တရုတ်ကို ကြည့်ရင်း ဂျာမနီက ဂျပန်သို့ ရေတပ်ဖရီဂိတ်စစ်သင်္ဘော စေလွှတ်မည်

တရုတ်ကို ကြည့်ရင်း ဂျာမနီက ဂျပန်သို့ ရေတပ်ဖရီဂိတ်စစ်သင်္ဘော စေလွှတ်မည်

ဇန်နဝါရီ ၂၇

အင်ဒို-ပစိဖိတ်ဒေသအပေါ် အာရုံစိုက်မှု တစ်စိတ်တစ်ဒေသအဖြစ် ဂျာမနီအစိုးရသည် ဂျပန်သို့ ရေတပ်ဖရီဂိတ်စစ်သင်္ဘောတစ်စင်း စေလွှတ်ရန် စဉ်းစားလျက် ရှိကြောင်း Nikkei က ကြားသိရသည်။

ထို စစ်သင်္ဘောသည် ဂျာမနီကနေ အစောပိုင်း နွေရာသီတွင် ထွက်ခွာခုတ်မောင်းမည် ဖြစ်ပြီး တောင်ကိုရီးယားနှင့် သြစတြေးလျ အပါအဝင် နိုင်ငံတစ်ချို့၌ ဆိပ်ကမ်းဆိုက်ကပ်မှုများကို လုပ်ဆောင်ဖွယ်ရှိသည်။

ယူကေနှင့် ပြင်သစ်တို့နှင့် မတူဘဲ အင်ဒို-ပစိဖိတ်၌ ကိုယ်ပိုင်နယ်မြေ မရှိထားသည့် ဘာလင်အတွက် ထိုကဲ့သို့ စစ်သင်္ဘောစေလွှတ်မှုက ကြုံတောင့်ကြုံခဲ အရွေ့တစ်ခု ဖြစ်သည်။ အငြင်းပွား တောင်တရုတ်ပင်လယ်ကို ဖြတ်သန်း ခုတ်မောင်းမှုသည်လည်း အစီအစဉ်ထဲတွင် ရှိနေသည်။

ပြီးခဲ့သည့် ဆောင်းဦးကာလက ဂျာမနီ အစိုးရအဖွဲ့သည် အင်ဒို-ပစိဖိတ် ဆိုင်ရာ လမ်းညွှန်ချက်အသစ်များကို အတည်ပြုခဲ့ပြီး ထိုလမ်းညွှန်ချက်များတွင် ထိုဒေသ၌ တရားဥပ‌ဒေစိုးမိုးရေးနှင့် တံခါးဖွင့်ထားသော ‌စျေးကွက်များကို မြှင့်တင်အားပေးရေး၏ အရေးကြီးမှုကို အလေးပေးထားခဲ့သည်။ ဖရီဂိတ်သင်္ဘော ဖြန့်ကျက်မှုက ထိုမဟာဗျူဟာသစ်ကို ဖြစ်မြောက်စေရေးအတွက် ပထမဆုံးသော ခြေလှမ်းတစ်ခု ဖြစ်မည်ဖြစ်သည်။

“ဒီ နွေရာသီမှာ စစ်သင်္ဘော စတင်ထွက်ခွာဖို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်၊ ခုထက်ထိတော့ အသေးစိတ်ကိစ္စတွေကို ကျွန်တော်တို့ မဆုံးဖြတ်ရသေးပါဘူး၊ ဒါပေမယ့် ကျွန်တော်တို့ ဖြစ်နိုင်ခြေရှိ ဆိပ်ကမ်းဆိုက်ကပ်မှုတစ်ခုအနေနဲ့ ဂျပန်ကို ကြည့်နေပါတယ်၊ ဒီမိုကရက်တစ်အုပ်စုထဲက ကျွန်တော့်ရဲ့ ပါတနာတွေနဲ့အကြား ချိတ်ဆက်ဆောင်ရွက်မှုတွေကို နက်ရှိုင်းစေဖို့ ကျွန်တော်တို့ ဆန္ဒရှိပါတယ်” ဟု ဂျာမနီ ကာကွယ်ရေးဝန်ကြီးဌာနဆိုင်ရာ ပါလီမန်အတွင်းဝန် သောမတ်စ် ဆီလ်ဘာဟွန်းက Nikkei ကို ပြောခဲ့သည်။

အစီအစဉ်သည် “မည်သူ့ကိုမှ မရည်ရွယ်” ဟု ဆီလ်ဘာဟွန်းက အလေးပေးပြောသော်လည်း ဘာလင်သည် တရုတ်၏ နယ်ချဲ့မှုဝါဒနှင့်ပတ်သက်ပြီး ရှင်းရှင်းလင်းလင်းပင် အာရုံစိုက်ချင့်ချိန်စဉ်းစားနေပုံပေါက်နေသည်။

အင်ဒို-ပစိဖိတ်ဒေသအပေါ် ဂျာမနီတို့ လောလောလတ်လတ် အာရုံစိုက်လာမှုက ယူကေ၊ ပြင်သစ်နှင့် နယ်သာလန်တို့ရှိ အလားတူ မူဝါဒ အပြောင်းအလဲများနှင့် တစ်ပြေးညီ တစ်သဘောထားတည်း ဖြစ်နေသည်။ ယူကေ၊ ပြင်သစ်နှင့် နယ်သာလန်တို့သည် ကမ္ဘာကြီးပေါ်ရှိ ပထဝီနိုင်ငံရေးဆိုင်ရာ အရေးပါသော အရပ်တွင် ယင်းတို့၏ ပါဝင်ပတ်သက်မှုကို တိုးမြှင့်ထားခဲ့သည်။

ဂျာမနီသည် နိုင်ငံရေးပြဿနာများကို ရှောင်ရှားရင်း စီးပွားရေး ချိတ်ဆက်ဆောင်ရွက်မှုများကို နက်ရှိုင်းစေခြင်းနှင့်အတူ နိုင်ငံ‌ရေးနှင့် စီးပွားရေးကို သီးခြားခွဲထားခြင်း ဆိုသည့် သဘောထားရပ်တည်ချက်ကို  တရုတ်အပေါ် ကာလကြာ ထားရှိထားခဲ့သည်။  ယခုအခါ အင်ဒို-ပစိဖိတ်ဒေသရှိ တံခါးဖွင့်ထားသော စျေးကွက်များနှင့် ဥပဒေစိုးမိုးရေးအ‌ပေါ် ဂျာမနီတို့ တိုးမြှင့် အာရုံစိုက်လာခြင်းကို ကြည့်မည်ဆိုလျင် တရုတ်နှင့်ပတ်သက်၍ ယင်း၏ ကာလကြာ ထိန်းသိမ်းဆုပ်ကိုင်ထားခဲ့သော ထိုသဘောထားရပ်တည်ချက်က အဆုံးသတ်တစ်ခုကို ရောက်လာနေပြီ ဆိုသည်ကို အချက်ပြနေသည်။

လူ့အခွင့်အရေးအပေါ် အလေးထားအာရုံစိုက်သော ဂရင်းပါတီက ဂျာမနီ၏ နောက်အစိုးရသစ်တွင် ပူးပေါင်းပါဝင်ဖွယ် ရှိနေခြင်းနှင့်အတူ တရုတ်နှင့်ပတ်သက်သည့် “လိုရာရွေးသည့်” မူဝါဒများသည် ရေရှည်ခံနိုင်တော့မည် မဟုတ်ပေ။

ဂျာမနီ မြောက်ပိုင်းရှိ ဆိပ်ကမ်းတစ်ခု၌ အခြေချဆိုက်ကပ်သော ဖရီဂိတ်စစ်သင်္ဘောသည် အင်ဒို-ပစိဖိတ်ဒေသတွင် တိုတောင်းသည့် အချိန်ကာလတစ်ခုကြာ ရှိနေမည် ဖြစ်ပြီး ဂျပန်၊ သြစတြေးလျ၊ တောင်ကိုရီးယားနှင့် အခြားနေရာများတွင် ရပ်နားဆိုက်ကပ်မှုများ လုပ်ဆောင်ရန် ရှိသည်ဟု ဂျာမနီအစိုးရနှင့် အာဏာရပါတီမှ တာဝန်ရှိသူများထံမှ သိရသည်။ ထိုဖရီဂိတ်သင်္ဘောသည် ‌‌ဒေသရှိ ပြင်သစ်နယ်မြေများတွင် ပူးတွဲ လေ့ကျင့်မှုများအတွင်း ပါဝင်ပူးပေါင်းဖွယ် ရှိသလို အထောက်အပံ့များလည်း ရရှိဖွယ် ရှိသည်။

ပြီးခဲ့သည့် ၂၀၀၂ ခုနှစ်က ဂျာမနီ ရေတပ် ရေယာဉ်တစ်စင်းသည် လေ့ကျင့်ရေး ရေကြောင်းခရီးစဉ်တစ်ခုအတွင်း ဂျပန်တွင် ဆိပ်ကမ်းဆိုက်ကပ်မှု တစ်ခု လုပ်ဆောင်ခဲ့သည်။ သို့သော် ယနေ့အချိန်အခါတွင် အရှေ့အာရှ ပင်လယ်ရေပြင်များတွင် တင်းမာမှုများ အတော်ပင် မြင့်တက်လျက် ရှိပြီး ဥရောပအနေဖြင့် မြောက်ကိုရီးယား၊ တရုတ်တို့နှင့်ပတ်သက်ပြီး စိုးရိမ်ပူပန်မှုများ တိုးမြင့်ဖြစ်ပေါ်ထားခဲ့သည်။

“သူတို့တွေကို သူတို့ရဲ့ သြဇာအာဏာကနေတဆင့် သူတို့ရဲ့ ကိုယ်ပိုင် အမိန့်ညွှန်ကြားချက်တွေ ချမှတ်ခွင့် ပေးလို့မရနိုင်ပါဘူး” ဟု ဆီလ်ဘာဟွန်းက ပြောသည်။

“ကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့ ဒီမိုကရက်တစ် ပါတနာတွေနဲ့အကြား စည်းလုံးညီညွတ်မှုကို ပြသရပါမယ်၊ သြစတြေးလျနဲ့ ဂျပန်တို့က တပ်သားတွေ လွှတ်ပေးဖို့ ကျွန်တော်တို့ဆီ တောင်းခံထားပါတယ်၊ သူတို့ရဲ့ပန်ကြားချက်တွေကို ကျွန်တော်တို့ လိုက်လျောသွားပါမယ်” ဟု အာဏာရပါတီမှ အခြားသော တာဝန်ရှိသူတစ်ဦးက ပြောသည်။

တစ်ချိန်တည်းမှာလည်းပဲ ယူကေသည်လည်း ယင်း၏ လေယာဉ်တင်သင်္ဘော HMS Queen Elizabeth ကို အာရှသို့ တပ်ဖြန့်ရန် ပြင်ဆင်နေသည်။ အဆိုပါ လေယာဉ်တင်သင်္ဘောသည် ဧပြီလနှင့် ဇွန်လအကြား ထွက်ခွာဖွယ်ရှိကြောင်း ဗြိတိန်ရေတပ်မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက Nikkei ကို ပြောသည်။ အာရှဒေသသည် တရုတ်အပေါ် အလျင်အမြန် သတိထားလာသည်နှင့်အမျှ ယင်းသည် အဆိုပါ အာရှဒေသနှင့်ပတ်သက်ပြီး ဥရောပ၏ မူဝါဒပိုင်းဆိုင်ရာ မှတ်မှတ်သားသား ဖြစ်သည့် အရွေ့တစ်ခု ဖြစ်လာမည် ဖြစ်သည်။

ပြင်သစ်သည် Reunion ကဲ့သို့ ပိုင်နက်နေရာဒေသများတွင် စစ်သည် ၈,၀၀၀ ခန့် ထားရှိထားသည်။ အင်ဒို-ပစိဖိတ်တွင် တရုတ်၏ နယ်ချဲ့မှုဝါဒအပေါ် ပါရီဘက်က တိုးမြှင့် သတိထားနေသည်။

ဥရောပအနေဖြင့် ယင်း၏ ကိုယ်ပိုင် လုံခြုံရေးအတွက် တာဝန်ပိုယူသွားရန် လိုအပ်ပြီး အမေရိကန်စစ်တပ်အ‌ပေါ် အလွန်အမင်း မှီခိုမနေသင့်ဟု ဆီလ်ဘာဟွန်းက ပြောခဲ့သည်။

ဂျာမနီသည် ရေတပ်စစ်သင်္ဘောခရီးစဉ်ကို ပါလီမန်ဆိုင်ရာ ချိန်ဆစဉ်းစားမှုမျိုး လိုအပ်သော စစ်ဘက်စစ်ဆင်ရေးတစ်ခုအဖြစ်ထက်စာရင် အာရှရှိ ဒီမိုကရေစီနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးကို ရည်ရွယ်သည့် ခရီးစဉ်တစ်ခုဖြစ်ကြောင်း ပုံဖော်ပြသနေသည်။

သို့သော် စီးပွားရေးနှင့် လုံခြုံရေး ကိစ္စရပ်များက တိုးမြင့် ဆက်နွယ်ပတ်သက်လာနေခြင်းနှင့်အတူ ယင်းတို့ကို ဆက်လက် သီးခြားခွဲထားရေးမှာ ဖြစ်နိုင်ဖွယ်ရာ မရှိနိုင်တော့ပေ။

ဥရောပနိုင်ငံများတွင် ရုရှားနှင့်အကြား သံတမန်ရေး အတွေ့အကြုံအများအပြား ရှိသော်လည်း အာရှနှင့် အကြား ယင်းအတွေ့အကြုံမရှိဟု ဥရောပသမဂ္ဂ သံတမန်တစ်ဦးက Nikkei ကို ပြောသည်။ “ကျွန်တော်တို့ အတွေ့အကြုံတွေ ပိုလိုပါတယ်၊ ပြီးတော့ ဒါကို လုပ်ရင်းကိုင်ရင်းနဲ့ အလိုက်သင့် ချိန်ညှိရမှာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly