ဗန်နူတူတွင် တရားမဝင်ငါးဖမ်းသော တရုတ်သင်္ဘော ကပ္ပတိန် ထောင်ဒဏ်ချမှတ်ခံရမည့်အရေးနှင့် ရင်ဆိုင်နေရ

By Just Earth News
25 February 2021
ဗန်နူတူတွင် တရားမဝင်ငါးဖမ်းသော တရုတ်သင်္ဘော ကပ္ပတိန် ထောင်ဒဏ်ချမှတ်ခံရမည့်အရေးနှင့် ရင်ဆိုင်နေရ

တရုတ်ငါးဖမ်းသင်္ဘော နှစ်စီး၏ ကပ္ပတိန်များသည် တောင်ပစိဖိတ် သမုဒ္ဒရာအတွင်းရှိ ဗန်နူတူ ကျွန်းနိုင်ငံတွင် တရားမဝင် ငါးဖမ်းမှုနှင့် မျှောပိုက်များ သယ်ဆောင်လာသည်ဟူသော စွပ်စွဲချက်များကြောင့် ထောင်ဒဏ်ငါးနှစ်နှင့် ဒေါ်လာသန်းပေါင်းများစွာ ဒဏ်ငွေဆောင်ရမည့် အရေးနှင့် ရင်ဆိုင်နေရသည်။

အဆိုပါ စွပ်စွဲပြောဆိုမှုများမှာ အခြေအမြစ် မရှိကြောင်းနှင့် “မိမိတို့၏ သင်္ဘောများက ဗန်နူတူ ရေပိုင်နက်အတွင်း မည်သည့်အချိန်ကမျှ စီးပွားဖြစ် ငါးဖမ်းခဲ့ခြင်း မရှိပါ” ဟု သင်္ဘောပိုင်ရှင်များက ငြင်းဆိုထားသည်။ ဒွန် ဂန်ရှင်း ၁၃ နှင့် ဒွန် ဂန်ရှင်း ၁၆ အမည်ရ အဆိုပါ သင်္ဘောများမှ အရာရှိ ၁၄ ဦးအား ရဲစခန်း အချုပ်ခန်းအတွင်း တစ်လကျော်ကြာ ထိန်းသိမ်းထားပြီးနောက် လွန်ခဲ့သော အင်္ဂါနေ့တွင် အာမခံဖြင့် ပြန်လွှတ်ပေးခဲ့သည်။

ငါးဖမ်းသမားများအား ဗန်နူတူမြောက်ဖက် ရေပိုင်နက်အနီးတွင် ဇန်နဝါရီလအတွင်း ကြားဖြတ်ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး စုံစမ်းစစ်ဆေးမှုများနှင့် တရားစွဲဆိုမှုများ မပြုမီတွင် ၁၄ ရက်ကြာ သီးခြားထိန်းသိမ်းထားခဲ့သည်ဟု အဆိုပါသတင်းတွင် ဖော်ပြထားသည်။

ဤဖြစ်ရပ်တွင် ပါဝင်သူများအား ဗန်နူတူ ရေလုပ်ငန်းအက်ဥပဒေပါ ပြစ်မှုများဖြင့် တရားစွဲဆိုထားခြင်းဖြစ်သည်။ အဆိုပါ ပြစ်မှုများတွင် တရားမဝင် ငါးဖမ်းခြင်းနှင့် ရေမျှောပိုက်များ လက်ဝယ်ပိုင်ဆိုင်ခြင်းတို့လည်း ပါဝင်သည်ဟု ဂါးဒီးယန်းသတင်းတွင် ဖော်ပြထားသည်။

သို့သော် သင်္ဘောပိုင်ရှင်ဖြစ်သည့် Mega East Ocean Fishing လုပ်ငန်းက တရားမဝင် ငါးဖမ်းသည်ဟုဆိုကာ ရုံးတင်စစ်ဆေးခြင်းမှာ တရားမျှတမှုမရှိဟု ပြောဆိုထားသည်။ အဆိုပါသင်္ဘောနှစ်စီးစလုံးကို ဖမ်းဆီးစဉ်အချိန်က အခွံသက်သက်သာဖြစ်သည်ဟု ကုမ္ပဏီကိုယ်စားလှယ်များက ဂါးဒန်းယန်းသတင်းဌာနသို့ ပြောကြားထားသည်။

“မိမိတို့၏ သင်္ဘောများသည် ဗန်နူတူ ရေပိုင်နက်များအတွင်း စီးပွားဖြစ် ငါးဖမ်းဖူးခြင်းမရှိပါ” ဟု ဂါးဒီးယန်းသို့ အဆိုပါ ကုမ္ပဏီက ပေးပို့သော ကြောငြာချက်တွင် ဖော်ပြထားသည်။

“သင်္ဘောများ၏ တည်နေရာအား အာဏာပိုင်များသို့ အချိန်ပြည့် ပြသပေးထားပြီး ရေပိုင်နက်အတွင်းသို့ ဝင်ရောက်ခြင်းမှာ မီဒီယာ သတင်းဌာနများက ဖော်ပြထားသကဲ့သို့ အန္တရာယ်ပြုရန်နှင့် မကောင်းသော ရည်ရွယ်ချက်များအတွက် မဟုတ်ပါ” ဟုလည်း ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly