နိုင်ငံတကာ ဖိအားတွေ ရှိနေချိန် တပ်ချုပ်က စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံဆွေးနွေး

နိုင်ငံတကာ ဖိအားတွေ ရှိနေချိန် တပ်ချုပ်က စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံဆွေးနွေး
Photo - AFP

ဖေဖော်ဝါရီ ၄

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ ၁ ရက်နေ့က စစ်တပ်အာဏာသိမ်းခဲ့ပြီးနောက်ပိုင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ အခြား အဆင့်မြင့်စစ်ဘက်အရာရှိကြီးတွေဟာ ယမန်နေ့ ဖေဖော်ဝါရီ ၃ ရက်က နေပြည်တော်မှာ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်နှင့် ညီနောင်အသင်းများမှ လုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

နိုင်ငံမှာ စစ်အာဏာသိမ်းမှုဖြစ်ခဲ့လို့ နိုင်ငံတကာ အရေးယူဒဏ်ခတ်မှု ခြိမ်းခြောက်မှုတွေ ရှိနေတဲ့အကြားမှာ ခုလိုမျိုး စစ်တပ်အကြီးအကဲဟာ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် အာဏာသိမ်းပြီးနောက် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာလည်း ယမန်နေ့က အမှုဖွင့် တရားစွဲဆိုခံခဲ့ရပါတယ်။

ထိန်းသိမ်းခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးဖို့ အမေရိကန်က ဖေဖော်ဝါရီ ၃ ရက်မှာ မြန်မာစစ်တပ်ကို တိုက်တွန်းခဲ့ပါတယ်။

တစ်ချိန်တည်းမှာလည်းပဲ နိုင်ငံမှာ လက်ရှိ စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ civil disobedience (လူထု မနာခံမှု) တောင်းဆိုလှုပ်ရှားမှုတွေဟာလည်း အရှိန်မြင့်လာလျက် ရှိပါတယ်။

အရှေ့တောင်အာရှရှိ မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ တနင်္လာနေ့ မနက်အရုဏ်တက်ချိန်မှာ အဓိကကျတဲ့ အရပ်သားခေါင်းဆောင်တွေကို တပ်မတော်သားတွေက ထိန်းသိမ်းဖမ်းဆီးခဲ့ချိန်မှာပဲ နိုင်ငံဟာ စစ်တပ်အုပ်ချုပ်မှုအောက်ကို သက်ဆင်းခဲ့ရပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required