ဘန်ကောက်ဗုံးခွဲမှု တရားခံနှစ်ဦးကို ထိုင်း စစ်ခုံရုံးတင် တရားစွဲပြီ

ဘန်ကောက်ဗုံးခွဲမှု တရားခံနှစ်ဦးကို ထိုင်း စစ်ခုံရုံးတင် တရားစွဲပြီ

ဘန်ကောက်၊ နိုဝင်ဘာ -၂၄ ။          ။ လူပေါင်း ၂၀ သေဆုံးခဲ့ပြီး ၁၂၀ကျော် ဒဏ်ရာရရှိခဲ့သည့် ဘန်ကောက်မြို့လယ် ဗုံးခွဲမှုကို လုပ်ဆောင်ခဲ့သည်ဟု အစွပ်စွဲခံရသည့် အမျိုးသားနှစ်ဦးကို ထိုင်းနိုင်ငံ စစ်ခုံရုံးတစ်ခုက နိုဝင်ဘာ ၂၄ရက်နေ့တွင် တရားဝင်ရုံးထုတ် တရားစွဲဆိုခဲ့သည်။

သြဂုတ်လ ၁၇ ရက်နေ့က ဧရာဝဏ်ဘုရားကျောင်းတွင် ဗုံးခွဲတိုက်ခိုက်မှုမှာ ဆယ်စုနှစ်များစွာအတွင်း ဘန်ကောက်မြို့တော်တွင် လူသေဆုံးမှုအများဆုံး အကြမ်းဖက်လုပ်ရပ်တစ်ခုပင် ဖြစ်သည်။ အာဏာပိုင်များကမူ နိုင်ငံ၏ ခရီးသွားလုပ်ငန်းကြီးကို ထိခိုက်မည်စိုးသောကြောင့် အကြမ်းဖက်သမားတို့၏ လုပ်ရပ်ဟု သတ်မှတ်ရန် တွန့်ဆုတ်နေသည်။

ဘီလယ် မိုဟာမက်နှင့် မီရိုင်းလီ ယူဆူဖုဟု အမည်ရသည့် သံသယရှိသူနှစ်ဦးကို ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်သည့် အမှု၁၀မှုဖြင့် စွဲချက်တင်ခဲ့သော်လည်း အကြမ်းဖက်မှုစွဲချက် တစ်ခုတစ်လေမျှပင် မပါဝင်ခဲ့ပေ။ စွဲချက်များထဲတွင် ဗုံးဖောက်ခွဲရန် လျှို့ဝှက်ကြံစည်မှု၊ ကြိုတင်ကြံစည် လူသတ်မှုကျူးလွန်မှု စသည်တို့ပါဝင်သည်ဟု တရားခံရှေ့နေ ချူချာ့ ကန်ပိုင်က ပြောကြားခဲ့သည်။

အာဏာပိုင်များ၏ ဖော်ပြချက်အရ တရားခံနှစ်ယောက်စလုံးမှာ တရုတ်နိုင်ငံအနောက်ပိုင်း ရှင်ကျန်းဒေသမှ ဝီဂါမျိုးနွယ်စုဝင်များဖြစ်သည်ဟု ဆိုသည်။ ဗုံးခွဲမှုမှာ ထိုင်းအာဏာပိုင်များက ၎င်းတို့၏ လုပ်ငန်းများကို ဖြိုခွင်းမှုအပေါ် လက်စားခြေလိုသည့် လူမှောင်ခိုဂိုဏ်းများက လုပ်ဆောင်ခြင်းဖြစ်သည်ဟု အာဏာပိုင်များက ပြောကြားခဲ့သည်။  

တိုက်ခိုက်မှု၏ နောက်ကွယ်တွင် နိုင်ငံရေး ဘာသာရေးရည်ရွယ်ချက် တစ်စုံတစ်ရာမရှိကြောင်း ထိုင်းအာဏာပိုင်များက ပြောကြားသော်လည်း ပေါက်ကြားမှု၊ ရှေ့နောက်မညီမှု၊ အမှားအယွင်းများနှင့် စုံစမ်းစစ်ဆေးမှု၏ လျှို့ဝှက်လွန်းသည့် သဘာဝများကြောင့် ဘုရားကျောင်းတိုက်ခိုက်ခံရမှုကို ထိုင်းရဲ၏ ရှင်းပြချက်များအပေါ် သံသယများ ထွက်ပေါ်လာနေခဲ့သည်။ တရားခံနှစ်ယောက်ကိုလည်း သြဂုတ်လနှောင်းပိုင်း စတင်ဖမ်းဆီးမိကတည်းက စစ်တပ်အခြေစိုက်စခန်းတွင်သာ ထိန်းသိမ်းထားခဲ့သည်။

အင်္ဂါနေ့က စစ်ခုံရုံးအတွင်းသို့ မီဒီယာများကို ဝင်ခွင့်မပြုဘဲ တရားခံနှစ်ဦးရောက်မလာမီတွင် စွဲချက်တင်မှုများကို ပြုလုပ်ပြီးစီးသွားခဲ့သည်ဟု တရားခံနှစ်ဦး၏ရှေ့နေ ချူချာ့က ပြောကြားခဲ့သည်။

စစ်တပ်က ရွေးကောက်ခံအစိုးရထံမှ အာဏာသိမ်းယူခဲ့သည့် ပြီးခဲ့သည့်နှစ် မေလကတည်းက နိုင်ငံတော်လုံခြုံရေးကို စစ်တပ်ကသာ ကိုင်တွယ်လာခဲ့သောကြောင့် တရားခံနှစ်ဦးကို ဘန်ကောက် စစ်အခြေစိုက်စခန်းရှိ စစ်ခုံရုံးတွင်သာ တရားစီရင်ခဲ့ခြင်း ဖြစ်သည်။

နိုင်ငံတော်ရဲတပ်ဖွဲ့အကြီးအကဲ ဆုမ်ယော့ ပွန်ဖန်မြောင်က အနားမယူမီ စက်တင်ဘာလတွင် ပြောကြားချက်အရ တရားခံနှစ်ဦးကို ၎င်းတို့၏ ဖြောင့်ချက်များအပြင် ရုပ်သံကင်မရာ ဖမ်းယူချက်၊ မျက်မြင်သက်သေ၊ မျိုးဗီဇတူညီချက်၊ ရုပ်ပိုင်းအထောက်အထားများအရပါ စွဲချက်တင်ခြင်းဖြစ်သည်ဟု ဆိုသည်။

ဧရာဝတ်ဘုရားကျောင်းမှ လုံခြုံရေးကင်မရာတွင် ဘုရားကျောင်း၏ အပြင်ဘက် ခုံတန်းပေါ်တွင် ထိုင်နေသည့် တီရှပ်အဝါနှင့် လူတစ်ယောက်က ကျောပိုးအိတ်ကို ဖြုတ်ကာ ထားရစ်ခဲ့ပြီး အပြင်သို့ လျှောက်လှမ်းထွက်ခွာသွားပုံကို ပြနေသည်။ အချိန်မှာလည်း ညနေပိုင်း ဘန်ကောက်မြို့လယ်တွင် လူစည်ကားရှုပ်ထွေးသည့်အချိန် မပေါက်ကွဲမီ မိနစ်ပိုင်းအလိုတွင် ထိုလူ ထွက်ခွာသွားခြင်းပင် ဖြစ်သည်။

ဘီလယ်မှာ ဗုံးထောင်ခဲ့သည့် တီရှပ်အဝါနှင့်လူဖြစ်ပြီး ယူဆူဖူမှာ ဗုံးကို စနက်တံဖြုတ်ခဲ့သည့် လူဖြစ်သည်ဟု ထိုင်းရဲက ယုံကြည်နေသည်။

ဘီလယ်ကို သြဂုတ်လ ၂၉ရက်နေ့ ဖမ်းဆီးစဉ်က လက်ဝယ်တွင်တွေ့ရှိရသည့် တူရကီ နိုင်ငံကူးလက်မှတ်ပါ အမည်အတိုင်း အဒမ် ကာရာဒက်ဟု သိရှိထားခဲ့ုကြသည်။ ဘန်ကောက်မြို့ ဆင်ခြေဖုံးရပ်ကွက်တစ်ခုကို ထိုင်းရဲက ဝင်ရောက်စီးနင်းရာမှ ဘီလယ်ကို ဖမ်းဆီးမိခဲ့ခြင်းပင် ဖြစ်သည်။

ယူဆူဖူမှာမူ စက်တင်ဘာ၁ရက်နေ့က ထိုင်း-ကမ္ဘောဒီးယားနယ်စပ်အနီးတွင် ဖမ်းဆီးစဉ် ရှင်ကျန်းမှာလာကြောင်း ဖော်ပြနေသည့် တရုတ် နိုင်ငံကူးလက်မှတ်ကို ကိုင်ဆောင်ထားသည်ဟု ဆိုသည်။ ရဲများ စီးနင်းခဲ့ရာ တိုက်ခန်းထဲတွင် ပေါက်ကွဲပစ္စည်း ဗူးတစ်ဗူးအပါအဝင် ယူဆူဖူ၏ ဒီအင်အေနှင့် လက်ဗွေများကိုပါ တွေ့ရှိခဲ့ရသည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly