ဂျပန်၏ ကာကွယ်ဆေးထိုးမှုအစီအစဉ်အတွက် အေးခဲသေတ္တာ၊ ရေခဲခြောက် မလောက်ငှမှုပြဿနာနှင့် ဆရာဝန်များ ဝန်ပိမှု ကြုံနေ

ဂျပန်၏ ကာကွယ်ဆေးထိုးမှုအစီအစဉ်အတွက် အေးခဲသေတ္တာ၊ ရေခဲခြောက် မလောက်ငှမှုပြဿနာနှင့် ဆရာဝန်များ ဝန်ပိမှု ကြုံနေ

ဇန်နဝါရီ ၂၇ 

ဂျပန်နိုင်ငံသည် အိုလံပစ်ပွဲတော်အချိန်မီ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးထိုးနိုင်မှုအစီအစဉ်အတွက် အခက်အခဲများဖြစ်ပေါ်လျက်ရှိပြီး နှေးကွေးနေသောကမ်ပိန်းကို ထပ်မံကြန့်ကြာစေနိုင်သည့် ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာအတားအဆီးများကို ရင်ဆိုင်နေရသည်ဟု ကျွမ်းကျင်သူများနှင့် တာဝန်ရှိသူများက ပြောသည်။ 

အစုလိုက်အပြုံလိုက်ကာကွယ်ဆေးထိုးမှုစတင်ရာတွင် နောက်အကျဆုံး စက်မှုနိုင်ငံဖြစ်နေသည့် ဂျပန်သည် ဆေးဘက်ဆိုင်ရာဝန်ထမ်းခန့်အပ်ရာ၌ အခက်အခဲများကြုံတွေ့နေရပြီး မြေပြင်အခြေအနေတွင် အေးခဲသေတ္တာနှင့် ရေခဲခြောက်မရှိခြင်းတို့ကြောင့် အနှောင့်အယှက်ဖြစ်စေဖွယ်ရှိသည်။ 

တစ်နှစ်ရွှေ့ဆိုင်းခဲ့ရသည့် အိုလံပစ်ပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ကာကွယ်ဆေးက အရေးကြီးကြောင်း ဝန်ကြီးချုပ် ယိုရှီဟီဒဲဆူဂါက ပြောခဲ့သည်။ အိုလံပစ်ပွဲစတင်မည့် ဇူလိုင် ၂၃ မတိုင်ခင် ၁၄၅ ရက်အလို ဖေဖော်ဝါရီလအကုန်၌ ဆေးဘက်ဆိုင်ရာဝန်ထမ်းများကို ပထမဆုံးစတင်ထိုးပေးရန် စီစဉ်ထားသည်။ 

လူတစ်ဦးလျှင် ကာကွယ်ဆေး နှစ်ကြိမ်ထိုးရမည်ဖြစ်သောကြောင့် ထိုပွဲတော်အချိန်၌ နိုင်ငံလူဦးရေ ထက်ဝက်ကာကွယ်ဆေးထိုးပြီးနိုင်ရန်အလို့ငှာ တစ်နေ့လျှင် ကာကွယ်ဆေးပေါင်း ၈၇၀ ၀၀၀ ခန့် ထိုးရန် လိုအပ်သည်။ 

“အစိုးရရဲ့အစီအစဉ်ဟာ ကာကွယ်ဆေးထိုးရာမှာ မြူနီစီပယ်တစ်ခုချင်းစီအတွက် ဝန်ထုပ်ဝန်ပိုးကြီးဖြစ်စေပါတယ်။ တိုကျိုလို မြို့ကြီးပြကြီးတွေက ကာကွယ်ဆေးထိုးဖို့ အဆင်ပြေချောမွေ့နိုင်ပေမယ့် ကျေးလက်ဒေသတွေမှာ အခက်အခဲတွေ ပိုရှိနိုင်ပါတယ်” ဟု ကိုဗစ်-၁၉ တုံ့ပြန်မှုဆိုင်ရာအကြံပေး ကိုဂျိဝါဒါက ပြောသည်။ 

Pfizer ကာကွယ်ဆေးများကို သယ်ယူပို့ဆောင်ရန်လိုအပ်သော သိုလှောင်အပူချိန် အနုတ် ၇၅ ဒီဂရီဆဲလ်စီယပ်စ်ရှိ အထူးသေတ္တာများ အလုံအလောက်မရှိနိုင်သေးဟု ဆေးဝါးပို့ဆောင်ရေးကုမ္ပဏီများက ပြောသည်။ တာဝန်ရှိသူများက ဆေးသတ္တာများကိုထုပ်ပိုးမည့် ရေခဲခြောက် သို့မဟုတ် အေးခဲသေတ္တာများအလုံလောက် ရှိ/ မရှိကို ပြီးခဲ့သည့်နှစ် နှောင်းပိုင်းအချိန်အထိ စတင်အကဲဖြတ်ခဲ့ခြင်းမရှိဟု အစိုးရသတင်းရင်းမြစ်တစ်ခုက ရိုက်တာသတင်းဌာနကို ပြောသည်။ 

ဂျပန်နိုင်ငံ၏ကာကွယ်ဆေးဖြန့်ဖြူးရေးအစီအစဉ်တွင် ကြီးကြပ်တာဝန်ယူနေရသော တာရိုကိုနိုက စိန်ခေါ်မှုအတိုင်းအတာများကို ယခင်သီတင်းပတ်က ဖော်ပြခဲ့သည်။ ဆေးဘက်ဆိုင်ရာဝန်ထမ်းများ၏ ပေါင်းစပ်လုပ်ကိုင်မှု၊ သယ်ယူပို့ဆောင်မှု၊ အေးခဲသေတ္တာထုတ်လုပ်မှု၊ တစ်ခါသုံးအပ်များနှင့် ဒေသတွင်းအစိုးရနှင့် ကိုင်တွယ်ဆောင်ရွက်ရမှုတို့ကို ဝန်ကြီးဌာနပေါင်းစုံက ကိုင်တွယ်နေကြောင်း တွစ်တာ၌ ရေးသားခဲ့သည်။

ဂျပန်သည် နိုင်ငံ့လူဦးရေ၏ထက်ဝက်ကျော်ခန့်ရှိသော လူ ၇၂ သန်းခန့်ကို ကာကွယ်ဆေးထိုးရန် Pfizer ဆေးကို အလုံအလောက် ဝယ်ယူထားသည်။ ကာကွယ်ဆေးများကို သယ်ယူပို့ဆောင်ရန် ရေခဲခြောက်အများအပြားနှင့် အေးခဲသေတ္တာ ၂၀ ၀၀၀ ကိုလည်း ဝယ်ယူဦးမည်ဖြစ်သည်။

ဂျပန်သည် တစ်နှစ်လျှင် ရေခဲခြောက် တန်ချိန် ၃၅၀ ၀၀၀ ထုတ်လုပ်သော်လည်း ၎င်းတို့မှာ အစားအသောက်သိုလှောင်ထိန်းသိမ်းရန်ဖြစ်သည်။ ကာကွယ်ဆေးပို့ဆောင်ရန်အတွက်မှာမူ အစားအသောက်အတွက်အသုံးပြုသော ရေခဲခြောက်ထက်ပိုအေးသည့် အပူချိန်ကိုထိန်းသိမ်းနိုင်သော ရေခဲတုံး သို့မဟုတ် အမှုန့်ကို လိုအပ်မည်ဖြစ်သည်။

စက်မှုလုပ်ငန်းဆိုင်ရာ ရေခဲသေတ္တာများထုတ်လုပ်သည့် Nihon ကုမ္ပဏီသည် အစိုးရအတွက် အေးခဲသေတ္တာအလုံးပေါင်း ၂ ၃၀၀ ထုတ်လုပ်လျက်ရှိပြီး ပထမဆုံးကာကွယ်ဆေးကို အတည်မပြုခင်က တရားဝင်စာချုပ် မရှိခဲ့ဟု ကုမ္ပဏီတာဝန်ရှိသူတစ်ဦးက ပြောသည်။ ဆေးဘက်ဆိုင်ရာပစ္စည်းများကိုထုတ်လုပ်သော PHC Corp သည်လည်း ၂၄ နာရီပတ်လုံး စက်ရုံလည်ပတ်နေရသည်။

ဂျပန့်ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့  (SDF) မှ သူနာပြုများကိုလည်း ကပ်ရောဂါဒဏ်ခံရသော ဒေသများသို့ တပ်ဖြန့်ထားရာ တဖန်ပြန်ခေါ်ရဖွယ်ရှိသည်ဟု တာဝန်ရှိသူတစ်ဦးကပြောသည်။ SDF တပ်ဖွဲ့တွင် ကာကွယ်ဆေးထိုးပေးရန်အတွက် အရည်အချင်းပြည့်မီသော ဆရာဝန်နှင့်သူနာပြု ၂ ၀၀၀ ခန့်ရှိသော်လည်း အားလုံးကို စေလွှတ်ပေးနိုင်သည့် အနေအထားမရှိဟု ဆိုသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly