စစ်အာဏာသိမ်းမှု ပြောင်းပြန်ဖြစ်စေပြီး ကမ္ဘာကြီးစည်းလုံးညီညွတ်အောင်ကြိုးပမ်းမည်ဟု ကုလအတွင်းရေးမှူးချုပ် ပြော

စစ်အာဏာသိမ်းမှု ပြောင်းပြန်ဖြစ်စေပြီး ကမ္ဘာကြီးစည်းလုံးညီညွတ်အောင်ကြိုးပမ်းမည်ဟု ကုလအတွင်းရေးမှူးချုပ် ပြော

ဖေဖော်ဝါရီ ၆ 

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က ကုလသမဂ္ဂအနေဖြင့် မြန်မာနိုင်ငံအတွင်း စစ်အာဏာသိမ်းမှုကို ပြောင်းပြန်ဖြစ်သွားစေရန်နှင့် နိုင်ငံတကာအသိုက်အဝန်းကို စည်းလုံးညီညွတ်သွားစေရန် ဘာမဆို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သောကြာနေ့က ကတိပြုပြောကြားလိုက်သည်။ 

ဂူတာရက်စ်က ဒီမိုကရေစီပြန်လည်ထူထောင်ရန်၊ နိုဝင်ဘာရွေးကောက်ပွဲရလဒ်များကို လေးစားရန်နှင့် စစ်တပ်က ထိန်းသိမ်းထားသူများအားလုံးကို ပြန်လွှတ်စေရန်အတွက် လုံခြုံရေးကောင်စီ၏ တောင်းဆိုမှုများ ပြုလုပ်ရန် မဖြစ်မနေလိုအပ်ကြောင်း သတင်းစာရှင်းလင်းပွဲ၌ပြောကြားခဲ့ပြီး ဖြစ်ပွားခဲ့သော အာဏာသိမ်းမှုကို ပြောင်းပြန်စေလိုသော အဓိပ္ပါယ်သက်ရောက်ပေသည်။ ဂူတာရက်စ်က ၎င်းတို့အနေဖြင့် ရှေ့ဆက်လုပ်ဆောင်သွားရန်လိုအပ်ကြောင်း၊ အာဏာသိမ်းမှုပြောင်းပြန်ဖြစ်စေရေးအတွက် ဖြစ်နိုင်သမျှ နယ်ပယ်အားလုံးကို ဖိအားပေးသွားရန် လိုအပ်သည်ဟု ယုံကြည်ကြောင်း ပြောဆိုခဲ့သည်။ 

အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် ခရစ္စတင်း ရှာရန်နာဘာဂျီနာသည် စစ်တပ်နှင့်ပထမဆုံးဆက်သွယ်မှုရခဲ့ပြီး ကုလအနေဖြင့် အာဏာသိမ်းမှုကို ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း ပြောကြားခဲ့သည်ဟု ဂူတာရက်စ်က ပြောသည်။ 

ကုလသမဂ္ဂပြောရေးဆိုခွင့်ရှိသူ စတက်ဖ်နီဒူဂျာရစ်၏ အဆိုအရ ခရစ္စတင်း ရှာရန်နာဘာဂျီနာသည် နိုင်ငံအတွင်းက ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုကို အနှောင့်အယှက်ဖြစ်စေသည့် စစ်တပ်၏လုပ်ရပ်ကို ကုလအတွင်းရေးမှူးချုပ်က ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း  ဒုတပ်ချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းကို ထပ်တလဲလဲပြောခဲ့သည်ဟု ဆိုသည်။ 

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် ရှာရန်နာ ဘာဂျီနာက ဖမ်းဆီးထိန်းသိမ်းထားသူများကို ချက်ချင်းပြန်လွှတ်ရန်နှင့် ရိုဟင်ဂျာ (မူရင်း) များ ဘေးကင်းရေးနှင့် ဆန္ဒအလျောက်နေရပ်ပြန်နိုင်ရေးအတွက် လိုအပ်ကြောင်းလည်း အလေးပေးပြောကြားခဲ့သည်ဟု ဆိုသည်။

သောကြာနေ့ကလည်း မလေးရှားဝန်ကြီးချုပ် မူရီဒင်ယာဆင်းနှင့် အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုတို့ ဂျကာတာတွင်တွေ့ဆုံခဲ့ပြီး အာဏာသိမ်းမှုသည် မြန်မာ့ဒီမိုကရေစီအသွင်ကူးပြောင်းမှုကို နောက်ပြန်လှည့်သည့် ခြေလှမ်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံအတွင်း နိုင်ငံရေးမငြိမ်သက်မှုသည် ဒေသတွင်း၏ လုံခြုံရေးနှင့်တည်ငြိမ်မှုကို အနှောင့်အယှက်ဖြစ်စေမည်ကို စိုးရိမ်သည်ဟု ပြောဆိုခဲ့ကြသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required