ဖေဖေါ်၀ါရီ ၂၁
ဖေ့ဘွတ်ခ် (Facebook) သည် အကြမ်းဖက်မှု နှိုးဆွလှုံ့ဆော်ခြင်းအပေါ် တားမြစ်သည့် ယင်း၏ စံနှုန်းများအောက်တွင် မြန်မာစစ်တပ်၏ အဓိကစာမျက်နှာ (page) ကို ဖေဖေါ်၀ါရီ ၂၁ ရက်တွင် ဖျက်သိမ်းလိုက်ပြီ ဖြစ်သည်။
မြန်မာနိုင်ငံတွင် ဖေဖေါ်၀ါရီ ၁ ရက် အာဏာသိမ်းမှုအပေါ် ဆန့်ကျင်ဆန္ဒထုတ်ဖော်သည့် ဆန္ဒပြပွဲတစ်ခု၌ ရဲများ၏ ပစ်ခတ်ဖြိုခွင်းခဲ့မှုကြောင့် ဆန္ဒပြသူနှစ်ဦး သေဆုံးခဲ့သည့် ဖြစ်စဉ်တစ်ရပ် ဖြစ်ပွားပြီးနောက် တစ်ရက်အကြာတွင် မြန်မာစစ်တပ်၏ ဖေ့ဘွတ်ခ် စာမျက်နှာကို ဖြုတ်သိမ်းလိုက်ကြောင်း အမေရိကန် ဆိုရှယ်မီဒီယာ ကုမ္ပဏီက ပြောသည်။
“အကြမ်းဖက်မှုဖြစ်အောင် လှုံ့ဆော်မှုအပေါ် တားမြစ်တဲ့ ကျွန်တော်တို့ရဲ့ လူအုပ်စုအဖွဲ့ဆိုင်ရာ စံနှုန်းတွေကို ထပ်တလဲလဲ ချိုးဖောက်ခဲ့မှုအတွက် တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့ စာမျက်နှာကို ဖေ့ဘွတ်ခ်ပေါ်ကနေ ကျွန်တော်တို့ ဖယ်ရှားလိုက်ပါပြီ၊ ကျွန်တော်တို့ရဲ့ ကမ္ဘာလုံးဆိုင်ရာ မူ၀ါဒတွေအတိုင်း လုပ်ဆောင်ခဲ့တာပါ။”ဟု ဖေ့ဘွတ်ခ် ကိုယ်စားလှယ်တစ်ဦးက ထုတ်ပြန်ပြောကြားသည်။
တပ်မတော်ဟု သိကြသည့် မြန်မာစစ်တပ်၏ သတင်းမှန် ပြန်ကြားရေး စာမျက်နှာကို တနင်္ဂနွေနေ့တွင် ဖေ့ဘွတ်ခ်တွင် မြင်တွေ့ရတော့ခြင်း မရှိပေ။
ယင်းနှင့်ပတ်သက်ပြီး သဘောထားမှတ်ချက်ပေးရန် ရိုက်တာ၏ ဖုန်းခေါ်ဆက်သွယ်မှုကို စစ်တပ်ပြောရေးဆိုခွင့်ရှိသူက တုံ့ပြန်မဖြေကြားခဲ့ပေ။
မန္တလေးမြို့တွင် စစ်တပ် အာဏာသိမ်းမှုအပေါ် ဆန့်ကျင် ဆန္ဒထုတ်ဖော်နေခဲ့ကြသူများကို ယမန်နေ့က ရဲများနှင့် စစ်သားများက ပစ်ခတ်ဖြိုခွင်းခဲ့ရာ လူနှစ်ဦး သေဆုံးခဲ့သည်ဟု အရေးပေါ် ကယ်ဆယ်ရေးလုပ်သားများက ပြောသည်။ ထိုဖြစ်စဥ်သည် နိုင်ငံတွင် နှစ်ပတ်ကျော်ကြာ ဆန္ဒပြမှုများအတွင်း သွေးထွက်သံယိုအများဆုံးနေ့ ဖြစ်ခဲ့သည်။
ဖေ့ဘွတ်ခ်သည် အွန်လိုင်းပေါ် အမုန်းတရား ဖြန့်မှု ကမ်ပိန်းများကို ထိန်းချုပ်ရန် ပျက်ကွက်မှုအတွက် နိုင်ငံတကာ၏ အကြီးအကျယ် ဝေဖန်မှုအောက် ကျရောက်ခဲ့ပြီးနောက် မကြာသေးခင် နှစ်များအတွင်း ဖေ့ဘွတ်ခ်သည် မြန်မာရှိ အရပ်ဘက်အခွင့်အရေး တက်ကြွလှုပ်ရှားသူများ၊ ဒီမိုကရေစီနည်းကျ နိုင်ငံရေးပါတီများနှင့် နားလည်မှုရှိစွာ ဆက်ဆံခဲ့ပြီး စစ်တပ်ကို ဆန့်ကျင်တားဆီးထားခဲ့သည်။
၂၀၁၈ ခုနှစ်က ဖေ့ဘွတ်ခ်သည် မြန်မာစစ်တပ်အကြီးအကဲ၊ လက်ရှိ အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် အခြား အဆင့်မြင့်အရာရှိ ၁၉ ဦးနှင့် အဖွဲ့အစည်းများကို ပိတ်ပင်ခဲ့သည်။ ထို့ပြင် ထိန်းချုပ်ညှိနှိုင်းပြီး အစစ်အမှန်မဟုတ်သော အပြုအမူများအတွက် စစ်တပ်အဖွဲ့၀င်များ စီမံကိုင်တွယ်သော စာမျက်နှာများနှင့် အကောင့်ပေါင်း ရာနှင့်ချီတို့ကိုလည်း ဖေ့ဘွတ်ခ်က ဖြုတ်ချခဲ့သည်။
နို၀င်ဘာ ရွေးကောက်ပွဲ မတိုင်မီကလည်း စစ်တပ် တပ်ဖွဲ့၀င်များ ကိုင်တွယ်ပြီး စစ်တပ်အပေါ် အကောင်းမြင်ရေးသားသည့် သို့မဟုတ် ဒေါ်အောင်ဆန်းစုကြည်နှင့် သူမပါတီကို ဝေဖန်ရေးသားသည့် အကောင့်နှင့် စာမျက်နှာ အတု ၇၀ ပါ ကွန်ရက်တစ်ခုကို ဖြုတ်ချခဲ့ကြောင်း ဖေ့ဘွတ်ခ်က ကြေညာခဲ့သည်။