ခိုက်ရန်ဖြစ်ပွားမှုအသစ်တွေနဲ့အတူ အိန္ဒိယတောင်သူဆန္ဒပြပွဲ အရှိန်မြင့်လာ  

ခိုက်ရန်ဖြစ်ပွားမှုအသစ်တွေနဲ့အတူ အိန္ဒိယတောင်သူဆန္ဒပြပွဲ အရှိန်မြင့်လာ  
Photo - AFP

ဇန်နဝါရီ ၃၀

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာ သီတင်းပတ် ရှစ်ပတ်ကျော်ကြာ အနှောင့်အယှက်ဖြစ်စေခဲ့တဲ့ တောင်သူလယ်သမားဆန္ဒပြပွဲကို ထောက်ခံသူနဲ့ ဆန့်ကျင်သူ ရာပေါင်းများစွာတို့အကြား သောကြာနေ့က ပဋိပက္ခရန်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။

မနေ့ကလည်း ဆန္ဒပြသူတောင်သူတစ်ဦးက ဓားတစ်ချောင်းကိုင်ဆောင်ကာ သောင်းကျန်းနေတဲ့အတွက် ရဲတွေက ဝိုင်းဝန်းနှိမ်နင်းခဲ့ရပါတယ်။ 

အဓိကရုဏ်းနှိမ်နင်းရေးရဲတွေဟာ ပြိုင်ဘက်အုပ်စုနှစ်စုကို ဖြိုခွင်းဖို့ မျက်ရည်ယိုဓာတ်တွေနဲ့ ပစ်ခတ်ပြီး လက်ကိုင်တုတ်တွေသုံးကာ နှိမ်နင်းခဲ့ကြပါတယ်။ 

အင်္ဂါနေ့မှာကျင်းပခဲ့တဲ့ နိုင်ငံတော်နေ့အခမ်းအနားပြီးကတည်းက လယ်သမားတွေရဲ့ ဆန္ဒပြစခန်းတွေအနီးမှာ တင်းမာမှုတွေမြင့်တက်လာခဲ့ပြီး မြို့တော်အတွင်းမှာလည်း ထွန်စက်တစ်စီးရဲ့ ရမ်းကားမှုကြောင့် လယ်သမားတစ်ဦးသေဆုံးပြီး ရဲအရာရှိ ၄၀ နီးပါး ဒဏ်ရာရခဲ့ပါတယ်။

အဲဒီအချိန်ကစပြီး အစိုးရဟာ ဆန္ဒပြစခန်းတွေရဲ့ ပတ်လည်နဲ့ နယူးဒေလီမြို့မှာ ရဲတပ်ဖွဲ့ဝင်နဲ့ လက်နက်ကိုင်လုံခြုံရေးတပ်သား ထောင်ပေါင်းများစွာ တပ်ဖြန့်ချထားခဲ့ပါတယ်။ 

ဆန္ဒပြသူတစ်ဦးကလည်း စိုက်ပျိုးစရာ လယ်ယာမြေတွေမကျန်လို့ သီးနှံတွေ မစိုက်နိုင်တော့တဲ့အချိန်မှာ တစ်နည်းနည်းနဲ့ သေဆုံးကြမှာဖြစ်လို့ ဆန္ဒပြရင်းသေသွားတာက အနည်းဆုံးတော့ သူရဲကောင်းဖြစ်လိမ့်လို့ ပြောပါတယ်။ ပြည်သူတွေရဲ့အခွင့်အရေးအတွက် အသေခံတိုက်ပွဲဝင်သွားမယ်လို့ ဆိုပါတယ်။

သောကြာနေ့ကဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းမှာလည်း ဓားကိုင်ရမ်းကားတဲ့လယ်သမားတစ်ဦးကြောင့် ရဲတစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

ဂါဇီပါမြို့က ဆန္ဒပြစခန်းတစ်ခုကိုလည်း အာဏာပိုင်တွေက လျှပ်စစ်မီးနဲ့ ရေတွေဖြတ်တောက်ခဲ့ပေမယ့် လယ်သမားရာပေါင်းများစွာဟာ ထွန်စက်တွေနဲ့ ညတွင်းချင်း ရောက်လာပြီး အင်အားဖြည့်ခဲ့ကြပါတယ်။ 

ဆယ်စုနှစ်ပေါင်းများစွာ အစိုးရအဖွဲ့က ကိုင်တွယ်လာတဲ့ လယ်ယာထွက်ကုန်ဈေးကွက်အပေါ် ကန့်သတ်ထိန်းချုပ်မှုတွေကင်းလွတ်စေမယ့် စိုက်ပျိုးရေးဥပဒေသစ်ကို တောင်သူလယ်သမားတွေက ဆန္ဒပြနေခဲ့ကြတာဖြစ်ပါတယ်။ 

စိုက်ပျိုးရေးဥပဒေပြုပြင်ပြောင်းလဲမှုဟာ လယ်ယာလုပ်ငန်းတွေအပေါ် အိန္ဒိယလုပ်ငန်းရှင်ကြီးတွေကို လက်ဝါးကြီးအုပ်ခွင့်ပေးလိုက်တာဆိုပြီး တောင်သူတွေက မကျေမနပ်ဖြစ်နေကြတာပါ။

အိန္ဒိယနိုင်ငံလူဦးရေ ၁.၃ ဘီလီယံရဲ့ သုံးပုံနှစ်ပုံခန့်ဟာ လယ်ယာလုပ်ငန်းကို အားကိုးအားထားပြုနေကြရပေမယ့် အစိုးရက လယ်ယာလုပ်ငန်းဟာ အားနည်းချက်တွေရှိနေပြီး ပြုပြင်ပြောင်းလဲရေးက ကျေးလက်ဒေသဝင်ငွေကို တိုးတက်စေလိမ့်မယ်လို့ ပြောပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly