ထိုင်၀မ်သားများ မြန်မာနိုင်ငံမှ ထွက်ခွာနိုင်ရန် လေယာဉ်ခရီးစဉ်များ ထိုင်၀မ်အာဏာပိုင်များ စီစဉ်ပေး

By Focus Taiwan
17 February 2021
ထိုင်၀မ်သားများ မြန်မာနိုင်ငံမှ ထွက်ခွာနိုင်ရန် လေယာဉ်ခရီးစဉ်များ ထိုင်၀မ်အာဏာပိုင်များ စီစဉ်ပေး
Photo: EPA

ဖေဖော်၀ါရီ ၁၇

မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာလိုသည့် ထိုင်၀မ်သူထိုင်၀မ်သားများအတွက် လေယာဉ်ခရီးစဉ်နှစ်ခု ထိုင်၀မ်အာဏာပိုင်တို့ဘက်မှ စီစဉ်ပေးထားကြောင်း မြန်မာနိုင်ငံရှိ တိုင်ပေ စီးပွားရေးနှင့် ယဉ်‌ကျေးမှုရုံး (TECO) က ထုတ်ပြန်ပြောကြားသည်။

ထိုင်၀မ်၏ အဓိက လေကြောင်းကုမ္ပဏီ China Airlines (CAL) က စီမံခန့်ခွဲသည့် လေယာဥ်ခရီးစဥ်နှစ်ခုသည် ဖေဖော်၀ါရီ ၂၁ ရက်နှင့် ၂၈ ရက်တို့တွင် တိုင်ပေမှ ရန်ကုန်သို့ အသွားအပြန် ပျံသန်းရန် စီစဥ်ထားကြောင်း TECO ရုံး၏ တနင်္လာနေ့ သတင်းထုတ်ပြန်ချက်တွင် ဖော်ြပထားသည်။

အဆိုပါ လေယာဥ်ခရီးစဥ်များဖြင့် လိုက်ပါလိုသည့် ထိုင်၀မ်သားများအနေဖြင့် အသေးစိတ် သိရှိလိုပါက CAL ထံ ဆက်သွယ်ရမည်ဖြစ်ကြောင်းလည်း ယင်းတွင် ဖော်ပြသည်။

နိုင်ငံရှိ ထိုင်၀မ် သံရုံးအဖြစ် ရှိနေသည့် TECO သည် လက်ရှိအချိန်ကာလ မြန်မာ့နိုင်ငံရေးအခြေအနေနှင့်ပတ်သက်ပြီး အတည်မပြုနိုင်သည့် သတင်းအချက်အလက်များ အွန်လိုင်းပေါ် ပျံ့နှံ့လျက်ရှိစဥ် မြန်မာနိုင်ငံရှိ ထိုင်၀မ်သူ ထိုင်၀မ်သားများ ဆက်ပြီး တည်တည်ငြိမ်ငြိမ် ရှိနေကြရန် တိုက်တွန်းထားသည်။

ထိုင်၀မ်သားများအနေဖြင့် အရေးပေါ်ကိစ္စများအတွက် (၉၅) ၉-၂၅၇-၂၅၇-၅၇၅ ကို ခေါ်ဆိုပြီး ရုံးသို့ ဆက်သွယ်နိုင်ကြောင်း TECO က ပြောသည်။ ထို့ပြင် မြန်မာနိုင်ငံရှိ အခြေအနေနှင့်ပတ်သက်ပြီး ယင်း၏ ၀က်ဘ်ဆိုဒ်တွင် အချိန်နှင့်တပြေးညီ ထုတ်ပြန်ပေးမည်ဟုလည်း ယင်းက ပြောသည်။

မြန်မာနိုင်ငံတွင် ဖေဖော်၀ါရီ ၁ ရက်က စစ်တပ်က အရပ်သားအစိုးရထံမှ အာဏာသိမ်းယူထားခဲ့ပြီးနောက်ပိုင်း မြန်မာရှိ ထိုင်၀မ် ကုမ္ပဏီများ၏ လုပ်ငန်းလည်ပတ်မှုများသည် တစ်ဖြည်းဖြည်းချင်း ပုံမှန်ပြန်ဖြစ်ထားခဲ့သော်လည်း အချို့သော အရောင်းအ၀ယ် ကုန်သွယ်လုပ်ငန်း ကုမ္ပဏီများသည် နိုင်ငံရေး မတည်ငြိမ်မှုကြောင့် ကုန်စည် ပို့ဆောင်မှုတွင် ပြဿနာအခက်အခဲများ ကြုံတွေ့ထားခဲ့ရသည်ဟု TECO က ပြောသည်။

မြန်မာနိုင်ငံတွင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ခံထားရသည့် ခေါင်းဆောင်များကို ဖမ်းဆီးထိန်းသိမ်းပြီး စစ်တပ်က အာဏာသိမ်းခဲ့ပြီးနောက် ယခုအခါ နိုင်ငံတ၀န်း စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲများ ဖြစ်ပေါ်လျက် ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly