို တန်ပြန်ရန် ကာကွယ်ဆေး ၁ ဘီလျံ ဖြန့်ဝေရေး အစီအစဉ်ကို အမေရိကန်နှင့် အာရှနိုင်ငံများ လုပ်ဆောင်

တရုတ်ကို တန်ပြန်ရန် ကာကွယ်ဆေး ၁ ဘီလျံ ဖြန့်ဝေရေး အစီအစဉ်ကို အမေရိကန်နှင့် အာရှနိုင်ငံများ လုပ်ဆောင်

မတ် ၁၃ ၊၂၀၂၁

အင်ဒို-ပစိဖိတ်ဒေသအတွင်း တရုတ်၏ လွှမ်းမိုးမှုကို တန်ပြန်မှုအနေဖြင့် Johnson & Johnson ကိုဗစ်-၁၉ ကာကွယ်ဆေး ၁ ဘီလျံကို အရှေ့တောင်အာရှနိုင်ငံများသို့ ဂျပန်၊ အိန္ဒိယ၊ ဩစတြေးလျနိုင်ငံတို့နှင့် ပူးပေါင်းကာ ဖြန့်ဝေသွားမည့် အစီအစဉ်ကို အမေရိကန်က ရေးဆွဲလျှက်ရှိသည်။ 

Quad ၄ နိုင်ငံ၏ ပထမအကြိမ် ထိပ်သီးဆွေးနွေးပွဲ အပြီးတွင် အဆိုပါအစီအစဉ်ကို သမ္မတဂျိုးဘိုင်ဒင်က အဆိုပါ ၃ နိုင်ငံခေါင်းဆောင်များနှင့်အတူ ထုတ်ပြန်ကြေညာခဲ့ခြင်း ဖြစ်သည်။ အဆိုပါ သဘောတူညီချက်အရ ကာကွယ်ဆေးကို အိန္ဒိယတွင် ထုတ်လုပ်ရန် အမေရိကန်နှင့် ဂျပန်တို့က ငွေကြေးထောက်ပံ့မည်ဖြစ်ပြီး အရှေ့တောင်အာရှတိုက်နိုင်ငံများသို့ ကာကွယ်ဆေးဖြန့်ဝေရေးတွင် ဩစတြေးလျနိုင်ငံက တာဝန်ယူ လုပ်ဆောင်မည် ဖြစ်သည်။

‘၄ နိုင်ငံ Quad အဖွဲ့သည်  ကာကွယ်ဆေးဖြန့်ဖြူးရန် အဆင့်သစ်တစ်ခုကို လုပ်ဆောင်နိုင်ခဲ့သလို တိုးတက်လာသည့် နည်းပညာများနှင့် ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ကိစ္စရပ်တွေမှာလည်း ပူးပေါင်း ဆောင်ရွက်ဖို့ သဘောတူညီခဲ့ကြပါတယ်” ဟု အမေရိကန်အမျိုးသား လုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဂျိတ်ဆူလီဗန်က ပြောကြားသည်။ 

“အမေရိကန် သံတမန်လောကအတွက် ဒီနေ့ဟာ ကြီးကျယ်တဲ့ နေ့တစ်နေ့ ဖြစ်ပါတယ်။ ဒီထိပ်သီး ဆွေးနွေးပွဲဟာ သမ္မတနဲ့ နိုင်ငံအတွက် ကြီးမားတဲ့ သဘောတူညီချက်တစ်ရပ် ရရှိခြင်း ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။
အင်ဒိုနီးရှားတွင် ဆူနာမီတိုက်ခတ်ခဲ့ပြီးနောက် သဘာဝဘေးအန္တရာယ်ကိစ္စများတွင် ပူးပေါင်းဆောင်ရွက်ရန် ၂၀၀၄ ခုနှစ်က Quad အဖွဲ့ကို ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။ 

ကာကွယ်ဆေး ဒီပလိုမေစီသည် အဖွဲ့ဝင်နိုင်ငံများအနေဖြင့် တရုတ်ဆန့်ကျင်ရေးကို များစွာ မထင်ပေါ်စေဘဲ တရုတ်အစိုးရအား တန်ပြန်ရေးအတွက် ဘုံနယ်ပယ်များကို ရှာဖွေရန် ကျယ်ပြန့်သည့် ပထမဆုံး နည်းဗျူဟာ ဖြစ်သည်။

“တရုတ်ရဲ့ စိန်ခေါ်မှုတွေကို ခေါင်းဆောင် ၄ ဦး ဆွေးနွေးခဲ့ကြပါတယ်။ သူတို့အနေနဲ့ တရုတ်အပေါ် ထင်ယောင်ထင်မှား ဖြစ်တာမရှိပါဘူး။ ဒါပေမယ့် ဒီနေ့ကတော့ တရုတ်ကိစ္စသက်သက်မဟုတ်ဘူး” ဟု ဆူလီဗန်က ပြောကြားသည်။ 

Quad သည် တရုတ်၏ အင်အားကို တုန့်ပြန်မည့်အစီအစဉ် ဖြစ်ကြောင်း ပြောဆိုမှုများအပေါ် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဟာ့ရှ် ဗာဒန်က ငြင်းဆိုခဲ့ပြီး အပြုသဘောဆောင်၍ ကောင်းသည့် အစီအစဉ်ဖြစ်ကြောင်း ပြောကြားသည်။

သမ္မတဘိုင်ဒင်က တရုတ်သည် အမေရိကန်အစိုးရ နိုင်ငံခြားရေး မူဝါဒအတွက် အကြီးမားဆုံး စိန်ခေါ်မှုအဖြစ် ရှုမြင်ပြီး ယင်းပြဿနာကို မဟာမိတ်နိုင်ငံများနှင် ပူးပေါင်းဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့သည်။ ဘိုင်ဒင် သမ္မတတာဝန်စတင်ထမ်းဆောင်ပြီး Quad အစည်းအဝေးကို ပထမဆုံးအကြိမ် ပြုလုပ်ခြင်း ဖြစ်သည်။ လာမည့်လတွင် ဂျပန်ဝန်ကြီးချုပ် ရိုရှီဟီဒဲဆူဂါသည် ပထမဆုံး နိုင်ငံခြား ခေါင်းဆောင်တစ်ဦးအနေဖြင့် သမ္မတဘိုင်ဒင်အား အိမ်ဖြူတော်၌ လာရောက် တွေ့ဆုံမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly