မူဆယ်မြို့တွင် ရဲစခန်းမှ ထိန်းသိမ်းထားသည့် ဆန္ဒပြပြည်သူတစ်ဦး၏ ရုပ်အလောင်းကို ဒဏ်ရာများဖြင့် အိမ်ပြန်ပို့

မူဆယ်မြို့တွင် ရဲစခန်းမှ ထိန်းသိမ်းထားသည့် ဆန္ဒပြပြည်သူတစ်ဦး၏ ရုပ်အလောင်းကို ဒဏ်ရာများဖြင့် အိမ်ပြန်ပို့

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့မှာ မူဆယ်မြို့နယ်ရဲတပ်ဖွဲ့ဝင်တွေများမှ ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာ ဖမ်းဆီးသွားသော ပြည်သူတစ်ဦးကို မတ်လ ၅ရက်နေ့တွင် ရုပ်အလောင်းကို နေအိမ်သို့ ပြန်ပို့ပေးခဲ့ကြောင်း သိရသည်။

သေဆုံးသူမှာ အသက် ၄၃ နှစ်အရွယ်ရှိ  ဦးသိန်းလွင်ဆိုသူဖြစ်ပြီး မူဆယ်မြို့၊ ဟိုမွန်ရပ်ကွက်တွင် နေထိုင်သူဖြစ်ပြီး ဖေဖော်ဝါရီလ ၂၈ ရက်နေ့ က မူဆယ်မြို့ မန်ဝိတ်းဂိတ်ပေါက်ဆန္ဒထုတ်ဖော်ရာတွင် ပူးပေါင်းပါဝင်ခဲ့သူဖြစ်သည်။ သေဆုံးသူ၏ မျက်နှာနှင့် ဦးခေါင်း၊ ခန္ဓာကိုယ်တွင် ဒဏ်ရာ အများအပြားတွေ့ရပြီး မည်သည့်အကြောင်းကြောင့် သေဆုံးသည်ကိုတော့ မခန့်မှန်းတတ်ကြောင်း ၎င်း၏ မိသားစုဝင်တစ်ဦးက ပြောပါသည်။

"သူ့ကိုဖမ်းသွားတာ ၅ ရက်ရှိပြီ၊ လွတ်ပေးဖို့ပြောတော့လဲ မလွတ်ပေးဘူး၊ အဲ့ဒီနေ့ကမှ ရဲစခန်းက အလောင်းလာယူဆိုတော့မှ သေပြီမှန်းသိရတယ်၊ ခေါင်းနဲ့ မျက်နှာက ဒဏ်ရာတွေ အပြည့်ဘဲ၊ နဂိုကရောဂါအခံတော့ရှိထားပေမဲ့ ဘာကြောင့် သေလဲဆိုတာ ကျနော်တို့ မစစ်ဆေးနိုင်ဘူးပေါ့" ဟု ပြောပါသည်။

သေဆုံးသူသည် ဆန္ဒထုတ်ဖော်နေစဉ်အတွင်း လက်နက်ပါလာပြီး၊ အော်ဟစ်နေမှာများ ရှိသဖြင့် ရဲတပ်ဖွဲ့မှ ခေါ်သွားခြင်းဖြစ်ပြီး ထိုသို့ ခေါ်ဆောင်သွားစဉ်က မည်သည့်ဒဏ်ရာမှမရှိဘဲ အကောင်းပကတိအတိုင်းခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း ဆန္ဒပြပွဲတွင် မျက်မြင်ရှိနေသူက ပြောပါသည်။

 "ကိုယ့်ရှေ့တင်ဖြစ်သွားတယ်၊ အဲ့နေ့က ၄ ယောက်ဖမ်းတာ၊ ၃ ယောက်က ကားနဲ့ဝင်လာတိုက်တဲ့သူတွေ၊ ဒီဦးလေးက ဆန္ဒလာပြရင်း ဓားရှည့်တွေနဲ့ဆိုတော့ ရဲက ခေါ်သွားတယ်၊ ခေါ်သွားတုန်းက ဘာဒဏ်ရာမှ မရှိဘူး၊အကောင်းတိုင်းဘဲ"ဟု ပြောပါသည်။

မူဆယ်မြို့တွင် လူငယ်များနှင့် ပြည်သူများ စုပေါင်းကာ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒ ထုတ်ဖော်မှုများကို နေ့စဉ်ပြုလုပ်လျက်ရှိပြီး လက်ရှိတွင် ဖမ်းဆီးခံရသူ ၄ ယောက်အထိ ရှိနေပြီ ဖြစ်သည်။

မူဆယ်မြို့တွင် ရဲစခန်းမှ ထိန်းသိမ်းထားသည့် ဆန္ဒပြပြည်သူတစ်ဦး၏ ရုပ်အလောင်းကို...

Posted by Mizzima - News in Burmese on Sunday, March 7, 2021

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly