ရမှတ်ဖြင့် တွက်ချက်မှုအရ ချန်ပီယံလိဂ်ပြိုင်ပွဲသမိုင်း၌ ရီးယဲလ်အသင်း အောင်မြင်ဆုံးအသင်းအဖြစ် ရပ်တည်

ရမှတ်ဖြင့် တွက်ချက်မှုအရ ချန်ပီယံလိဂ်ပြိုင်ပွဲသမိုင်း၌ ရီးယဲလ်အသင်း အောင်မြင်ဆုံးအသင်းအဖြစ် ရပ်တည်

နိုဝင်ဘာ ၂၄ ။                ။ လိဂ်ပြိုင်တွင် အမှတ်ပေးသည့်ပုံစံအတိုင်း တွက်ချက်ရာတွင် ရီးယဲလ်အသင်းသည် ချန်ပီယံလိဂ်(ဥရောပဖလား)ပြိုင်ပွဲသမိုင်း တွင် အအောင်မြင်ဆုံးအသင်းအဖြစ် ရပ်တည်လျက်ရှိသည်။

ချန်ပီယံလိဂ်ဖလားကို ၁၀ ကြိမ်ရရှိထားပြီး ပြိုင်ပွဲသမိုင်းတွင် အအောင်မြင်ဆုံးအသင်းအဖြစ် ရပ်တည်နေသော ရီးယဲလ်အသင်းသည် ရမှတ်ဖြင့်တွက်ချက်မှုတွင်လည်း အောင်မြင်ဆုံး အသင်းဖြစ်ခဲ့ခြင်း   ဖြစ်သည်။

ရီးယဲလ်အသင်းသည် ချန်ပီယံလိဂ်ပြိုင်ပွဲပေါင်း ၃၇၆ ပွဲ ကစားခဲ့ရာတွင် ၂၂၁ ပွဲနိုင်၊ ၆၆ ပွဲသရေကျပြီး ၈၉ ပွဲရှုံးကာ ရမှတ်ပေါင်း ၇၂၉ မှတ်ရရှိခဲ့သည်။ နိုင်ပွဲတစ်ပွဲကို သုံးမှတ်တွက်ချက်ပြီး သရေတစ်ပွဲကို တစ်မှတ်တွက်ချက်ခြင်းဖြစ်သည်။

ရီးယဲလ်အသင်း၏နောက်တွင် ချန်ပီယံလိဂ်ဖလားကို ငါးကြိမ်စီ ရရှိဖူးသည့် ဘိုင်ယန်မြူးနစ်အသင်းနှင့် ဘာစီလိုနာအသင်းတို့ ရပ်တည်နေသည်။ ဘိုင်ယန်မြူးနစ်မှာ ၅၆၅ မှတ်ရရှိပြီး ဘာစီလိုနာမှာ ၅၀၈ မှတ်ရရှိခဲ့သည်။

ချန်ပီယံလိဂ်ဖလားကို ၇ ကြိမ်ရရှိဖူးပြီး ရီးယဲလ်၏နောက် ဒုတိယအအောင်မြင်ဆုံးအသင်းအဖြစ် ရပ်တည်နေသော အေစီမီလန်အသင်းမှာမူ ဖလားသုံးကြိမ်သာ ရဖူးသည့် မန်ယူ၏နောက် ပဉ္စမနေရာတွင် ရပ်တည်လျက်ရှိသည်။

စတုတ္ထနေရာတွင် ရှိနေသည့် မန်ယူအသင်းမှာ ၄၅၅ မှတ်ရရှိပြီး အေစီမီလန်မှာ ၄၀၄ မှတ်သာ ရရှိခဲ့သည်။ ထိပ်ဆုံး ၁၀ သင်းစာရင်းတွင် အာဆင်နယ်မှလွဲ၍ ကျန်အသင်းအားလုံးမှာ ဆုဖလားရရှိဖူးသည့် အသင်းများ ဖြစ်သည်။

အာဆင်နယ်အသင်းသည် ချန်ပီယံဖလား မရရှိဖူးသော်လည်း ၁၇၅ ပွဲတွင် နိုင်ပွဲ ၈၂ ပွဲအထိရခဲ့ပြီး ရမှတ် ၂၈၆ မှတ်ရရှိကာ အဆင့် ၁၀ တွင် ရပ်တည်နိုင်ခဲ့သည်။

ရမှတ်ဖြင့်တွက်ချက်မှုအရ ထိပ်ဆုံး ၁၀ သင်း

၁။ ရီးယဲလ် (၇၂၉ မှတ်)-ဆုဖလား ၁၀ ကြိမ်

၂။ ဘိုင်ယန်မြူးနစ် (၅၆၅ မှတ်)-ဆုဖလား ၅ ကြိမ်

၃။ ဘာစီလိုနာ (၅၀၈ မှတ်)-ဆုဖလား ၅ ကြိမ်

၄။ မန်ယူ (၄၅၅ မှတ်)-ဆုဖလား ၃ ကြိမ်

၅။ အေစီမီလန် (၄၀၄ မှတ်)-ဆုဖလား ၇ ကြိမ်

၆။ ဂျူဗင်တပ်စ် (၃၈၇ မှတ်)-ဆုဖလား ၂ ကြိမ်

၇။ ပေါ်တို (၃၂၅ မှတ်)-ဆုဖလား ၂ ကြိမ်

၈။ ဘင်ဖီကာ (၃၁၃ မှတ်)-ဆုဖလား ၂ ကြိမ်

၉။ လီဗာပူးလ် (၂၉၇ မှတ်)-ဆုဖလား ၅ ကြိမ်

၁၀။ အာဆင်နယ် (၂၈၆ မှတ်)-ဆုဖလား မရရှိ

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly