ဟောင်ကောင်ဒီမိုကရေစီလှုပ်ရှားသူများကို လွှတ်ပေးရန် အမေရိကန် တောင်းဆို

ဟောင်ကောင်ဒီမိုကရေစီလှုပ်ရှားသူများကို လွှတ်ပေးရန် အမေရိကန် တောင်းဆို

ဟောင်ကောင်တွင် ဖမ်းဆီးခံထားသည့် ဒီမိုကရေစီလိုလားသော ခေါင်းဆောင်များကို လွှတ်ပေးရန် အမေရိကန်က တရုတ်အစိုးရကို တနင်္ဂနွေနေ့က တောင်းဆိုလိုက်သည်။ ၎င်းတို့သည် ယခုရွှေ့ဆိုင်းထားသည့် ဥပဒေပြုကောင်စီ ရွေးကောက်ပွဲအတွက် ၎င်းတို့က အဓိကရွေးကောက်ပွဲတွင် ပါဝင်ခြင်းကြောင့် တင်းကြပ်သော အမျိုးသား လုံခြုံရေးဥပဒေအရ တရားစွဲဆိုခံထားရသူများဖြစ်သည်။

“ဟောင်ကောင်တွင် ထိန်းသိမ်းခံ ထားသည့် ဒီမိုကရက်လိုလားသည့် ကိုယ်စားလှယ်လောင်းများကို လွှတ်ပေးရန် တရုတ်အစိုးရနှင့် ဟောင်ကောင်အာဏာပိုင်များကို အပြည်ပြည်ဆိုင်ရာအသိုင်းအဝိုင်းနှင့် ကျွန်ုပ်တို့က ပူးပေါင်း တိုက်တွန်းလိုက်သည်။ အမျိုးသားလုံခြုံရေးဥပဒေသည် အတိုက်အခံများကို ဟန့်တားရန်နှင့် ဟောင်ကောင်၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို အားနည်းစေရန် ပြုလုပ်သည့် နောက်ထပ်အထောက်အထားဖြစ်သည်”ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Ned Price က တွစ်တာတွင် ပြောကြားခဲ့သည်။

ဟောင်ကောင်ရဲများက ဒီမိုကရေစီရေးလှုပ်ရှားသူ ၄၇ ဦး အား နိုင်ငံတော်လုံခြုံရေးဥပဒေအရ တနင်္ဂနွေက တရားစွဲဆိုပြီးနောက်တွင် ယခုတောင်းဆိုချက်ထွက်ပေါ်လာခြင်းဖြစ်သည်။

ဖမ်းဆီးခံထားရသူများသည် ရွှေ့ဆိုင်းထားသည့် ဥပဒေပြုကောင်စီရွေးကောက်ပွဲအတွက် ၎င်းတို့က အဓိကရွေးကောက်ပွဲတွင် ပါဝင်သူများဖြစ်ကြောင်း ဟောင်ကောင် လွတ်လပ်သောပုံနှိပ်မီဒီယာက သတင်းထုတ်ပြန်ခဲ့သည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်ကလည်း ခေါင်းဆောင်များအား ဖမ်းဆီးထားခြင်းကို ပြစ်တင်ရှုတ်ချသလို ၎င်းတို့အား ချက်ချင်းပြန်လွှတ်ပေးရန် တောင်းဆိုခဲ့သည်။ အမေရိကန်သည် ဟောင်ကောင်ပြည်သူများနှင့်အတူ ရပ်တည်နေသည်ဟု ဘလင်ကန်က ပြောကြားခဲ့သည်။

“ဟောင်ကောင်ရွေးကောက်ပွဲမှာ ဒီမိုကရေစီလိုလားတဲ့ ကိုယ်စားလှယ်လောင်းတွေကို တရားစွဲဆိုတာနဲ့ ဖမ်းဆီးတာကို ကျွန်ုပ်တို့ရှုတ်ချပါတယ်။ ချက်ချင်းလွှတ်ပေးဖို့ တောင်းဆိုပါတယ်။ နိုင်ငံရေးမှာ ပါဝင်မှုနဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောကြားခြင်းက ရာဇဝတ်မှုမဖြစ်သင့်ပါဘူး။ အမေရိကန်ဟာ ဟောင်ကောင်ပြည်သူတွေနဲ့ အတူရပ်တည်ပါတယ်”ဟု ဘလင်ကန်က တွစ်တာတွင် ရေးသားခဲ့သည်။

ယခုအချိန်ထိ ဒီမိုကရေစီထောက်ခံသူလှုပ်ရှားသူများ ၅၅ ဦးကို လွန်ခဲ့သည့်လက ရဲများက အရုဏ်တက်ချိန်တွင် ဝင်ရောက်စီးနင်း ဖမ်းဆီးခြင်းများပြုလုပ်ခဲ့သည်။

ပြီးခဲ့သည့်နှစ်က ဟောင်ကောင်တွင် ဆိုးရွားပြင်းထန်သော အမျိုးသားလံခြုံရေးဥပဒေကို တရုတ်က ပြဌာန်းခဲ့သည်။ ခွဲထွက်ခြင်း၊ ဖောက်ခွဲဖျက်ဆီးခြင်းနှင့် နိုင်ငံခြားတပ်ဖွဲ့များနှင့် ပူးပေါင်းခြင်းကြံစည်ခြင်းတို့ကို ရာဇဝတ်မှုအဖြစ် သတ်မှတ်ထားပြီး၊ ပြင်းထန်သောထောင်ဒဏ် ချမှတ်နိုင်သည်။ ယင်းဥပဒေသည် ၂၀၂၀၊ ဇူလိုင် ၁ ရက်တွင် စတင်အသက်ဝင်ခဲ့သည်။ (ANI) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly