တရုတ်အစိုးရက BRICS ဖွံ့ဖြိုးရေးဘဏ်မှ ချေးငွေရယူ

ကိုဗစ်ရောဂါကြောင့် ထိခိုက်မှုရှိခဲ့သော်လည်း တရုတ်နိုင်ငံက ယမန်နှစ်အတွင်း စီးပွားရေးတိုးတက်သည်ဟု ထုတ်ပြန်ထားပြီး BRICS ဘဏ်မှ ချေးငွေ ရယူမည်ဖြစ်သည်။ ဘင်္ဂလားဒေ့ရှ့် အစိုးရကမူ တရုတ်ချေးငွေဖြင့် အကောင် အထည်ဖော်မည့် စီမံကိန်း ၅ ခုကို ဖျက်သိမ်းလိုက်သည်။

BRICS New Development Bank (NDB) သည် ကိုဗစ်-၁၉ ရောဂါကြောင့် ထိခိုက်ခဲ့သည့် တရုတ်နိုင်ငံ၏ စီးပွားရေးကို ပံ့ပိုးနိုင်ရန် အရေးပေါ် အကူအညီ အစီအစဉ်အဖြစ် ချေးငွေယွမ်  ၇ ဘီလျံ (ကန်ဒေါ်လာ ၁၀ ဒသမ ၀၈ ဘီလျံ) ထုတ်ချေးရန် သဘောတူညီထားကြောင်း ထုတ်ပြန်ထားသည်။ 

အဆိုပါ ဘဏ်အနေဖြင့် တရုတ်နိုင်ငံအား ၂၀၂၀ ပြည့်နှစ်က ပထမအကြိမ်အဖြစ် ယွမ် ၇ ဘီလျံ ထုတ်ချေးပြီး ဖြစ်ကြောင်း ဆင်ဟွာသတင်းတွင် ဖော်ပြထားသည်။

ယခုထုတ်ပေးမည့် ချေးငွေဖြင့် ထုတ်လုပ်ရေး လုပ်ငန်းများကို ဆက်လက် လုပ်ဆောင်ရန်နှင့် နိုင်ငံတွင်း အလုပ်အကိုင် တည်ငြိမ်ရေး၊ စီးပွားရေး ရေရှည်ဖွံ့ဖြိုးရေးတို့အတွက် လုပ်ဆောင်သွားမည်ဖြစ်သည်။

ကိုဗစ်ရောဂါ တိုက်ဖျက်ရေးတွင် ကူညီပံ့ပိုးသည့်အနေဖြင့် BRICS သည် အဖွဲ့ဝင်နိုင်ငံများအတွက် အရေးပေါ် အကူအညီအစီအစဉ်တစ်ရပ်ကို ၂၀၂၀ ပြည့်နှစ်၊ ဧပြီလတွင် ထူထောင်ခဲ့ရာ အဆိုပါ အစီအစဉ်အရ ကန်ဒေါ်လာ ၇ ဘီလျံအထိ ထုတ်ပေးပြီး ဖြစ်သည်။

ဘင်္ဂလားဒေ့ရှ် အစိုးရအနေဖြင့် တရုတ်အစိုးရ၏ ချေးငွေဖြင့် လုပ်ဆောင်မည့် စီမံကိန်း ၅ ခုကို ရပ်ဆိုင်းရန် ဆုံးဖြတ်လိုက်သည်။

သမ္မတရှီကျင့်ဖျင် ဘင်္ဂလားဒေ့ရှ်သို့ ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလအတွင်းက လာရောက်ခဲ့သည့် ခရီးစဉ်အတွင်း ယင်းစီမံကိန်းများကို သဘောတူညီခဲ့ခြင်း ဖြစ်သည်။ ဒေါ်လာ သန်း ၂၁၁၀ ကုန်ကျမည့် ဒါကာ-ဆီလတ် ၄ လမ်းသွား အမြန်လမ်းမ စီမံကိန်း၊ ဒေါ်လာ ၂၅၆ ဒသမ ၄၁ သန်း ကုန်ကျမည့် ဘာရာပူကူရီယာ ကျောက်မီးသွေးတွင်း မြေအောက်လုပ်ငန်း တိုးချဲ့ရေး၊ ဒေါ်လာ ၅၂၁ ဒသမ ၅၆ သန်း ကုန်ကျမည့် ဘင်္ဂလားဒေ့ရှ် ဓာတ်အားဖွံ့ဖြိုးရေးအဖွဲ့ ဖြန့်ဖြူးရေး ဇုန် ၊ ဒေါ်လာ ၄၃၃ သန်း တန် ၃၅၀ မဂ္ဂါဝပ် ကျောက်မီးသွေးစွမ်းအင်သုံး ဂါဇာရီယာ ဓာတ်အားပေးစီမံကိန်းနှင့် ဒေါ်လာ သန်း ၂၈၀ တန် ဂုံလျှော် စက်ရုံ စီမံကိန်းများ ပါဝင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly