ကျူးဘားမှာ ဘတ်စ်ကား မတော်တဆမှုကြောင့် လူ ၁၀ ဦး သေဆုံး

ကျူးဘားမှာ ဘတ်စ်ကား မတော်တဆမှုကြောင့် လူ ၁၀ ဦး သေဆုံး
Photo - AFP

ဇန်နဝါရီ ၃၁

ကျူးဘားနိုင်ငံမှာ ပြီးခဲ့တဲ့ ဇန်နဝါရီ  ၂၉ ရက် ညပိုင်းက ဘတ်စ်ကား တိမ်းမှောက်မှုတစ်ခု ဖြစ်ပွားခဲ့လို့ အနည်းဆုံး လူ ၁၀ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ ဘတ်စ်ကားဟာ ဆရာ၊ ဆရာမတွေကို တင်ဆောင်လာပြီး မြို့တော် ဟာဗားနားနဲ့ အနီးအနား ဒေသတစ်ခုဖြစ်တဲ့ မာယာဘီကွီ ဒေသအကြား အ‌ဝေးပြေး လမ်းမကြီးတစ်ခုမှာ မောင်းနှင်ခဲ့စဉ် မတော်တဆမှု ဖြစ်ခဲ့တာဖြစ်တယ်လို့ ကျူးဘား အာဏာပိုင်တွေက ဇန်နဝါရီ ၃၀ ရက်မှာ ပြောပါတယ်။

“မာယာဘီကွီမှာ ဖြစ်ခဲ့တဲ့ ဒီ ဘတ်စ်ကား မတော်တဆမှုမှာ တန်ဖိုးရှိတဲ့ လူ့အသက်တွေ ဆုံးရှုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာရသူတွေ ရှိခဲ့တဲ့အတွက် ကျွန်တော်တို့ တကယ့်ကို စိတ်ထိခိုက်မိပါတယ်။ သေဆုံးသူတွေရဲ့ မိသားစုတွေ၊ မိတ်ဆွေ သူငယ်ချင်းတွေနဲ့ ထပ်တူ ဝမ်းနည်းမိပါတယ်” လို့ ကျူးဘားသမ္မတ မီဂွယ် ဒီယက်ဇ် ကနဲလ်က ပြောခဲ့ပါတယ်။

ဘတ်စ်ကား မတော်တဆမှုဟာ ဟားဗားနားမြို့ကနေ ၅၄ ကီလိုမီတာခန့် အကွာမှာ ရှိတဲ့ ဂိုင့်စ် မြို့မှာ ပြီးခဲ့တဲ့ သောကြာနေ့ ညက ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ မတော်တဆမှုကြောင့် လူ ကိုးဦး နေရာမှာပဲ ပွဲချင်းပြီး သေဆုံးပြီး တစ်ဦးကတော့ ဆေးရုံအရောက်မှာ သေဆုံးခဲ့တာ ဖြစ်တယ်လို့ ကျူးဘား သတင်းအေဂျင်စီက ဖော်ပြပါတယ်။

အဆိုပါ ဖြစ်စဉ်မှာ ဘတ်စ်ကားမောင်းသူဟာ အရှိန်မထိန်းနိုင်ဘဲ ဖြစ်ခဲ့ပြီးနောက် ကားဟာ တံတားတစ်ခုပေါ်ကနေ ဘေးကို ထိုးကျ တိမ်းမှောက်သွားခဲ့တာ ဖြစ်ပါတယ်။

ယင်းဖြစ်စဉ်မှာ လူ ၂၄ ဦး ဒဏ်ရာတွေ ရရှိခဲ့လို့ သူတို့ကို အနီးအနားရှိ ဆေးရုံတွေဆီ ပို့ဆောင်ပေးခဲ့ရတယ်လို့လည်း သိရပါတယ်။

ဘတ်စ်ကားပေါ် လိုက်ပါလာခဲ့ကြတဲ့ ဆရာ၊ ဆရာမတွေဟာ ဟာဗားနားမြို့မှာ တာဝန်ထမ်းဆောင်နေခဲ့ကြတာ ဖြစ်ပြီး လက်ရှိကာလမှာ ၎င်းတို့ နေထိုင်တဲ့ အဆောင်တွေကို ကိုဗစ်-၁၉ လူနာတွေကို ထားဖို့ သက်ဆိုင်ရာက စီစဉ်ခဲ့တာကြောင့် နေရပ်ပြန်ခဲ့ကြချိန် အခုလို မတော်တဆမှုနဲ့ ကြုံတွေ့ခဲ့ကြတာ ဖြစ်တယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly