အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ရန်ကုန်ရုံးချုပ်ကို စစ်တပ်နဲ့ ရဲက ဝင်ရောက်စီးနင်းခဲ့တာကို အရေးယူဖို့ ဗဟန်းရဲစခန်းမှာ အမှုဖွင့်ထားပေမယ့် ဒီကနေ့အချိန်ထိ သက်သေခံပစ္စည်းတွေကို လာရောက်စစ်ချက်ယူတာ မရှိသေးဘူးလို့ NLD ပါတီဝင် ဦးစိုးလေးက ပြောပါတယ်။
ရန်ကုန်ရုံးချုပ်မှာ ဖေဖော်ဝါရီလ ၂၃ ရက်နေ့ နေ့လည်ပိုင်း သတင်းစာရှင်းလင်းပွဲလုပ်ပြီး ရန်ကုန်ရုံးချုပ် တာဝန်ရှိသူ ဦးစိုးလေးက သတင်းထောက်တွေကို ပြောကြားခဲ့တာ ဖြစ်ပါတယ်။
ဒီကနေ့ ရှင်းပွဲမှာ ဝင်ရောက်စီးနင်းတုန်းက ဖျက်စီးခံလိုက်ရတဲ့ တံခါးသော့တွေနဲ့ သက်သေခံပစ္စည်းတချို့ကိုလဲ သတင်းထောက်တွေကို ပြခဲ့ပါတယ်။
NLD ပါတီ ရန်ကုန်ရုံးချုပ်ကို စစ်တပ်နဲ့ ရဲက ပြီးခဲ့တဲ့ဖေဖော်ဝါရီလ ၉ ရက်နေ့ညမှာ ဝင်ရောက်စီးနင်းခဲ့တာဖြစ်ပြီး ဗဟန်းမြို့မရဲစခန်းက (ပ/၃၂) နဲ့ ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ အမှုကို လက်ခံခဲ့တာ ဖြစ်ပါတယ်။