မြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ် ပြန်သွားရေး ‘Quad’ မဟာမိတ်အဖွဲ့ တိုက်တွန်း

မြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ် ပြန်သွားရေး ‘Quad’ မဟာမိတ်အဖွဲ့ တိုက်တွန်း
Photo: AFP

ဖေဖေါ်၀ါရီ ၁၉

အမေရိကန်၊ သြစတြေးလျ၊ အိန္ဒိယနှင့် ဂျပန်တို့ ပါ၀င်သည့် ‘Quad’ မဟာမိတ်အဖွဲ့က အာရှဒေသတွင် ဒီမိုကရေစီစနစ် ခိုင်မာအားကောင်းရေးနှင့် မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းမှု နောက်ပြန်လှည့်ပြီး ဒီမိုကရေစီစနစ် ပြန်သွားရေးတို့အတွက် ဖေဖေါ်၀ါရီ ၁၈ ရက်တွင် ပူးတွဲ တိုက်တွန်း‌တောင်းဆိုခဲ့ကြသည်။

တရုတ်၏ ကန့်ကွက်မှုများ ရှိနေလင့်ကစား ‘Quad’ ဟု ခေါ်သော မဟာမိတ်အဖွဲ့၏ ဖြစ်တည်မှုကို အမေရိကန်သမ္မတ ဘိုင်ဒင် အစိုးရက ထပ်လောင်းအားပေးကြိုးပမ်းခဲ့ခြင်း ဖြစ်သည်။

တရုတ်ကို တိကျပြတ်သားစွာ မဖော်ပြထားသည့် အမေရိကန်၏ ထုတ်ပြန်ချက်တစ်စောင်အရ အမေရိကန်နိုင်ငံခြားရေး၀န်ကြီး အန်တိုနီ ဘလင့်ကန်သည် ကျန် မဟာမိတ်အဖွဲ့၀င်များမှ နိုင်ငံခြားရေး၀န်ကြီးများနှင့် ဆွေးနွေးပြောဆိုခဲ့ရာတွင် ကိုဗစ်-၁၉ နှင့် ရာသီဥတု ပြောင်းလဲမှု တိုက်ဖျက်ရေးဆိုင်ရာ ဘိုင်ဒင်၏ ဦးစားပေးကိစ္စများကို အလေးပေးဆွေးနွေးခဲ့သည်ဟု ဆိုသည်။

ထို့ပြင် မြန်မာနိုင်ငံတွင် ဒီမိုကရေစီနည်းကျ ရွေးကောက်ခံထားရသည့် အစိုးရ မူလအတိုင်း အာဏာပြန်ရရေး အရေးတကြီး လိုအပ်မှု နှင့် ကျယ်ပြန့်သော ဒေသတွင်း၌ ဒီမိုကရေစီ၏ ဒဏ်ခံနိုင်မှုကို အားကောင်းစေရေး ဦးစားပေးကိစ္စရပ်တို့ကို Quad မဟာမိတ်အဖွဲ့၀င် နိုင်ငံများမှ နိုင်ငံခြားရေး၀န်ကြီးများ ဆွေးနွေးခဲ့သည်ဟု အမေရိကန်နိုင်ငံခြား‌ရေး၀န်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ နက်ဒ် ပရိုက်စ် က ပြောသည်။

ဂျပန် နိုင်ငံခြားရေး၀န်ကြီး တိုရှီမိဆု မိုတဲဂီကလည်း ဖေဖေါ်၀ါရီ ၁ ရက် အာဏာသိမ်းမှု၌ ထိန်းသိမ်းခံထားရသည့် ‌ရွေးကောက်ခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးရန်နှင့် အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြပွဲများကို ဦးဆောင်နေသော အရပ်သားများအပေါ် အကြမ်းဖက်ဖြိုခွင်းမှုများ ချက်ချင်း ရပ်ဆိုင်းရန် မြန်မာစစ်တပ်ကို ပြင်းပြင်းထန်ထန် တိုက်တွန်းခဲ့သည်ဟု ဂျပန်အစိုးရက ပြောသည်။

ဘိုင်ဒင် ဦးဆောင်သည့် အမေရိကန်အစိုးရကလည်း မြန်မာအပေါ် ဖိအားပေးမှု ကမ်ပိန်းတွင် မြန်မာ စစ်ဗိုလ်ချုပ်ကြီးများနှင့် ဖော်ရွေသည့် ဆက်ဆံရေး ရှိသည့် ဂျပန် ၊ အိန္ဒိယ တို့နှင့် နီးနီးကပ်ကပ် ပူးပေါင်းလုပ်ဆောင်မှု ပါ၀င်လိမ့်မည်ဖြစ်ကြောင်း ပြောခဲ့သည်။

မြန်မာအပေါ် အရေးယူမှုအသစ်များ ချမှတ်ရန် အနောက်အုပ်စုနိုင်ငံများ၏ အားထုတ်မှုများနှင့် ကင်းကွာစွာ ရှိနေခဲ့သည့် အိန္ဒိယသည် Quad အုပ်စု ဆွေး‌နွေးမှုအတွင်း ယင်း၏ ထုတ်ပြန်ချက်တွင် ပိုမို သတိရှိနေခဲ့ပြီး တရားဥပဒေစိုးမိုးမှု နှင့် ဒီမိုကရေစီ ကူးပြောင်းမှုကို ထိန်းသိမ်းရေးအတွက် အိန္ဒိယနိုင်ငံခြားရေး၀န်ကြီး ဆူဘရာမန်ယမ် ဂျိုင်ရှန်ကာက အလေးပေးပြောခဲ့သည်။

Quad အဖွဲ့၀င် နိုင်ငံများ၏ ၀န်ကြီးများသည် အနည်းဆုံး တစ်နှစ်တစ်ကြိမ် တွေ့ဆုံရန် သဘောတူခဲ့ကြသည်။ ၎င်းတို့ နောက်ဆုံး တွေ့ဆုံခဲ့မှုက အောက်တိုဘာလက တိုကျို၌ တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး ထိုစဥ်က ဘလင့်ကန်၏ အရင်လူ မိုက် ပွန်ပဲယိုးက ဒေသတွင်း၌ ပေကျင်း၏ ကိုယ်ကျိုးရှာမှု၊ အကျင့်ပျက်မှုနှင့် အကျပ်ကိုင်မှုတို့ကို တားဆီးရန် မဟာမိတ်အုပ်စုကို တိုက်တွန်းခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly