မြန်မာ့အရေး ဆွေးနွေးရန် အာဆီယံ၀န်ကြီးများ ပြင်ဆင်

 မြန်မာ့အရေး ဆွေးနွေးရန် အာဆီယံ၀န်ကြီးများ ပြင်ဆင်
Photo: AFP

မတ် ၂

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး ဆန္ဒပြပွဲများအပေါ် လူသေဆုံးစေသည့် အကြမ်းဖက်ဖြိုခွင်းမှုများ ရပ်ဆိုင်းသွားစေရန်နှင့် အရှိန်မြင့်နေသည့် နိုင်ငံရေးအကျပ်အတည်းကို ကိုင်တွယ်နိုင်မည့် လမ်းကြောင်းတစ်ခု ဖွင့်လှစ်ရန် အားထုတ်သည့်အနေဖြင့် အာဆီယံနိုင်ငံများ၏ နိုင်ငံခြားရေး၀န်ကြီးများသည် အင်္ဂါနေ့တွင် မြန်မာစစ်တပ်နှင့် အထူးအစည်းအဝေးတစ်ရပ် ပြုလုပ်ရန် ပြင်ဆင်ထားခဲ့သည်။

ပြီးခဲ့သည့်လက မြန်မာနိုင်ငံတွင် စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်၏ ရွေးကောက်ခံအစိုးရထံမှ အာဏာသိမ်းယူခဲ့သဖြင့် အမျက်ဒေါသများကို ထွက်စေခဲ့ကာ နိုင်ငံတ၀န်း ကြီးမားသည့် လမ်းပေါ်ထွက် ဆန္ဒပြပွဲများကို ဖြစ်ပေါ်ထားစေခဲ့ပြီးနောက် သွေးထွက်သံယိုမှုအများဆုံး နေ့တစ်နေ့အပြီး နှစ်ရက်အကြာတွင် ယခုဆွေးနွေးမှုများ ဖြစ်ပေါ်လာရန် ရှိနေသည်။

အင်္ဂါနေ့ အစောပိုင်းက အကြီးဆုံးမြို့ ရန်ကုန်ရှိ လမ်းများတွင် အများအားဖြင့် ငြိမ်သက်နေခဲ့ပြီး ဆန္ဒပြသူများ၏ အဆိုအရ ရှေ့တွင် နောက်ထပ် ကြီးမားသော ဆန္ဒပြမှုတစ်ခုရှိလိမ့်မည်ဟုလည်း သိရသည်။ လက်ရှိ အခြေအနေကြောင့် ရှော့ပင်းမောလ် အချို့က ပိတ်သိမ်းထားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

တနင်္လာနေ့က ရန်ကုန်တွင် ဆန္ဒပြသူရာနှင့်ချီတို့ကို လူစုခွဲရန် ရဲများက မျက်ရည်ယိုဓာတ်ငွေ့နှင့် stun grenades ဗုံးများဖြင့် ပစ်ခတ်ခဲ့သလို ယင်းနောက် လမ်းများထဲ လိုက်ရှာကာ ရာဘာကျည်များဖြင့် ပစ်ခဲ့ကြောင်း မျက်မြင်တွေ့ရှိသူများက ပြောသည်။

ဆန္ဒပြခေါင်းဆောင်များနှင့် ‘သွေးထိုးလှုံ့ဆော်သူများ’ ကို အပြစ်ပေးသွားမည်ဖြစ်သလို ရုံးတက်ရန် ငြင်းဆန်နေသည့် နိုင်ငံ့၀န်ထမ်းများကိုလည်း အရေးယူမည်ဟု အာဏာသိမ်းစစ်အုပ်စု ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ခြိမ်းခြောက်ပြောဆိုခဲ့သည်ကို သတင်းထုတ်လွှင့်သူတစ်ဦး နိုင်ငံပိုင်ရုပ်သံတွင် ဖတ်ကြားခဲ့သည့် ၎င်း၏ မှတ်ချက်စကားများအရ သိရသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရွေးကောက်ပွဲအသစ် ကျင်းပ‌ပေးမည် ဖြစ်ပြီး အနိုင်ရသူထံ အာဏာလွှဲပေးမည်ဟု ကတိပြုထားသော်လည်း ရှင်းလင်းသည့် သတ်မှတ်ချိန် ပေးထားခြင်း မရှိပေ။

နှစ် ၅၀ နီးပါးကြာ စစ်အုပ်ချုပ်ရေးနောက်ပိုင်း မြန်မာနိုင်ငံ၏ ဒီမိုကရေစီဆီ မရဲတရဲ လျှောက်လှမ်းမှု ခြေလှမ်းများကို ဖေဖေါ်၀ါရီ ၁ ရက် ၎င်း၏ အာဏာသိမ်းမှုက ရပ်ဆိုင်းသွားစေခဲ့သည်။အာဏာသိမ်းမှုကြောင့် အမေရိကန်နှင့် အခြား အနောက်နိုင်ငံများထံမှ ပြစ်တင်ရှုတ်ချမှုများ၊ အ‌ရေးယူဒဏ်ခတ်မှုများ ပေါ်ပေါက်ခဲ့သလို အိမ်နီးချင်းများအကြားတွင်လည်း စိုးရိမ်ပူပန်မှုများကို တိုးပွားစေခဲ့သည်။

စင်ကာပူနိုင်ငံခြား‌ရေး၀န်ကြီး ဗီဗီယန် ဘလာခရစ်ရှ်နန်က ပြောကြားခဲ့ရာတွင် အာဆီယံအုပ်စုရှိ ၎င်းနှင့် အခြားနိုင်ငံခြားရေး၀န်ကြီးများသည် အင်္ဂါနေ့တွင် ဗီဒီယိုကောလ် ကနေတစ်ဆင့် တွေ့ဆုံချိန် ပွင့်ပွင်းလင်းလင်း ဆွေးနွေးမည်ဖြစ်ပြီး မြန်မာတွင် အကြမ်းဖက်ဖြိုခွင်းမှုအတွက် တုန်လှုပ်ခြောက်ခြားမိကြောင်း မြန်မာစစ်တပ် ကိုယ်စားလှယ်ကို ပြောကြားသွားမည်ဟု ပြောခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် အာဏာသိမ်းစစ်အုပ်စုအကြား ဆွေးနွေးမှု လုပ်ဆောင်ရေး အာဆီယံအနေဖြင့် တိုက်တွန်းမည်ဟု ၎င်းက တနင်္လာနေ့ တီဗီ အင်တာဗျူးတစ်ခုတွင် ပြောခဲ့သည်။

“နိုင်ငံရေး ခေါင်းဆောင်ပိုင်း ရှိပါတယ်၊ အခြားတစ်ဖက်မှာလည်း စစ်တပ် ခေါင်းဆောင်ပိုင်း ရှိပါတယ်၊ သူတို့ ဆွေးနွေးဖို့ လိုပါတယ်၊ သူတို့ ဆွေး‌နွေးပွဲဖြစ်စေဖို့ ကျွန်တော်တို့ ကူညီပေးဖို့ လိုပါတယ်” ဟု ၎င်းက ပြောခဲ့သည်။

အာဆီယံနိုင်ငံများမှာ မြန်မာ၊ စင်ကာပူ၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယား၊ မလေးရှား၊ ဘရူနိုင်းနှင့် ဗီယက်နမ်တို့ ဖြစ်ကြသည်။

သို့ရာတွင် မြန်မာစစ်တပ်နှင့် အကြား ပတ်သက်ဆွေးနွေးရန် အာဆီယံ၏ အားထုတ်မှုသည် အာဏာသိမ်းဆန့်ကျင်ရေး လှုပ်ရှားမှု ပါ အဖွဲ့များထံမှ ပြင်းထန်သည့် ပြစ်တင်တုံ့ပြန်မှုနှင့်ရင်ဆိုင်ခဲ့ရသည်။ ထိုသို့ စစ်တပ်နှင့် ပတ်သက်ဆွေးနွေးမည့် အာဆီယံ၏ အားထုတ်မှုအပေါ် ပြစ်တင်ဝေဖန်သူများထဲတွင် အာဏာသိမ်းစစ်အုပ်စုကို ‘အကြမ်းဖက်’ အဖွဲ့အဖြစ် ကြေညာထားခဲ့သည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH လည်း ပါ၀င်သည်။

အာဆီယံအနေဖြင့် ‘ဤ တရားမ၀င်သော စစ်အစိုးရ’ နှင့်အကြား ပတ်သက်ဆက်ဆံမှု မရှိသင့်ကြောင်း CRPH ကော်မတီ၏ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ဒေါက်တာဆာဆာက ပြောသည်။

အလားတူ အာဆီယံအုပ်စုအနေဖြင့် စစ်အစိုးရနှင့် မဆွေးနွေးဘဲ ဒေါ်အောင်ဆန်းစုကြည် အစိုးရ၏ နိုင်ငံတကာ ကိုယ်စားလှယ်များနှင့်သာ ဆွေးနွေးသင့်ကြောင်း မြန်မာနိုင်ငံရှိ အာဆီယံ လူငယ်ပရိုဂရမ်များ၏ ကျောင်းသားဟောင်းများအဖွဲ့က ပြောသည်။

“အာဏာသိမ်းမှု ဒါမှမဟုတ် ရွေးကောက်ပွဲပြန်ကျင်းပပေးမယ်ဆိုတဲ့ စစ်အာဏာသိမ်းအုပ်စုရဲ့ ကတိအပေါ် မြန်မာပြည်သူလူထုက လုံးလုံးလျားလျား လက်သင့်မခံဘူးဆိုတာကို အာဆီယံအနေနဲ့ နားလည်ရပါလိမ့်မယ်” ဟု ယင်းက အာဆီယံသို့ ပေးပို့သည် စာတစ်စောင်ထဲတွင် ပြောထားသည်။

ဖိလစ်ပိုင် နိုင်ငံခြားရေး၀န်ကြီး တီယိုဒိုရို လော့ဆင်က တွစ်တာကနေတဆင့် ထုတ်ဖော်ရာတွင် အာဆီယံအနေဖြင့် မြန်မာနှင့်အကြား တည်ကြည်ပြတ်သားရမည်ဖြစ်ကြောင်း ပြောခဲ့သလို အဖွဲ့၀င်နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးကို ၀င်မစွက်ရေး မူ၀ါဒသည် ထိုနိုင်ငံတွင် အမှားလုပ်ရန်အတွက် အားလုံးအကျုံး၀င်သော ခွင့်ပြုချက် သို့မဟုတ် မပြောဘဲသိသာသော သဘောတူညီချက်တစ်ခု မဟုတ်ကြောင်း ပြောခဲ့သည်။

ထိန်းသိမ်းခံထားရသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို တနင်္လာနေ့က ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တရားရုံး ရုံးထုတ်ကြားနာမှုတစ်ခု လုပ်ဆောင်ခဲ့ပြီး တရားရုံးကြားနာမှုတွင် သူမသည် ကျန်းမာရေးကောင်းမွန်ပုံ ပေါ်ကြောင်း ၎င်း၏ ရှေ့နေများအနက် တစ်ဦးက ပြောသည်။ ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်းမှုနောက်ပိုင်း စွဲဆိုထားသည့် စွဲချက်များအပြင် ယမန်‌နေ့က စွဲချက်နှစ်ခု ထပ်တိုးခဲ့ကြောင်း ၎င်းက ပြောသည်။

နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံ၌ စစ်တပ်အာဏာသိမ်းမှုအတွင်း သူမနှင့် သူမ၏ ပါတီမှ အခြားခေါင်းဆောင်များ ထိန်းသိမ်းခံရပြီးနောက်ပိုင်း သူမအား အများပြည်သူလူမြင်ကွင်းရှေ့ မမြင်တွေ့ထားခဲ့ရပေ။

နိုင်ငံတွင် အာဏာသိမ်းမှုနောက်ပိုင်း လူပေါင်းရာနှင့်ချီ ဖမ်းဆီးခံထားရကြောင်း တက်ကြွလှုပ်ရှားသူများက ပြောသည်။ ယမန်နေ့ညပိုင်းက DVB သတင်းဌာနမှ ဂျာနယ်လစ်တစ်ဦးလည်း ဖမ်းဆီးခံခဲ့ရပြီး မြိတ်မြို့ရှိ ၎င်း၏ နေအိမ်တိုက်ခန်းအပြင်ဘက် လုံခြုံရေးတပ်ဖွဲ့၀င်များ ၎င်းအား လာရောက်ဖမ်းဆီးခဲ့ပုံကို ၎င်းက တိုက်ရိုက်လွှင့်ခဲ့သည်။ ထို ဖမ်းဆီးမှုကို DVB က အတည်ပြုခဲ့သည်။

နိုင်ငံတွင် လုံခြုံရေးတပ်ဖွဲ့၀င်များက လက်နက်မဲ့ ပြည်သူများကို သတ်ခြင်း နှင့် ဂျာနယ်လစ်များ၊ တက်ကြွလှုပ်ရှားသူများကို တိုက်ခိုက်ခြင်းတို့ ထပ်မံ လုပ်ဆောင်ပါက နောက်ထပ် အ‌ရေးယူမှုများ လုပ်ဆောင်သွားမည်ဟု အမေရိကန်က မြန်မာ စစ်အာဏာသိမ်းအုပ်စုကို တနင်္လာနေ့တွင် သတိပေးခဲ့သည်။ထိုသို့သော လုပ်ရပ်များသည် ‘စက်ဆုပ် ရွံရှာစရာ အကြမ်းဖက်မှု’ အဖြစ် နိုင်ငံခြားရေး၀န်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် နက်ဒ် ပရိုက်စ်က ပြောခဲ့သည်။

အာဏာသိမ်းမှုအတွက် တာ၀န်ရှိသူများအပေါ် နောက်ထပ် အရေးယူမှုများ လုပ်ဆောင်ရန် ဘိုင်ဒင်အစိုးရက ပြင်ဆင်နေကြောင်း အိမ်ဖြူတော် ပြန်ကြားရေးအတွင်း၀န် ဂျန် ဆာကီက ပြောခဲ့သည်။

မြန်မာနှင့်ပတ်သက်၍ ‘အလွန်ပြင်းပြ ထက်သန်သော ဆွေးနွေးမှုများ’ ပိုမိုလုပ်ဆောင်ရေး တွန်းအားပေးဆောင်ရွက်ရန် မတ်လတွင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၌ ၀ါရှင်တန်၏ အလှည့်ကျဥက္ကဋ္ဌဖြစ်မှုကို အသုံးချရန် သူမအနေဖြင့် မျှော်လင့်ထား‌ကြောင်း ကုလဆိုင်ရာ အမေရိကန်သံအမတ်ကြီး လင်ဒါ သောမတ်စ် ဂရင်းဖီးဒ်က တနင်္လာနေ့တွင် ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required