မြစ်ကြီးနားမှာ ဆန္ဒပြသူတွေကို စစ်တပ်က ပစ်ခတ်ဖြိုခွင်း၊ ဂျာနယ်လစ်တွေကို ဖမ်းဆီး

 မြစ်ကြီးနားမှာ ဆန္ဒပြသူတွေကို စစ်တပ်က ပစ်ခတ်ဖြိုခွင်း၊ ဂျာနယ်လစ်တွေကို ဖမ်းဆီး

မကြာသေးတဲ့ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြမှုတွေကို ဖြိုခွင်းမယ့် စစ်တပ်ရဲ့ လှုပ်ရှားဆောင်ရွက်မှု သတင်းတွေ ထွက်ပေါ်လာချိန်မှာပဲ မြစ်ကြီးနားမြို့က ဆန္ဒပြလူအုပ်တစ်ရပ်ကို စစ်တပ်က ပစ်ခတ်ပြီး ဂျာနယ်လစ်တွေကိုလည်း ဖမ်းဆီးပါတယ်။

နိုင်ငံရဲ့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လည်လွှတ်ပေးရေး တောင်းဆိုတဲ့ ကြီးထွားလာတဲ့ မြို့ပြအာဏာဖီဆန်မှု CDM လှုပ်ရှားမှုကို စစ်တပ်ဟာ မကြာသေးခင်ကစပြီး အရှိန်မြှင့်ဖိနှိပ်လာပါတယ်။

မြစ်ကြီးနားမြို့မှာ မနေ့ညက လျှပ်စစ်ဓာတ်အားပေးစက်ရုံကို ပိတ်ပစ်မယ့် ကောလဟလတွေကြောင့် စုရုံးရောက်ရှိတဲ့ လူစုကို စစ်တပ်ဟာ မျက်ရည်ယိုဓာတ်ငွေ့တွေ သုံးပြီးနောက်မှာ ပစ်ခတ်တော့တာ ဖြစ်ပါတယ်။

ဒီ ဖြိုခွင်းမှုမှာ လူ ဘယ်လောက် ထိခိုက်ဒဏ်ရာရတယ်ဆိုတာကို မသိရကြောင်း အခင်းဖြစ်ရာမှာ ရှိနေတဲ့ သတင်းထောက်တစ်ဦးက ပြောပါတယ်။

“ရဲတွေက ရာဘာကျည်နဲ့လား ကျည်စစ်နဲ့ ပစ်သလားဆိုတာ ကျွန်တော်တို့ မသိဘူး”လို့ အဲဒီ သတင်းထောက်က ဆိုပါတယ်။

ဒီနောက်မှာ ရဲတွေဟာ ဖြစ်ပွားရာနေရာက သတင်းထောက် ငါးဦးကို ဖမ်းဆီးသွားခဲ့တယ်လို့ မြို့အခြေစိုက်သတင်းမီဒီယာအရ သိရပါတယ်။

စီးပွားရေးအချက်အခြာ ရန်ကုန်မြို့မှာလည်း မနေ့က နေလယ်ခင်းပိုင်းအချိန်မှာပဲ မြို့တွင်းလမ်းတွေထဲ စစ်သံချပ်ကာယာဉ်တွေ ဝင်ရောက်လာပါတယ်။ နောက်ပြီး စစ်တပ်ဖြန့်ကြက်ချထားတာတွေကိုလည်း လူမှုမီဒီယာဗီဒီယိုတွေအရ မြင်တွေ့ရပါဝယ်။

အရပ်သားတွေကို ထိခိုက်နာကျင်အောင် မလုပ်ဖို့ လုံခြုံရေးတပ်တွေကို အမေရိကန်၊ ဗြိတိန်နဲ့ အီးယူသံအမတ်ကြီးတွေက ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

“တရားဝင် အစိုးရ ဖြုတ်ချခံရတာကို ကန့်ကွက်တဲ့ ဆန္ဒပြသူတွေကို အကြမ်းဖက်တာမျိုး မလုပ်ဖို့ လုံခြုံရေးတပ်တွေကို ကျွန်တော်တို့ တိုက်တွန်းပါတယ်”လို့ အီးယူနဲ့ ဗြိတိန်တို့ လက်မှတ်ရေးထိုးတဲ့ ထုတ်ပြန်ချက်တစ်ရပ်ကလည်း ဆိုထားပါတယ်။

အမေရိကန် သံရုံးက သူ့နိုင်ငံသားတွေကို ဘေးကင်းရာမှာ နေဖို့ အကြံပေးထားပြီး နောက်ထပ် အင်တာနက်ဖြတ်တောက်မှုတွေ ဖြစ်လာမယ်လို့လည်း သတိပေးထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly