ဗိုင်းရပ်စ်ဇာစ်မြစ်ကို ရှာမဲ့ WHO အဖွဲ့ တရုတ်ရှိ စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်ဈေးကို သွားရောက်ကြည့်ရှု

ဗိုင်းရပ်စ်ဇာစ်မြစ်ကို ရှာမဲ့ WHO အဖွဲ့ တရုတ်ရှိ စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်ဈေးကို သွားရောက်ကြည့်ရှု
Photo - AFP

ဇန်နဝါရီ ၃၁

ကိုရိုနာဗိုင်းရပ်စ်ရဲ့ မူလဇာစ်မြစ်ကို စုံစမ်းစစ်ဆေးနေတဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ ကျွမ်းကျင်ပညာရှင် အဖွဲ့တစ်ခုဟာ ဇန်နဝါရီ ၃၁ ရက်မှာ တရုတ်နိုင်ငံ ဝူဟန်မြို့က တည်းခိုရာ ဟိုတယ်ကနေ ထွက်ခွာပြီး ဘိုင်ရှားကျိုး စိုက်ပျိုးမွေးမြူရေး ထုတ်ကုန် စျေးရဲ့ အအေးခန်း သိုလှောင်မှုအပိုင်းနေရာကို သွားရောက်ကြည့်ရှုခဲ့ပါတယ်။

အဆိုပါ WHO ပညာရှင်အဖွဲ့ကတော့ ကပ်ရောဂါကနေ တရုတ်နိုင်ငံရဲ့ ပြန်လည် နာလန်ထူလာမှုကို ချီးကျူးဂုဏ်ပြုထားတဲ့ ဝူဟန်မြို့မှာ ရှိတဲ့ ဝါဒဖြန့် ပြခန်းတစ်ခုကို ယမန်နေ့ ဇန်နဝါရီ ၃၀ ရက်မှာလည်း သွားရောက်ခဲ့ပါတယ်။ 

ယင်းမတိုင်မီကတော့ အဆိုပါ ပညာရှင်အဖွဲ့ဟာ လွန်ခဲ့တဲ့ တစ်နှစ်အကြာက ပထမဆုံး ကိုဗစ်-၁၉ အတည်ပြုကူးစက်လူနာတွေကို ကုသပေးခဲ့တဲ့ ဆေးရုံမှာ သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပါသေးတယ်။

လက်ရှိအချိန်အထိတော့ WHO အဖွဲ့ ခရီးစဉ်ရဲ့ အသေးစိတ် အချက်အလက်တွေကို အနည်းအကျဉ်းမျှသာ သိရသေးပြီး ခရီးစဉ်ရဲ့ သတင်းအချက်အလက်တွေနဲ့ ပတ်သက်လို့လည်း တရုတ်ရဲ့ ရေငုံနှုတ်ပိတ်နေတဲ့ ကွန်မြူနစ် အာဏာပိုင်တွေအစား WHO ပညာရှင်တွေ တွစ်တာလူမှုကွန်ရက်ကနေ ထုတ်ဖော်မှုတွေကိုပဲ တွေ့ရှိရပါသေးတယ်။

WHO အဖွဲ့ကို ၂၀၁၉ ခုနှစ်ကုန်ပိုင်းမှာ ကိုဗစ်-၁၉ လူနာတွေကို ပထမဆုံး လက်ခံကုသပေးခဲ့တဲ့ ကျင်ယင်တန် ဆေးရုံကို ပို့ဆောင် လေ့လာစေခဲ့ပါတယ်။

အဆိုပါ ဆေးရုံကို သွားရောက် ကြည့်ရှုခဲ့ရမှုကတော့ အရေးကြီးတဲ့ အချိန်ကာလအတွင်း ကိုဗစ်-၁၉ ကို မြေပြင်မှာ လက်တွေ့ရင်ဆိုင်ခဲ့ကြတဲ့ ဆရာဝန်တွေနဲ့ တိုက်ရိုက် တွေ့ဆုံစကားပြောခွင့်ရခဲ့တဲ့ အလွန်အ‌ရေးပါတဲ့ အခွင့်အရေးတစ်ခု ဖြစ်ခဲ့ကြောင်း WHO ကျွမ်းကျင်ပညာရှင်အဖွဲ့မှာ ပါဝင်သူတစ်ဦးဖြစ်တဲ့ ပီတာ ဒက်ဇက်ခ်က တွစ်တာမှာ ရေးခဲ့ပါတယ်။

တရုတ် အာဏာပိုင်တွေကတော့ အဆိုပါ ကျွမ်းကျင်ပညာရှင်အဖွဲ့ကို ဇန်နဝါရီလလယ် မတိုင်မီအထိ ဝင်ခွင့်ပေးဖို့ ငြင်းဆန်ခဲ့ပြီး ဗိုင်းရပ်စ် ပထမဆုံး ပေါ်ထွက်ပြီးနောက် တစ်နှစ်အကြာမှာ ကျွမ်းကျင်ပညာရှင်တွေ အနေနဲ့ ဘာတွေကို ရှာတွေ့ဖို့ မျှော်လင့်နိုင်မလဲ ဆိုတဲ့အပေါ် မေးခွန်းတွေ ရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့ကတော့ WHO ရဲ့  အရေးပေါ် အခြေအနေဆိုင်ရာ ညွှန်ကြားရေးမှူး မိုက်ခ် ရိုင်ယန်က မျှော်မှန်းချက်တွေနဲ့ ပတ်သက်လို့ ကိုင်တွယ်ဖြေရှင်းဖို့ ကြိုးပမ်းခဲ့ပါတယ်။

“ဒါက ခက်ခဲရှုပ်ထွေးတဲ့ ကိစ္စပါ။ ဒါပေမယ့် ကျွန်‌တော်တို့ လုပ်ဖို့ လိုတာက ဒေတာ အချက်အလက်တွေကို အားလုံး စုဆောင်းဖို့ပါပဲ။ ပြီးတော့ ရောဂါရဲ့ ဇာစ်မြစ်နဲ့ပတ်သက်လို့ ကျွန်တော်တို့ ဘယ်လောက်များများ ပိုသိလာရသလဲ ဆိုတာနဲ့ ဒါကို ရှင်းလင်းစေဖို့ နောက်ထပ် လေ့လာမှုတွေ ထပ်လိုသေးသလားဆိုတာကို အကဲဖြတ်သွားရမှာ ဖြစ်ပါတယ်” လို့ ၎င်းက ပြောသွားခဲ့ပါတယ်။

အဆိုပါ WHO ခရီးစဉ်မှာ ခိုင်မာရှင်းလင်းတဲ့ စုံစမ်းစစ်ဆေးမှုတစ်ခု လုပ်ဖို့ကို ဝါရှင်တန်က တောင်းဆိုခဲ့ပြီးနောက် ဒီခရီးစဉ်မှာ နိုင်ငံရေးအရ ဝင်စွက်ဖက်မှု မလုပ်ဖို့ အမေရိကန်ကို တရုတ်က သတိပေးခဲ့ပါသေးတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly