စတုတ္ထအကြိမ်တွင် ကျန်ရစ်သည့် အိမ်ထောင်စု ၂ သန်းကျော်အတွက် ကိုဗစ်ထောက်ပံ့ကြေး ကျပ် ၅၆ ဘီလီယံ ပေး

စတုတ္ထအကြိမ်တွင် ကျန်ရစ်သည့် အိမ်ထောင်စု ၂ သန်းကျော်အတွက် ကိုဗစ်ထောက်ပံ့ကြေး ကျပ် ၅၆ ဘီလီယံ ပေး
Photo - Ministry of Union Government Office (FB )

ရန်ကုန်၊ ဇန်နဝါရီ ၂၄၊ ၂၀၂၁

အခြေခံလူတန်းစားနှင့် လိုအပ်သူများအတွက် အစိုးရက ထောက်ပံ့ခဲ့ရာ စတုတ္ထ အသုတ်တွင် ကျန်ရစ်သည့် စိစစ်ပြီး အိမ်ထောင်စုပေါင်း နှစ်သန်းကျော်အတွက် ကိုဗစ်ထောက်ပံ့ငွေ ကျပ် ၅၆ ဘီလီယံကျော်ကို ထောက်ပံ့ရန် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီက ခွင့်ပြုချက်ရရှိခဲ့ပြီးနောက် ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးရှိ မြို့နယ်အချို့တွင် ပေးဝေနေပြီဖြစ်ကြောင်း သိရသည်။

အမိန့်ကန့်သတ်ချက်များ ပါဝင်သည့် Stay at Home သတ်မှတ် မြို့နယ်များတွင် အိမ်ထောင်စု တစ်စုလျှင် ကျပ် လေးသောင်းနှုန်း၊ Stay at Home ပြင်ပ မြို့နယ်များတွင် ကျပ် နှစ်သောင်းနှုန်းဖြင့် ထပ်မံပေးဝေခြင်းဖြစ်ပြီး မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်တွင် ဇန်နဝါရီလ ၂၂ ရက်နေ့က စတင်ပေးဝေခဲ့ခြင်းဖြစ်ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဆင့်က မဇ္ဈိမကို ပြောသည်။

“ပေးတာက နှစ်ရက်၊ သုံးရက် လောက်ရှိပြီ။ ပြီးတောင် ပြီးတော့မယ်။ အတတ်နိုင်ဆုံးတော့ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ထုတ်ပြန်ချက်တွေနဲ့အညီ လုပ်တာပါ” ဟု ၎င်းက ပြောသည်။

နိုင်ငံတော်အစိုးရက ကိုဗစ်ကာလ ပုံမှန်ဝင်ငွေမရှိသည့် အခြေခံ လူတန်းစား အိမ်ထောင်စုများကို စားနပ်ရိက္ခာ၊ ထောက်ပံ့ငွေများ ပေးဝေခဲ့ပြီး ပြီးခဲ့သည့် နိုဝင်ဘာလအတွင်းက စတုတ္ထအကြိမ် ထောက်ပံ့ငွေပေးဝေခဲ့ရာ အကြောင်းအမျိုးမျိုးကြောင့် ထောက်ပံ့ငွေမရဘဲ ကျန်ခဲ့သူများ၊ ထောက်ပံ့ငွေပေးဝေမှုအပေါ် မကျေနပ်မှု အများအပြား ရှိခဲ့ပြီး ဝေဖန်ပြောဆိုမှုများ ယခင်ကထက် ပိုမိုကျယ်လောင်ခဲ့သည်။

ထို့ကြောင့် စတုတ္ထအကြိမ် ထောက်ပံ့ငွေ ပေးဝေရာတွင် စာရင်းတွင် မပါဝင်သူများ၊ ကိုဗစ်ဖြစ်ပွားသည့် ကာလကြာရှည်လာသဖြင့် အလုပ်အကိုင် ခက်ခဲမှု၊ စားရေးသောက်ရေး ခက်ခဲမှုကြောင့် တင်ပြတိုင်ကြားလာမှုများကို စိစစ်ပြီးနောက် ယခုကဲ့သို့ ထပ်မံပေးဝေခြင်း ဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ဝင်းက “သူတို့ဘက်က တင်ပြတိုင်ကြားလာတဲ့ အပေါ်မှာ မှန်ကန်မှု ရှိ၊ မရှိ ထောက်ပံ့ငွေ ရသင့်၊ မရသင့် စိစစ်လိုက်တာပေါ့။ ထပ်တိုး အိမ်ထောင်စုမှာ ကိုဗစ်ကာလမှာ ဝင်ငွေ မရရှိသူတွေရော၊ ထောက်ပံ့ မရရှိသူတွေရော ရသင့်ရထိုက်တဲ့သူတွေ ပါပါတယ်။  နိုင်ငံတော်ကနေပြီးတော့ အချို့ မြို့နယ်တွေဆိုရင် ချပေးနေပြီပေါ့။ ကျွန်တော်တို့ မြို့နယ်လည်း မကြာခင် ရောက်လာလိမ့်မယ်လို့ ထင်ပါတယ်” ဟု ပြောသည်။

ထပ်တိုး အိမ်ထောင်စုများကို ယခု ထပ်မံထောက်ပံ့ရာတွင် မိသားဝင် ဦးရေများပြီး အိမ်ထောင်စုများ စုနေသော်လည်း အိမ်ထောင်စုစာရင်း မခွဲရသေးသည့်အတွက် အိမ်ထောင်စု တစ်စုစာအတွက်သာ ထောက်ပံ့ကြေးရရှိသည့်အတွက် အဆင်မပြေကြောင်း မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်မှ မနွေးနွေးအောင်က မဇ္ဈိမကို ပြောသည်။

အစိုးရက ယမန်နှစ် ဧပြီလမှစတင်ပြီး ကိုဗစ်-၁၉ ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသည့် အခြေခံ လူတန်းစား အိမ်ထောင်စုများကို ထောက်ပံ့ခဲ့ရာ လေးကြိမ် ထောက်ပံ့ခဲ့ပြီးဖြစ်ပြီး နိုင်ငံတော်ဘဏ္ဍာငွေမှ စုစုပေါင်း ထောက်ပံ့မှု ကျပ် ၅၆၈ ဒသမ ၆၄ ဘီလီယံအထိ ရှိခဲ့ကြောင်း ပြည်ထောင်စုအစိုးရအဖွဲ့ရုံးက ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly